【 ပြည်တွင်း 】ဩဂုတ် ၁၅ ရက်တာကာလအတွင်း ဘုရင့်နောင်ပွဲရုံသို့ ကြက်သွန်ကား စီးရေ ၂၅၀ ဝင်ရောက်သော်လည်း ကြက်သွန်လက္ကားစျေး ၂၅၀၀ ကျော်ဖြစ်လာ

【 ပြည်တွင်း 】ဩဂုတ် ၁၅ ရက်တာကာလအတွင်း ဘုရင့်နောင်ပွဲရုံသို့ ကြက်သွန်ကား စီးရေ ၂၅၀ ဝင်ရောက်သော်လည်း ကြက်သွန်လက္ကားစျေး ၂၅၀၀ ကျော်ဖြစ်လာ

ရန်ကုန်မြို့က ဘုရင့်နောင်ပွဲရုံကို ယခုဩဂုတ်လအတွင်း ကြက်သွန်များတင်ဆောင်လာတဲ့ ကားအစီးရေပေါင်း ၂၅၀ လောက် ဝင်ရောက်လာသော်လည်း ကြက်သွန်လက္ကားစျေးနှုန်းများမှာ ပွဲရုံတွေမှာပင် တစ်ပိဿာကို ၂၅၀၀ ကျော် ဝန်းကျင်လောက်အထိ ပေါက်စျေးဖြစ်လာတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။

“ပေါက်စျေးအဖွင့်ကတော့ အမျိုးမျိုးရှိပါတယ်၊ ဒီနေ့မှာ စျေးနှုန်းနှစ်တန်းပဲစျေးဖွင့်ပါတယ်၊ အများဆုံးဝင်နေတာက ဆိပ်ဖြူ၊ မုံရွာ၊ မြင်းခြံကြက်သွန်တွေဖြစ်ပါတယ်၊ မြင်းခြံက လဆန်းပထမပတ်လောက်အထိပဲဝင်တယ်၊ အခုတော့ မဝင်တော့ဘူး၊ မုံရွာ၊ ဆိပ်ဖြူဘက်ကပဲများလာတယ်”လို့ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၁ရက်မှ ၁၅ ရက်အတွင်း ကြက်သွန်ကားအစီးရေ ၂၅၀ လောက်ဝင်ရောက်ခဲ့သလို ဩဂုတ် ၁၅ ရက် တစ်ရက်တည်းမှာတင် ကြက်သွန်ကား ၁၀ စီးဝင်ရောက်ခဲ့ပြီး ဆိပ်ဖြူဘက်မှ ကြက်သွန်တွေက အနိမ့်ဆုံး ၁၇၅၀ ကျပ်မှ အမြင့်ဆုံး ၂၃၅၀ ကျပ်ကြား၊ မုံရွာဘက်မှ ကြက်သွန်တွေက အနိမ့်ဆုံး ၁၉၅၀ ကျပ်မှ အမြင့်ဆုံး ၂၅၅၀ ကျပ်ကြား စျေးနှုန်းမျိုးနဲ့ စျေးအသီးသီးသတ်မှတ်စျေးဖွင့်ကာ ကုန်စည်ဒိုင်မှာရောင်းဝယ်နေကြတာဖြစ်ပါတယ်။

“စျေးနှုန်းက မြင့်တာပေါ့၊ နှစ်စဉ် ၈ လပိုင်း၊ ၉ လပိုင်း ဒီကာလတွေက စျေးမြင့်တတ်တယ်လေ၊ ပွဲရုံထဲကို အဝင်အနေအထားက ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် သိပ်တော့ မကွာဘူး၊ ပုံမှန်ဝင်နေတဲ့အနေအထားလို့တော့ ပြောလို့ရတယ်”လို့လည်း ကြက်သွန်ကုန်သည်တစ်ဦးက ပြောပြပါတယ်။

ဩဂုတ် ၁၅ ရက်မှာ ကုန်စည်ဒိုင်အတွင်း ရောင်းဝယ်နေတဲ့စျေးနှုန်းဟာ အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က ရောင်းဝယ်တဲ့ စျေးနှုန်းနဲ့နှိုင်းယှဉ်ပါက တစ်ပိဿာကို ပျမ်းမျှ ၇၀၀ ကျော်မြင့်တက်နေတာဖြစ်ပြီး ဇူလိုင် ၁ ရက်မှ ၁၅ ရက်အတွင်း ကြက်သွန်ကား အစီးရေ ၂၅၆ စီးဝင်ရောက်ခဲ့တာဖြစ်တဲ့အတွက် ကြက်သွန်အဝင်အနေအထားမှာ ယခင်လနဲ့သိပ်ကွာခြားမှု မရှိသော်လည်း စျေးနှုန်းပိုင်းအရ မြင့်တက်လာတာဖြစ်ပါတယ်။

ယခုလို ပွဲရုံလက္ကားစျေးကွက်မှာ ကြက်သွန်စျေးနှုန်းတွေဟာ တစ်ပိဿာကို မြင့်ဆုံး ၂၅၀၀ ကျော် ဖြစ်နေသလို လက်လီစျေးတွေထဲမှာတော့ ယခုရက်ပိုင်းထဲ အရွယ်အစားပေါ်မူတည်ပြီး တစ်ပိဿာကို ၂၉၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၆