【 ပြည်တွင်း 】ဝါတွင်းကာလဖြစ်သော်လည်း ရန်ကုန်မှ မြို့နယ်အချို့တွင် အငှားစျေးကွက်လှုပ်ရှားနေ

【 ပြည်တွင်း 】ဝါတွင်းကာလဖြစ်သော်လည်း ရန်ကုန်မှ မြို့နယ်အချို့တွင် အငှားစျေးကွက်လှုပ်ရှားနေ

ယခုအခါ ဝါတွင်းကာလဖြစ်ပေမယ့် ရန်ကုန်မြို့က မြို့နယ်အချို့မှာ နေအိမ်၊ တိုက်ခန်းများငှားရမ်းနေကြရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

ဝါတွင်းမှာ နေအိမ်တွေကို ပြောင်းရွှေ့တာမျိုး မလုပ်ကောင်းဘူးဆိုတဲ့ ယုံကြည်မှုတွေကြောင့် အဆိုပါ အိမ်ခြံမြေစျေးကွက်ထဲမှာ သာမန်အားဖြင့် ဝါတွင်းကာလထဲ အငှားစျေးကွက်မှာ အေးသွားလေ့ရှိပေမယ့် ယခုရက်ပိုင်းမှာတော့ မြို့နယ်အချို့မှာ ပြန်လည်ငှားရမ်းလာရတာဖြစ်တယ်လို့ သိရပါတယ်။

“လာငှားတဲ့သူတွေက စျေးသက်သာတဲ့ အိမ်ခန်း၊ တိုက်ခန်းတွေပဲ ငှားကြတယ်၊ အများဆုံး တစ်လလောက်ပဲ ငှားကြတာ၊ ငှားတဲ့သူအများစုက ရန်ကုန်မှာ ဆေးလာကုတဲ့သူတို့ ဆေးခန်းရက်ချိန်းပြန်ပြတဲ့သူတွေများတယ်၊ အဲ့ဒီလိုလူတွေက ဒီကာလမှာ ငှားတာများလာတာ”လို့လည်း ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်အခြေစိုက်ဖွင့်လှစ်ထားတဲ့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။

ထိုငှားရမ်းသူတွေဟာ စျေးသက်သာတဲ့ နေအိမ်တွေ၊ တိုက်ခန်းတွေကို ရွေးချယ်ငှားရမ်းလေ့ရှိပြီး စရိတ်ချုံ့တဲ့အနေနဲ့ ယခုလို လုပ်ဆောင်ကြတာလို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့လက အော်ပရေးရှင်းလုပ်သွားပြီးတော့ ဒီလထဲ ဆရာဝန်က ပြန်ပြဖို့ ရက်ချိန်းပေးတယ်၊ ရောဂါအခြေအနေကို ဆရာဝန်က ဘာပြောမယ်မှန်း မသိသေးတော့ ရန်ကုန်မှာ သက်သာတဲ့ အခန်းတွေ ရှာပြီး ငှားနေတာပါ၊ ပုဂ္ဂလိက ဆေးရုံမှာက ရက်ရှည်တက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ၊ နောက်ပြီး ရွာကနေ လိုက်လာတဲ့ သူတွေလည်း နေရထိုင်ရတာအခက်အခဲရှိတော့ တစ်လတန်သည်တစ်လ၊ နှစ်လတန်သည်နှစ်လ လောက်တော့ ငှားနေဖို့ ဆုံးဖြတ်ရင်း ငှားဖြစ်သွားတာ၊ အခုတိုက်ခန်းက တစ်သိန်းခွဲပေးရတယ်၊ တစ်လချင်းပေးလို့ရတယ်ဆိုတော့ အဆင်ပြေတယ်လေ”လို့လည်း နယ်မြို့တစ်ခုမှ ရန်ကုန်သို့လာရောက် ဆေးကုသူတစ်ဦးက ပြောပါတယ်။

ထိုသက်သာတဲ့ ငှားရမ်းခတွေနဲ့ နေအိမ်၊ တိုက်ခန်းတွေကို ပွဲစားတွေကနေတစ်ဆင့် ရှာဖွေကြရပြီး လက်ရှိမှာ ပွဲစားတွေဟာ ပုဂ္ဂလိကဆေးရုံတွေက ဝန်ထမ်းတွေ၊ Register ဌာနမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ကာ ဝါတွင်းကာလ ဖြစ်ပေမယ့် ငှားရမ်းတာမျိုးတွေကို လုပ်ဆောင်လာရတယ်လို့ သိရပါတယ်။

“အစ်မတို့က ကူညီပေးတာပေါ့၊ အကျိုးဆောင်ခကတော့ တစ်လနေရင် တစ်သောင်းယူတယ်လေ၊ နှစ်လဆို နှစ်သောင်းပေါ့၊ ဒါကလည်း အစ်မတို့ပဲ အကုန်ရတာမဟုတ်ဘူး၊ အစ်မတို့ကို ချိတ်ပေးတဲ့ သူတွေကို နည်းနည်းပါးပါးတော့ ပေးရတာပေါ့”လို့လည်း အိမ်ခြံမြေပွဲစားတစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်တွေမှာ အငှားစျေးကွက်ကျဆင်းနေတာကြောင့် မူလငှားရမ်းခထက် လျှော့ချကာ အရင် နှစ်သိန်းခွဲလောက် ငှားရမ်းခတောင်းလေ့ရှိတဲ့ တိုက်ခန်းတွေကို တစ်သိန်းခွဲမှ တစ်သိန်းရှစ်သောင်းလောက်ဖြင့် ငှားရမ်းပေး တာမျိုးတွေရှိသလို လာမယ့် ပွင့်လင်းရာသီကာလမှာ အငှားစျေးကွက်သွက်လာဖို့ မျှော်လင့်ထားကြတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၂