【 နိုင်ငံတကာ 】ကောက်ပဲသီးနှံစင်္ကြန်နှင့်ဓာတ်ငွေ့အချက်အခြာဒေသအကြောင်း အာဒိုဂင်နှင့်ပူတင်ဆွေးနွေး

【 နိုင်ငံတကာ 】ကောက်ပဲသီးနှံစင်္ကြန်နှင့်ဓာတ်ငွေ့အချက်အခြာဒေသအကြောင်း အာဒိုဂင်နှင့်ပူတင်ဆွေးနွေး

တူရကီ (တာကီရဲ) သမ္မတ ရီဆက်တေးယစ် အာဒိုဂန် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ကောက်ပဲသီးနှံကိစ္စနှင့် တူရကီတွင် ဓာတ်ငွေ့အချက်အခြာဒေသတခု တည်ထောင်ရေးကို တနင်္ဂနွေနေ့တွင် ဖုန်းဆက်ဆွေးနွေးကြောင်း ၂ ဘက်လုံးကကြေညာခဲ့ပါတယ်။

အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုအများအပြားချမှတ်ထားချိန်တွင် ရုရှားနှင့် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် တူရကီတို့ဆက်ဆံရေးသည် အလွန်အရေးပါနေပါတယ်။

အနောက်နိုင်ငံများ၏ အရေးယူမှုများတွင် တူရကီက ပူးပေါင်းပါဝင်ခြင်း မရှိပေ။

သို့သော် တူရကီသည် ရုရှားက ယူကရိန်းဒေသ ၄ ခုကိုနယ်ချဲ့သိမ်းပိုက်ခြင်းသည် နိုင်ငံတကာ ဥပဒေကို အပြင်းအထန်ချိုးဖောက်သည်ဟု ရှုတ်ချပါတယ်။

တူရကီသည် ကမ္ဘာ့အကြီးမားဆုံး သီးနှံထုတ်လုပ်သည့် နိုင်ငံများဖြစ်သည့် ယူကရိန်းနှင့် ရုရှား ၂ နိုင်ငံလုံးမှ ကောက်ပဲသီးနှံများ တင်ပို့ရန် အာမခံသော ကုလသမဂ္ဂသဘောတူညီချက်အတွက် ကြားဝင်ဆောင်ရွက်ပေးနေပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲ အမြန်ဆုံးပြီးစီးစေလိုကြောင့် သမ္မတ အာဒိုဂန်က ပြောကြားသည်ဟု တူရကီ သမ္မတရုံးက တနင်္ဂနွေနေ့တွင် ဖေါ်ပြခဲ့ပါတယ်။

ထိုသို့ဖုန်းဖြင့်ဆက်သွယ်ပြောကြားရာတွင် အာဒိုဂန်က တူရကီနှင့်မော်စကိုတို့သည် ပင်လယ်နက် ကောက်ပဲသီးနှံစင်္ကြန်မှတစ်ဆင့် အစားအသောက်နှင့်အခြားကုန်ပစ္စည်းများစတင်တင်ပို့ နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

မော်စကိုအနေဖြင့် ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုလွတ်လပ်စွာတင်ပို့နိုင်ရန်အတွက် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု အချို့ကို ရုတ်သိမ်းပေးရန် ကုလသမဂ္ဂက တွန်းအားပေးရန် ရုရှားကတောင်းဆိုပါတယ်။

ထိုအချက်သည် ကောက်ပဲသီးနှံစင်္ကြန် သဘောတူညီချက်၏ အစိတ်အပိုင်းဖြစ်သော်လည်း အကောင်အထည်ဖေါ်ပေးခြင်း မရှိသေးကြောင်း မော်စကိုကပြောပါတယ်။

"ထိုသဘောတူညီချက်သည် ရှုပ်ထွေးသည့် လက္ခဏာရှိပြီး အလိုအပ်ဆုံးနိုင်ငံများ၏ ၀ယ်လိုအားကို ဖြည့်ဆည်းရန် သက်ဆိုင်ရာစားနပ်ရိက္ခာများအတွက် အတားအဆီးများဖယ်ရှားပေးရန်လိုအပ်ကြောင်း ကရင်မလင်နန်းတော်က ကြေညာချက်တစ်စောင်တွင် ဖေါ်ပြခဲ့ပါတယ်။

ရုရှား၏ သဘာဝဓာတ်ငွေ့များတင်ပို့နိုင်ရေးအတွက် တူရကီတွင် အခြေစိုက်စခန်းတစ်ခုထူထောင်ရန် အစီအစဉ်ကိုလည်း နှစ်ဘက်ဆွေးနွေးကြောင်း ကရင်မလင်နန်းတော်က ပြောပါတယ်။

စက်တင်ဘာလတွင် ပေါက်ကွဲမှုများကြောင့် ပျက်ဆီးသွားသော နော့ဒ်စထွမ်း ပိုက်လိုင်းမှ ဓာတ်ငွေ့ကို လမ်းကြောင်းလွှဲရန် နည်းလမ်းအဖြစ် ပူတင်က ထိုစိတ်ကူးကို အောက်တိုဘာလတွင် စတင်အဆိုပြုပါတယ်။

အာဒိုဂန်ကလည်း ထိုအယူအဆကို သဘောတူခဲ့ပါတယ်။ "ပူးတွဲစွမ်းအင်စီမံကိန်းများ အထူးသဖြင့် ဓာတ်ငွေ့လုပ်ငန်းတွင် ပူးတွဲစီမံကိန်းများ၏ အထူးအရေးပါမှုကို အလေးထားသည်" ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Gazprom အကြီးအကဲ အလက်ဇီ မေးလားသည် အစ္စတန်ဘူလ်တွင် အာဒိုဂန်နှင့် လွန်ခဲ့သော အပတ်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

Linko

Ref:english.alarabiya

အစ္စတန်ဘူလ်၊ဒီဇင်ဘာ ၁၂