【 ပြည်တွင်း 】လက်လီစျေးကွက်များအတွင်း ကြက်ဥ၊ ဘဲဥစျေးနှုန်းများမြင့်မားလာကာ အခြေခံလူတန်းစားများအတွက် ပိုမိုကျပ်တည်းလာ

【 ပြည်တွင်း 】လက်လီစျေးကွက်များအတွင်း ကြက်ဥ၊ ဘဲဥစျေးနှုန်းများမြင့်မားလာကာ အခြေခံလူတန်းစားများအတွက် ပိုမိုကျပ်တည်းလာ

အရင်ကဆိုရင် အခြေခံလူတန်းစားများအတွက် အားထားကာ စားသုံးလေ့ရှိတဲ့ ကြက်ဥ၊ ဘဲဥစျေးနှုန်းတွေဟာ ယခုရက်ပိုင်းအတွင်း လက်လီစျေးကွက်တွေထဲ စျေးပိုမိုမြင့်တက်နေပြီး စားသောက်ရေးအတွက် ပိုမိုကျပ်တည်းလာတဲ့ အခြေအနေမျိုးကြုံလာရတယ်လို့ ရန်ကုန်မြို့၊ ဆင်ခြေဖုံးမြို့နယ်တွေမှ ဒေသခံတွေဆီက သိရပါတယ်။

“အရင်တုန်းက အသား၊ ငါးစျေးကြီးရင် ကြက်ဥ၊ ဘဲဥနဲ့ စားလို့ရပေမယ့် အခုက ကြက်ဥ၊ ဘဲဥစျေးတွေ မြင့်နေတယ်၊ စျေးမြင့်တာက ကြောက်ဖို့တောင်ကောင်းတယ်၊ တော်တော်လေးမြင့်လာတာ”လို့လည်း ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းဘက်တွင် နေထိုင်သူတစ်ဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းက ကြက်ဥတစ်လုံးလျှင် အနိမ့်ဆုံး ၈၀ ကျပ်မှ ၁၀၀ ကျပ်ကြား၊ ဘဲဥတစ်လုံးလျှင် ၈၅ ကျပ်မှ ၁၀၀ ကျပ်ကြားရှိခဲ့ရာကနေ ၂၀၂၁ ခုနှစ်ထဲမှာ တဖြေးဖြေးမြင့်တက်လာခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ် ဩဂုတ်လထဲမှာ ကြက်ဥ တစ်လုံးလျှင် အရွယ်အစားပေါ်မူတည်ပြီး ၁၇၀ ကျပ်မှ ၂၅၀ ကျပ်ကြား၊ ဘဲဥတစ်လုံးလျှင် ၂၂၀ ကျပ်မှ ၃၁၀ ကျပ်ကြား စျေးနှုန်းမျိုးဖြင့် လက်လီစျေးကွက်ထဲမှာ ရောင်းချလာခဲ့ပါတယ်။

“မိသားစုလေးယောက်ရှိတဲ့ အိမ်တောင်မှ ထမင်းတစ်နပ်ကို ကြက်ဥ၊ ဘဲဥတစ်လုံးနှုန်းနဲ့စားရင်ကို အဆင်မပြေတော့ဘူး၊ ချက်ပြုတ်တဲ့ဆီဖိုး၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖိုး၊ မီတာခ၊ ရေဖိုး အကုန်လုံးကတက်နေတာ၊ အရင်ကဆိုရင် တစ်ရက်ကို စျေးဖိုး ၃၀၀၀ ကနေ ၅၀၀၀ လောက်သုံးတဲ့မိသားစုမှာတောင် အနည်းဆုံး ၇၀၀၀-၈၀၀၀ လောက်သုံးမှ ရမယ့်အခြေအနေဖြစ်နေတာ၊ ဒါတောင်မှ အရင်လို ၀၀လင်လင်စားလို့မရတော့ဘူး”လို့လည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။

ထိုကဲ့သို့သော လက်လီစျေးများအတွင်း ကြက်ဥ၊ ဘဲဥစျေးနှုန်းများ မြင့်တက်လာတာကြောင့် လမ်းဘေးထမင်းဆိုင်လေးတွေ မှာပင် ကြက်ဥ၊ ဘဲဥ ချဉ်ဟင်းတစ်ပွဲကို တစ်လုံးသာပါပြီး တစ်ပွဲ ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်ကြား ဖြစ်နေသလို အသား၊ ငါးဟင်း တွေနဲ့ စျေးပြိုင်ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၁