【 ပြည်တွင်း 】ပြည်ပသို့တစ်နှစ်အတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် ၂၂သိန်းကျော်တင်ပို့နိုင်ခဲ့ရာ တရုတ်သို့အများဆုံး တင်ပို့ခြင်းဖြစ်

【 ပြည်တွင်း 】ပြည်ပသို့တစ်နှစ်အတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် ၂၂သိန်းကျော်တင်ပို့နိုင်ခဲ့ရာ တရုတ်သို့အများဆုံး တင်ပို့ခြင်းဖြစ်

ပြည်ပနိုင်ငံများသို့  တစ်နှစ်အတွင်း မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန်  ၂၂သိန်းကျော် တင်ပို့ခဲ့ရာ အိမ်နီးချင်းတရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၂ခုနှစ် မတ်လမှ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နှစ်အတွင်း မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆန်နဲ့ဆန်ကွဲကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချရာ စုစုပေါင်း ဆန်နဲ့ဆန်ကွဲတန်ချိန် ၂၂၃၃၆၆၄ဒသမ ၃၉ တန် တင်ပို့နိုင်ခဲ့တာဖြစ်တယ်လို့  မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဆိုပါ ဆန်နဲ့ဆန်ကွဲတင်ပို့တဲ့ နိုင်ငံတွေအနက် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာ စုစုပေါင်း ဆန်နဲ့ဆန်ကွဲ တန်ချိန် ၈သိန်းခွဲထိ တင်ပို့ခဲ့ရတာဖြစ်ပါတယ်။  

ပြည်ပနိုင်ငံအသီးသီးကို ဆန်နဲ့ဆန်ကွဲတင်ပို့ရာမှာလည်း ဆန်တင်ပို့မှုတန်ချိန် တစ်သိန်းသုံးသောင်းကျော်ရှိပြီး ဆန်ကွဲတင်ပို့မှုတန်ချိန် ရှစ်သောင်းငါးထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆန်နဲ့ဆန်ကွဲကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်ဂျီယံ ၊ ဖိလစ်ပိုင်၊ UK ၊စပိန်၊ နယ်သာလန်၊ ဘူလ်ဂေးရီးယား ၊ ပိုလန်၊ အင်ဒိုနီးရှား၊ အီတလီ ၊ ရိုမေးနီးယား စတဲ့ နိုင်ငံအသီးသီးကိုလည်း တင်ပို့လျက် ရှိတယ်လို့ သိရပါတယ်။                      

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဆန်နဲ့ဆန်ကွဲကို  ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချရာမှာ ရေကြောင်းလမ်းကသာ အဓိကထားတင်ပို့တာဖြစ်ပေမယ့် ၊ တရုတ်နိုင်ငံကိုတော့ ကုန်းလမ်း၊ ရေလမ်းကြောင်းနှစ်မျိုးလုံးနဲ့ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။

၀၀၃

ရန်ကုန်၊ မတ် ၃၀