【 ပြည်တွင်း 】 ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တစ်လအတွင်း ကန်ဒေါ်လာ ၇ သန်းနီးပါး ကုန်သွယ်မှုပြုလုပ်ခဲ့

【 ပြည်တွင်း 】 ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တစ်လအတွင်း ကန်ဒေါ်လာ ၇ သန်းနီးပါး ကုန်သွယ်မှုပြုလုပ်ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ - ၄

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကုန်သွယ်မှုတန်ဖိုးဟာ ကန်ဒေါ်လာ ၇ သန်းနီးပါးရှိခဲ့တယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၁ရက်မှ ၂၈ ရက်နေ့အထိ ကုန်သွယ်မှုမှာ ပို့ကုန်အနေဖြင့် ကန်ဒေါ်လာ  (၅.၁၆၇) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁.၈၂၄) သန်းဖြင့် စုစုပေါင်း ကန်ဒေါ်လာ (၆.၉၉၁) သန်းတန်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာလအတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊  နှမ်းနက်၊ ရော်ဘာ၊ ဧည့်မထဆန်နှင့် ရွှေဖရုံသီးတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာလအတွင်း အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်း တစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅.၉၈) ဒေါ်လာတို့ဖြင့် တန်ချိန် (၁၃၆၉၂) တန်၊ တန်ဖိုး (၄.၇၄၀) ဒေါ်လာ သန်းနှင့်  နှမ်းနက် တင်ပို့မှုအနေဖြင့် စျေးနှုန်း တစ်တန်လျှင် (၁၅၅၀) ဒေါ်လာဖြင့် တန်ချိန် (၅၀) တန်၊ တန်ဖိုး (၀.၀၇၈) ဒေါ်လာ သန်း၊ ရော်ဘာစိမ်း တင်ပို့မှုအနေဖြင့် တန်ချိန် (၂၀၈) တန်၊ တန်ဖိုး (၀.၂၈၁) ဒေါ်လာ သန်း၊ ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၁၅) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာ သန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၂၀၀) တန်၊ တန်ဖိုး (၀.၂၇၈) ဒေါ်လာ သန်းနှင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၇၀) တန်၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထို့အတူ အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၂၃၃.၀၀) တန်၊ တန်ဖိုး (၀.၄၈၄) ဒေါ်လာ သန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၉၅၅) တန်၊ တန်ဖိုး (၀.၈၄၁) ဒေါ်လာ သန်း၊ လူသုံးပစ္စည်းတန်ချိန် (၄၅၃) တန်၊ တန်ဖိုး (၀.၄၉၉) ဒေါ်လာ သန်းတို့ တင်သွင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

အောင်အောင်