
【 နိုင်ငံတကာ 】 အိန္ဒိယလှိုဏ်ခေါင်း ပြိုကျမှု ကယ်ဆယ်ရေးသမားများ နည်းလမ်းပြောင်းလဲအသုံးပြု
နယူးဒေလီ၊ နိုဝင်ဘာ - ၁၉
မြေအောက်တွင် ပိတ်မိနေသည့် ဆောက်လုပ်ရေးလုပ်သား ၄၀ ကို ကယ်ဆယ်ရန် ကြိုးစားနေသည့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများသည် ၇ ရက်ကြာလာပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်၊ အက်တာရာခန်းမှ အဝေးပြေးလမ်း လှိုဏ်ခေါင်းတည်ဆောက်နေစဉ် တစ်စိတ်တစ်ပိုင်း ပြိုကျသောကြောင့် ထိုအလုပ်သမားများ ပိတ်မိနေခြင်းဖြစ်ပါတယ်။
စွမ်းအားမြင့် လွန်တူးစက်တစ်ခုကို ကြာသာပတေးနေ့တွင် ရရှိပြီးနောက် ထိုအလုပ်သမားများကို ကယ်ဆယ်ရန် ဆက်တိုက်လုပ်ဆောင်နေသော်လည်း ထိခိုက်လွယ် တောင်မြေမျက်နှာပြင်ကြောင့် ထပ်မံပြိုကျနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုခက်ခဲလာမည်ဆိုသည့် စိုးရိမ်မှုများ ရှိနေပါတယ်။
“မျှခြေအနေအထားဖြစ်အောင် နားလိုက် တူးလိုက် လုပ်ဖို့ ကျနော်တို့ဆုံးဖြတ်လိုက်တယ်” ဟု နိုင်ငံပိုင် အဝေးပြေးလမ်း စီမံခန့်ခွဲမှုကုမ္ပဏီ National Highways and Infrastructure Development Corporation Limited (NHIDCL) ဒါရိုက်တာ ခယ်လ်ခိုက သောကြာနေ့ ညနေပိုင်းတွင် မီဒီယာများသို့ ပြောခဲ့ပါတယ်။
လူမှုကွန်ရက်တွင် တင်ထားသည့် ဗီဒီယိုများတွင် လွန်တူးသည့် လုပ်ငန်းများ သောကြာနေ့မှ စနေနေ့အထိ ရပ်နားထားသည်ကို ပြသထားပါတယ်။
စွမ်းအားမြင့် လွန်တူးစက်၏ အကူအညီဖြင့်လုပ်ကိုင်နေသော ကယ်ဆယ်ရေးသမားများသည် ၈၂ ပေအထိ တူးထားပြီး ပိတ်မိနေသော အလုပ်သမားများထံရောက်ရန် အကွာအဝေး ၃ ပုံ ၁ ပုံ တူးထားပြီးဖြစ်ကြောင်း ခယ်လ်ခို ပြောပါတယ်။
ပိတ်မိနေသော အလုပ်သမားများထံ အစားအစာ၊ ရေနှင့် အောက်ဆီဂျင်ကို ပိုက်လိုင်းငယ်တစ်ခုမှ ပေးပို့နေပြီး ထိုအလုပ်သမားများနှင့် အာဏာပိုင်များအကြား လမ်းလျှောက်စကားပြောစက်ဖြင့် ဆက်သွယ်နေကြောင်း သိရပါတယ်။အလုပ်သမားအချို့သည် စတင်ဖျားနာနေပြီး ခေါင်းကိုက်ခြင်း၊ အန်ခြင်းကဲ့သို့ ရောဂါလက္ခဏာများ ခံစားနေရကြောင်း ထိုနေရာမှ ဆရာဝန်တစ်ဦးက CNN သို့ ယခုအပတ်အစောပိုင်းတွင် ပြောခဲ့ပါတယ်။
စိုးချစ်
သတင်းရင်းမြစ် - CNN