【 ပြည်တွင်း 】စက်သုံးဆီအခက်အခဲနဲ့ ရန်ပုံငွေအခက်အခဲကြောင့် လူမှုကယ်ဆယ်ရေးအသင်းအချို့ ယာယီရပ်နားလာကြ

【  ပြည်တွင်း 】စက်သုံးဆီအခက်အခဲနဲ့ ရန်ပုံငွေအခက်အခဲကြောင့် လူမှုကယ်ဆယ်ရေးအသင်းအချို့ ယာယီရပ်နားလာကြ

ယခုအခါ ပြည်တွင်းမှာ စက်သုံးဆီစျေးမြင့်မားလာတဲ့အပြင် ဝယ်ယူရခက်ခဲလာတာတွေအပါအဝင် အထွေထွေကုန်ကျစရိတ်တွေ မြင့်မားမှုကြုံတွေ့နေချိန်မှာ ရန်ပုံငွေရရှိမှုအပိုင်းတွင်လည်း အခက်အခဲဖြစ်လာတာကြောင့် ပြည်တွင်းက လူမှုကယ်ဆယ်ရေး အသင်းအချို့ ယာယီရပ်နားလာကြတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့တောင် နယ်လူနာလမ်းကြောင်း သိပ်မလိုက်ဖြစ်တော့ဘူး၊ ကိုယ်ကဝါသနာအရ လုပ်ကြပေမယ့် ဆီစျေးမြင့်တာရော ဘတ်ဂျက်ပိုင်းခက်ခဲတာရောဆိုတော့ ဝန်ထုပ်ဝန်ပိုးလည်းမဖြစ်အောင် နိုင်သလောက်လေးနဲ့ လုပ်နေရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်”လို့ လူမှုကယ်ဆယ်ရေးပရဟိတအသင်း ထူထောင်ထားသူတစ်ဦးက ပြောပြပါတယ်။

ယခုဩဂုတ်လလယ်ဝန်းကျင်လောက်မှာ ယာယီရပ်နားတဲ့ အသင်းတွေများလာသလို အချို့သော အသင်းတွေဟာ စက်သုံးဆီ အတွက် လိုက်လံအလှူခံတာမျိုးတွေနဲ့လုပ်ဆောင်နေရပြီး အချို့မှာအကူညီတောင်းသူတွေထံက တတ်နိုင်သလောက် ပြန်လည်လှူဒါန်းသွားဖို့ အလှူခံရတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထားဝယ်အခြေစိုက် အသင်းကြီးတစ်သင်းဖြစ်တဲ့ ဇမ္ဗူသီရီအသင်းကြီးယာယီရပ်နားလိုက်တဲ့ အကြောင်း ကြေညာထားတာတွေ့တော့ စိတ်မကောင်းဖြစ်မိတယ်၊ ကျွန်တော်တို့လည်း ဝါသနာအရဆိုပေမယ့် တစ်ရက်မှ တစ်ကြောင်းထွက်ကူဖို့ အနိုင်နိုင်လုံးပမ်းနေရပါတယ်၊ ဒီကာလမှာ လူနာကို ဆေးရုံပို့ဖို့ခက်ခဲလို့ လူနာရှင်ဘက်က အကူအညီတောင်းလာတယ် ဆိုပေမယ့် ဆီဖိုးလေးတတ်နိုင်သလောက် ပြန်လှူရင် အဆင်ပြေနိုင်သေးတယ်၊ အများစုက ပြန်လှူနိုင်ဖို့ မတတ်နိုင်ဘူး၊ ဒါက အပြစ်ပြောတာမဟုတ်ဘူးနော်၊ သူတို့လည်း ခက်ခဲလို့ ကိုယ့်ဆီ အကူအညီတောင်းတာ နားလည်ပေမယ့် ကိုယ်တွေလည်းခက်ခဲနေတဲ့အချိန်ဖြစ်နေတော့လေ”လို့လည်း အဆိုပါပုဂ္ဂိုလ်က ရှင်းပြခဲ့ပါတယ်။

ယခင်ကဆိုရင် မီးဘေးဖြစ်ပွားမှုအပါအဝင် ယာဉ်မတော်တဆဖြစ်ပွားမှုများအတွက် သတင်းကြားသည့်အခါ ယင်းအနီးဇုန် အတွင်းမှ လူမှုကယ်ဆယ်ရး ပရဟိတအသင်းတွေအားလုံး လာရောက်ကူညီကြသော်လည်း ယခုနောက်ပိုင်းမှာ ဘတ်ဂျက် တောင့်တင်းတဲ့ အသင်းကြီးတွေနဲ့ နီးစပ်တဲ့ အသင်းအနည်းငယ်လောက်ကသာ လာရောက်ကူပေးတာမျိုးလုပ်ဆောင် ကြတယ်လို့ သိရပါတယ်။

ဆေးရုံဆင်းလူနာကို ရန်ကုန်မှ နယ်ပြန်ပို့တာပဲဖြစ်ဖြစ်၊ Dead Body ကို နယ်ပို့ဆောင်ပေးတာပဲဖြစ်ဖြစ်၊ နယ်မှ ရန်ကုန်သို့ ဆေးရုံတက်မယ့်လူနာကို သွားခေါ်ဆောင်ပေးတာပဲဖြစ်ဖြစ် အကူအညီတောင်းလာမှုများကို ယခုအခါ အကူအညီတောင်းသူဘက်မှ စက်သုံးဆီဖိုးလှူဒါန်းမှုများပြုလုပ်ရန် ပြန်လည်အလှူခံတာမျိုးနဲ့ လည်ပတ်နေရတဲ့ အသင်းတွေရှိလာတယ်လို့လည်း သိရပါတယ်။

“ဒီကာလမှာ အသစ်ထပ်ဖွဲ့တဲ့အသင်းတွေလည်းများတယ်၊ ဘယ်လိုဘတ်ဂျက်နဲ့ဘယ်လိုသွားနေလဲတော့မသိဘူး၊ ကျွန်တော်တို့ အသင်းကတော့ ထိုးမရပ်သွားအောင် မနည်းကိုရပ်တည်နေရတယ်”လို့လည်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၆