【 နိုင်ငံတကာ 】 ဂျူးဆန့်ကျင်ရေး မှတ်ချက်များကြောင့် ကြော်ငြာမရသည့်ကိစ္စအတွက် တရားစွဲမည်ဟု အီလွန်မက်စ် ပြော

【 နိုင်ငံတကာ 】 ဂျူးဆန့်ကျင်ရေး မှတ်ချက်များကြောင့် ကြော်ငြာမရသည့်ကိစ္စအတွက် တရားစွဲမည်ဟု အီလွန်မက်စ် ပြော

နယူးယောက်၊ နိုဝင်ဘာ - ၁၉ 
 
လူမှုကွန်ရက် X မှ ကြော်ငြာများနှင့်အတူ ဂျူးဆန့်ကျင်ရေး မှတ်ချက်များ ရေးသားနေကြောင်း အမေရိကန် မီဒီယာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ပြောသောကြောင့် Disney နှင့် Apple အပါအဝင် အဓိကကျသည် ကုန်အမှတ်တံဆိပ်များက ကြော်ငြာများ ရပ်စဲလိုက်သောကြောင့် ထိုအဖွဲ့ကို တရားစွဲမည်ဖြစ်ကြောင်း အီလွန်မက်စ်က ပြောလိုက်ပါတယ်။  
 
IBM, Apple, Oracle နှင့် Xfinity တို့၏ လုပ်ငန်းကြော်ငြာများကို ယခင် တွစ်တာဟုခေါ်သည့် X လူမှုကွန်ရက်တွင် ဂျူးဆန့်ကျင်ရေး မှတ်ချက်များနှင့်အတူ တွေ့ရကြောင်း မီဒီယာ စောင့်ကြည့်လေ့လာရေးအဖွဲ့ Media Matters for America က ယခုအပတ်အစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။
 
X လူမှုကွန်ရက်မှ ၎င်းတို့၏ကြော်ငြာများကို အဒေါ့ ဟစ်တလာနှင့် နာဇီပါတီကို ထောက်ခံသည့် အကြောင်းအရာများနှင့် ယှဉ်တွဲဖော်ပြထားသည်ဟု အထက်ပါမီဒီယာလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားပြီးနောက် ကြော်ငြာအားလုံးကို ဆိုင်းငံ့ထားကြောင်း IBM က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပါတယ်။ 
 
လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ဂျူးလူမှုအသိုက်အဝန်းများသည် လူဖြူမုန်းတီးရေးကို တွန်းအားပေးသည့် မဟာအစားထိုးရေး ပူးပေါင်းကြံစည်မှု လုပ်နေကြောင်း X တွင် ရေးသားခဲ့ပြီး အထက်ပါမီဒီယာစောင့်ကြည့်အဖွဲ့က မထုတ်ပြန်မီ တစ်ရက်ကပင် ထိုသို့ ကြော်ငြာများ အလုံးအရင်းဖြင့် ထွက်ခွာသွားခြင်း စတင်ခဲ့တာဖြစ်ပါတယ်။ 
 
မက်စ်က X မှ ထိုလူမှုကွန်ရက်ပို့တွင် “ခင်များဟာ တကယ့်အမှန်တရားကို ပြောနေတာပဲ” ဟု ဝင်ရောက်မှတ်ချက်ရေးခဲ့တာဖြစ်ပါတယ်။ 
 
Disney, Warner Bros Discovery and Comcast, Lions Gate Entertainment နှင့် Paramount Global တို့ကလည်း X တွင် ကြော်ငြာထည့်သွင်းခြင်း ဆိုင်းငံ့ထားသည်။ Apple ကလည်း အလားတူလုပ်မည်ဟု Axios က ဖော်ပြခဲ့ပါတယ်။ 
 
ကြော်ငြာရှင်များ အလုံးအရင်းနှင့် ထွက်ခွာသွားခြင်းကို တုံ့ပြန်သည့်အနေဖြင့် မက်စ်က စနေနေ့တွင် “အကြီးမားဆုံး ကြော်ငြာရှင်တွေဟာ ခင်များတို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို အကြီးမားဆုံး ဖိနှိပ်သူတွေဖြစ်တယ်” ဟု စနေနေ့တွင် ပြောခဲ့ပါတယ်။ 
 
၎င်းတို့ကုမ္ပဏီကို လိမ်လည်တိုက်ခိုက်သည့် Media Matters နှင့် အခြားပူးပေါင်းကြံစည်သူများကို တရားစွဲမည်ဖြစ်ကြောင်း မက်စ်က ပြောခဲ့ပါတယ်။ 
 
Media Matters ဥက္ကဋ္ဌ အန်ဂျလို ကာရူဆုန်းက ထိုပြောဆိုချက်ကို စနေနေ့ မွန်းလွဲချိန်တွင် ကြေညာချက်ထုတ်ပြန် တုံ့ပြန်ခဲ့ပါတယ်။ 
 
“သူကသူပြောသလို လွတ်လပ်စွာပြောဆိုခွင့်ကို ကာကွယ်သူမဟုတ်ဘဲ သူကိုယ်တိုင်အတည်ပြု ထားတဲ့ သတင်းကို ရေးသားတာကို အသံတိတ်သွားအောင် အနှစ်သာရကင်းမဲ့တဲ့ တရားစွဲဆိုမှုနဲ့ ခြိမ်းခြောက်တဲ့ အနိုင်ကျင့်သူဖြစ်တယ်” ဟု သူကပြောခဲ့ပါတယ်။ 
 
“ဒီကြော်ငြာတွေဟာ နာဇီထောက်ခံတဲ့ အကြောင်းအရာတွေနဲ့ ယှဉ်တွဲနေတယ်ဆိုတာ သူကိုယ်တိုင်ဝန်ခံထားပြီးသား။သူတရားစွဲရင်လည်း ကျနော်တို့ပဲနိုင်မှာ” ဟုလည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Independent