
【 ပြည်တွင်း】 လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပျားရည်တန်ချိန် ၁၃၀၀ ကျော် တင်ပို့ထား
ရန်ကုန်၊ နိုဝင်ဘာ - ၂၀
လက်ရှိဘဏ္ဍာနှစ် ၇ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ပျားရည်တန်ချိန် ၁၃၀၀ ကျော် တင်ပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရပါတယ်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလကုန်အထိ ပြည်ပသို့ ပျားရည်တင်ပို့မှုတွင် ဂျပန်၊ ထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ အဓိကတင်ပို့ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုစလုံးကနေ တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ထိုကဲ့သို့ ပျားရည်တန်ချိန် ၁၃၀၀ ကျော် တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇၈ သန်းရရှိခဲ့ကြောင်း သိရပါတယ်။
ပြည်ပစျေးကွက်တွင် မြန်မာ့ပျားရည်တစ်တန် ပေါက်စျေးမှာလည်း ကန်ဒေါ်လာ ၂၅၀၀ မှ ၃၀၀၀ ကြားရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်များကို ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား နိုင်ငံများအပြင် တရုတ်၊ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ စင်ကာပူနှင့် ဥရောပစျေးကွက်များသို့ပါ တင်ပို့လျက်ရှိပြီး ပြည်ပသို့ နှစ်စဉ် ပျားရည်တင်ပို့မှုပမာဏဟာ တန်ချိန် ၃၀၀၀ ခန့်ရှိကြောင်း သိရပါတယ်။
အောင်အောင်