【 ပြည်တွင်း 】တရုတ်ကိုပို့တဲ့ မြန်မာ့သရက်သီးအရည်အသွေးမပြည့်တာကြောင့် ဈေးကောင်းမရ

【 ပြည်တွင်း 】တရုတ်ကိုပို့တဲ့ မြန်မာ့သရက်သီးအရည်အသွေးမပြည့်တာကြောင့် ဈေးကောင်းမရ

မြန်မာနိုင်ငံမှထွက်ရှိတဲ့ သရက်သီးများကို တရုတ်နိုင်ငံဘက်သို့ တင်ပို့ရာမှာ အရည်အသွေးမည့်တာကြောင့် စျေးကောင်းမရဖြစ်နေတယ်လို့ မူဆယ်နယ်စပ် သစ်သီးဝလံကုန်စည်ဒိုင်တွေထံမှ သိရပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့သရက်သီးများ အရည်အသွေးမပြည့်မီတာတွေရှိနေသလို တရုတ်နိုင်ငံအတွင်း သရက်သီးပေါ်လာချိန်နဲ့ တိုက် ဆိုင်နေတာကြောင့်လည်း ဈေးနှိမ်ခံရတာတွေရှိနေတယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်းက အရည်အသွေးပြည့်မီတဲ့ သရက်သီးတစ်ခြင်းကို တရုတ်ယွမ် ၁၆၀ အထိရခဲ့ပေမယ့် အခု နောက်ပိုင်းမှာတော့ အရည်အသွေးပေါ်မူတည်ကာ အနိမ့်ဆုံးဈေး ၅၀ ယွမ် အထိရှိလာတယ်လို့ ဆိုပါတယ်။

“အရင်ကဆိုရင် တရုတ်ကို အဓိကတင်ပို့ရတဲ့ ရွှေဟင်္သာသရက်ရဲ့ အားသာချက်က စိန်တလုံးသရက်သီးထက် ဝယ်လက်များသလို ဈေးကောင်းလည်းပေးဝယ်ကြတယ်။ အခုနှစ်မှာတော့ ရွှေဟင်္သာသရက်တွေက အဖုအထစ်များတဲ့အတွက် ဝယ်လက်ကမကြိုက်တော့ဘူး။ ပို့ကုန်အရည်အသွေးထက် ရှိသမျှတင်ပို့လိုသော တောင်သူတွေ ကြောင့်လည်း ဈေးကွက်ထဲမှာ မြန်မာ့ရွှေဟင်္သာသရက်များရောင်းပန်းမလှဘူးဖြစ်နေတာ”လို့ မူဆယ်(၁၀၅)မိုင်မှ ကုန်သည်တစ်ဦးက ပြောပါတယ်။ ပြည်တွင်းမှ ထွက်ရှိသည့် သရက်သီး (၇ဝ) ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေတာဖြစ်ပြီး စိန်တစ်လုံး၊ ရွှေဟင်္သာ၊ ရင်ကွဲစတဲ့ အမျိုးအစားများ တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။

အောင်အောင်

ရန်ကုန် ၊ ဇွန် ၄