ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

ယနေ့ ဘာတွေထူးသလဲ... ဘာတွေဖြစ်ခဲ့သလဲ ?

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်က လွိုင်ကော်မြို့၊ ဥတ္တရာရုံကျောင်းတိုက်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကိုရင် ၂ ပါး ပွဲချင်းပြီး ပျံလွန်တော်မူကြောင်း ဒေသခံတွေထံမှ သိရပါတယ်။ 
 
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ မုဒုံမြို့မရဲစခန်းတွင် နိုဝင်ဘာ ၁၉ ရက် (ယနေ့) မွန်းတည့် ၁၂ နာရီ ဝန်းကျင်ခန့်က Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခံခဲ့ရပြီး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရပါတယ်။
 
နိုဝင်ဘာ ၁၉ ရက်၊ နေ့လယ် ၁၂ နာရီ၊ ၁၅ မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်မှာ ကမ်းကပ်ထားတဲ့ သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ယောက်သေဆုံးခဲ့ကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ ဒေသခံတွေနဲ့ မြို့ထဲကျန်နေသေးတဲ့ တရုတ်နိုင်ငံသားတွေ ‌လောက်ကိုင်ထဲက အမြန်ဆုံးထွက်ခွာဖို့ ကိုးကန့်တပ် (MNDAA) ကနေ မနေ့ နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်လိုက်ပါတယ်။
 
ရခိုင်ပြည်နယ်၊ မင်းပြားမြို့အတွင်း ပစ်ခတ်မှုတွေရှိနေတာကြောင့် မြို့ပေါ်နေထိုင်သူများမှာ မနေရဲတော့ဘဲ လူပေါင်း ၂ သောင်း ထွက်ပြေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ   စစ်ကောင်စီတပ်နှင့် ပန်းဆေးပြည်သူ့စစ်စခန်းကို နိုဝင်ဘာ ၁၉ ရက် နံနက်တွင် တိုက်ခိုက်ခံလိုက်ရကြောင်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။