【 နိုင်ငံတကာ 】 ယူကရိန်းစစ်ပွဲ ၂ နှစ်ပြည့်ရန် နီးကပ်လာချိန်တွင် နာဗယ်လ်နီ၏ ဇနီးနှင့် EU နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

【 နိုင်ငံတကာ 】 ယူကရိန်းစစ်ပွဲ ၂ နှစ်ပြည့်ရန် နီးကပ်လာချိန်တွင် နာဗယ်လ်နီ၏ ဇနီးနှင့် EU နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ - ၂၀

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ရန်သူ လွန်ခဲ့သောအပတ်က အာတိတ်ထောင်တစ်ခုတွင် သေဆုံးသူ အလက်စီ နာဗယ်လ်နီ၏ ကျန်ရစ်သူ ဇနီးသည် ယူကရိန်း စစ်ပွဲ ၂ နှစ်ပြည့်ရန် နီးကပ်လာချိန် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဥရောပသမဂ္ဂနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘရပ်ဆဲလ်တွင် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ပူတင်နှင့် သူ၏မဟာမိတ်များသည် ရုရှားနိုင်ငံ၊ ၎င်းတို့မိသားစုနှင့် သူ၏ခင်ပွန်းသည်အပေါ် လုပ်ခဲ့သည့် ကိစ္စများအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ယူလီယာ နာဗယ်နာယာက အနောက်တိုင်းခေါင်းဆောင်များ၊ သံတမန်များနှင့် အခြားအရာရှိများကို မြူးနစ်တွင် ပြောခဲ့ပါတယ်။

အဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ဥက္ကဋ္ဌ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က နာဗယ်နာယာ လာရောက်ခြင်းကို တနင်္လာနေ့တွင်ကြေညာပြီး ထိုအစည်းအဝေးတွင် ရုရှားမှ လွတ်မြောက်ရေး တိုက်ပွဲဝင်သူများကို ထောက်ခံကြောင်း မီးမောင်းထိုးပြပြီး အလက်စီ နာဗယ်လ်နီ အထိမ်းအမှတ် ဂုဏ်ပြုကြောင်း ပြောခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ် ရှေ့နေဟောင်း နာဗယ်လ်နီသည် ပူတင်၏ ရုရှားနိုင်ငံမှ အကျင့်ပျက် ခြစားမှုများကို ဆန့်ကျင်လှုပ်ရှားရင်း ကျော်ကြားလာသူဖြစ်ပါတယ်။သူသည် အများပြည်သူ ဆန္ဒပြပွဲများနှင့် တရားရုံးခန်းများတွင် သူ၏ မီးတောက်သော စကားများ၊ လူမှုကွန်ရက်တွင် ကျယ်လောင်သော ပြောဆိုမှုများနှင့် နိုင်ငံတော်မသမာမှုများကို သူ၏အဖွဲ့က ရိုက်ကူးထားသည့် အသေးစိတ် ဗီဒီယိုများကြောင့်လည်း ထင်ရှားသူဖြစ်ပါတယ်။

သူ့ကို ၂၀၂၀ ခုနှစ် ဆိုက်ဗေးရီးယားတွင် အာရုံကြောအဆိပ်ခတ်ခြင်းအပါအဝင် ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာခံရပြီးနောက် ထောင်ဆယ်စုနှစ်ပေါင်း ၃ ခုစာ ထောင်ချခံထားရစဉ် ပိုလာဝံပုလွေ နယ်ဝေးထောင်တွင် လမ်းလျှောက်ရင်း သူလဲကျသေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များ ပြောခဲ့ပါတယ်။

ဝန်ကြီးများသည် ယူကရိန်းအတွက် စစ်ရေးအကူအညီနှင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ယူကရိန်းကို ရုရှားက အပြည့်အဝကျူးကျော်ခြင်းအတွက် ၁၃ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမည့် အစီအစဉ်များကို ဆွေးနွေးကြမည်ဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters