【 ပြည်တွင်း 】 ပြည်တွင်း၊ ပြည်ပစျေးကွက်တွင် ပြောင်းစျေးနှုန်း ဆက်လက်ကျဆင်း

【 ပြည်တွင်း 】 ပြည်တွင်း၊ ပြည်ပစျေးကွက်တွင် ပြောင်းစျေးနှုန်း ဆက်လက်ကျဆင်း

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၁

မြန်မာ့ပြောင်းစျေးကွက်အနေနဲ့ လက်ရှိမှာ ပြည်တွင်း၊ ပြည်ပစျေးကွက်အတွင်း စျေးနှုန်းဆက်လက်ကျဆင်းလျက်ရှိနေတယ်လို့ ပြောင်းလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအဝန်းကနေ သိရပါတယ်။

မြန်မာ့ပြောင်းကို တင်ပို့တဲ့ နိုင်ငံတွေထဲ ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့် (သုညရာခိုင်နှုန်း) နဲ့ မြန်မာ့ပြောင်းဆံ တင်ပို့နေပေမယ့် လက်ရှိမှာ စျေးကျဆင်းနေတယ်လို့ တာချီလိတ်ဒေသခံ ပြောင်းကုန်သည်တချို့က ပြောပါတယ်။

“အဓိက ထိုင်းကို တင်ပို့တာက ၆၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။အခု စျေးကျနေပါတယ်။ပြောင်းစျေးက အခုရက်ပိုင်း တစ်ပိဿာကို ၂၄ ကျပ် တစ်အိတ်ကို ၇၅၀ ဝန်းကျင် လောက်ပဲရှိတယ်။ကမ္ဘာ့ပေါက်စျေးလည်း ကျနေတော့ စျေးကွက်က အပြောင်းအလဲ စောင့်ကြည့်ရမှာပေါ့” လို့ ဒေသခံကုန်သည်တစ်ဦးက ပြောပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စာရင်းတွေအရကြည့်ရင်လည်း ဇန်နဝါရီလက ပြောင်းဆံ တစ်ပိဿာ ၁၂၀၀ ကျပ်ဝန်းကျင် စျေးရှိခဲ့ပြီး ဖေဖော်ဝါရီလ တတိယပတ်ကစတင်ပြီး တစ်ပိဿာ ၁၀၈၀ ကျပ်အထိ တဖြည်းဖြည်း ကျဆင်းသွားတာကို တွေ့ရပါတယ်။

လက်ရှိ ပြောင်းစျေး ကျဆင်းနေတာကြောင့် တောင်သူတွေအတွက် အခက်တွေ့နေပြီး အရင်းငွေဆုံးရှုံးမှုတွေရှိနေတယ်လို့ ရှမ်းပြည်တောင်ပိုင်းက ပြောင်းကုန်သည်တစ်ဦးက ပြောပါတယ်။

“ပြောင်းမရောင်းရသေးဘူး စျေးက ဘယ်လိုလဲမသိဘူး တစ်ပိသာကို ၈၈၀ ပဲရှိတော့ တယ်ဆိုတော့ လုပ်ငန်းကရှုံးဖို့များသွားပြီ နောက်ပိုင်း ပြန်စိုက်ဖို့ စဉ်းစားရတော့မယ်” လို့ ရှမ်းပြည်တောင်ပိုင်း ဒေသခံကုန်သည်က ပြောပါတယ်။

ပြောင်းကို ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းတို့မှာ အများဆုံးစိုက်ပျိုးပြီး ဧရာဝတီတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးကြတာလည်းဖြစ်ပါတယ်။

မာမာ