【 ပြည်တွင်း 】အားအနည်းငယ်ရှိသော လာနီညာရဲ့ရာသီဥတုကြုံတွေ့နေ

【 ပြည်တွင်း 】အားအနည်းငယ်ရှိသော လာနီညာရဲ့ရာသီဥတုကြုံတွေ့နေ

လက်ရှိကာလတွင် ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်နေတဲ့ လာနီညာဟာ အားအနည်းငယ်သာရှိတဲ့အခြေအနေမျိုးဖြစ်ပြီး ၎င်းရဲ့ သက်ရောက်မှုကြောင့် ရန်ကုန်အပါအဝင် ဒေသအချို့မှာ ပုံမှန်ထက်မိုးပိုတဲ့အခြေအနေကို ကြုံရတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ခန့်မှန်းထုတ်ပြန်ချက်တွေကို ကိုးကား၍ ပြည်တွင်းမိုးလေဝသပညာရှင် တစ်ဦးက ပြောပါတယ်။

“လက်ရှိမှာက လာနီညာက ရှိနေသေးတယ်၊ အင်အားတော့နည်းသွားတဲ့အနေအထားမျိုးဖြစ်ပေမယ့် သူ့ရဲ့သက်ရောက်မှု အတိုင်းအတာကတော့ရှိနေဆဲပါပဲ”လို့ ယင်းပညာရှင်ဖြစ်သူက ပြောဆိုပါတယ်။

အဆိုပါ လာနီညာဟာ အပူပိုင်းပစိဖိတ်သမုဒ္ဒရာအတွင်းက ပင်လယ်ရေမျက်နှာပြင်အပူချိန်ပေါ်မူတည်ပြီး ခန့်မှန်းကြတဲ့ ဖြစ်စဉ် တစ်ခုလည်းဖြစ်သလို ၎င်းရဲ့သက်ရောက်မှုကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားမှာ ကြုံတွေ့လေ့ ရှိကြောင်း၊ လာနီညာအားပြင်းရင် ပြင်းသလို သက်ရောက်မှုများပြီး လာနီညာဖြစ်တဲ့နှစ်တွေမှာ မုန်တိုင်းဖြစ်ပွားမှု ပိုမိုတတ်ခြင်း၊ ဖြစ်ပေါ်တဲ့မုန်တိုင်းတွေဟာ အင်အားပြင်းတတ်ခြင်း၊ မိုးရွာသွန်းမှုပိုမိုခြင်း၊ လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ထွန်းခြင်း အစရှိတဲ့ မိုးလေဝသဖြစ်စဉ်တွေကို ကြုံရတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အပူပိုင်းမုန်တိုင်း “မူလန်”ရဲ့ အရှိန်ကြောင့် ဩဂုတ်လ ၁၁ ရက်မှ ၁၄ ရက် ကာလအတွင်းမှာ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးများနဲ့ ရခိုင်၊ ကယား၊ ကရင်၊ မွန် စတဲ့ ပြည်နယ် တွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာကာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ကြုံလာနိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၂