【 ပြည်တွင်း 】 မန္တလေးဆောင်း ဒီဇင်ဘာမှာတောင် အပူချိန်အမြင့်ဒီဂရီမှာရှိနေဆဲ

【 ပြည်တွင်း 】 မန္တလေးဆောင်း ဒီဇင်ဘာမှာတောင် အပူချိန်အမြင့်ဒီဂရီမှာရှိနေဆဲ

မန္တလေးမြို့ရဲ့ဒီဇင်ဘာလက မနက်ပိုင်းမှာ နှင်းတွေကျနေပေမယ့်လည်း နေ့အပူချိန်လျော့ကျသွားခြင်းမရှိသေးဘဲ အပူချိန်အမြင့်ဒီဂရီမှာပဲ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

"အရင်နှစ်က ဒီအချိန်(နို၀င်ဘာလအကုန်နဲ့ ဒီဇင်ဘာလပထမပတ်) ဆို အေးနေပြီ၊ ဒီနှစ်ပူတယ်၊ နွေလိုကိုပူနေတုန်းပဲ၊ မြို့အစွန်ရပ်ကွက်တွေမှာ မနက်ပိုင်းနှင်းတွေဝေနေသလောက် နေ့ဘက်ဆို အပူချိန်ကရှိနေသေးတယ်၊ မန္တလေးဆောင်းက ဒီဇင်ဘာလကြီးမှာတောင်မှ မအေးသေးဘူး" လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

အရင်ကဆိုရင် မန္တလေးမြို့မှာ နို၀င်ဘာလနှောင်းပိုင်းကစလို့ အပူချိန်လျော့ကျပြီး အအေးပိုလာတတ်ပေမယ့်လည်း အခုနှစ်မှာတော့ အပူချိန်လျော့ကျသွားခြင်းမရှိသေးဘဲ အနည်းငယ်တောင်မြင့်တက်နေတာ တွေ့ရပါတယ်။

"ဒီဘက်မှာလည်း မအေးသေးဘူး၊ ပူတယ်၊ ပုံမှန်အတိုင်းပဲပူနေတုန်းပဲ" လို့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးနယ်စပ်အနီး ၀က်ဝံကျေးရွာမှာနေထိုင်တဲ့ ကိုစိုင်းထွန်းဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၃ ရက်နေ့မနက် ၇ နာရီအချိန်တိုင်းထွာချက်အရ၊  အမြင့်ဆုံးအပူချိန် ၇၉ ဒီဂရီဖာရင်ဟိုက်ရှိခဲ့ပြီး၊ ယမန်နေ့ည ၇ နာရီအချိန်တိုင်းထွာချက်မှာတော့ ၉၃ ဒီဂရီဖာရင်ဟိုက်(၃၄ ဒီဂရီ စင်တီဂရိတ်) ရှိနေတာကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသတင်းအရ သိရပါတယ်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ၊ ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၈ ရက်နေ့အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ၊ အမြင့်ဆုံးအပူချိန်ခန့်မှန်းချက် ၉၀ ဒီဂရီဖာရင်ဟိုက်မှ ၉၉ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနေဦးမှာဖြစ်ပါတယ်။

ကျော်ကျော်