【 ပြည်တွင်း 】မန္တလေးမှာ တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ အမျိုးသားသုံးဦးဖမ်းဆီးရမိ

【 ပြည်တွင်း 】မန္တလေးမှာ တစ်သောင်းတန်ငွေစက္ကူအတုတွေနဲ့ အမျိုးသားသုံးဦးဖမ်းဆီးရမိ

မန္တလေးမြို့မှာ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုတွေ ကိုင်ဆောင်သုံးစွဲနေသူ အမျိုးသားသုံးဦးကို နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးပြီး ဗဟိုဘဏ်ဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့သိရပါတယ်။ “တစ်သောင်းတန်အတုတွေ ကိုင်သုံးနေတယ်လို့ သတင်းအရ စုံစမ်းဖမ်းခဲ့တာပါ၊ အခု ဗဟိုဘဏ်ဥပဒေနဲ့အမှုဖွင့်ထားပါတယ်” လို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

၎င်းတို့ကို တစ်သောင်းတန်ငွေစက္ကူအရွက်လေးဆယ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ မန္တလေး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၄၈ လမ်းနဲ့မနော်ဟရီလမ်းထောင့်က တည်းခိုခန်းတစ်ခုအတွင်း၊ ဇူလိုင် ၁၈ ရက်နေ့လယ်ပိုင်းက တည်းခိုသူအမျိုးသားနှစ်ဦး တစ်သောင်းတန်ငွေစက္ကူတွေကိုင်ဆောင်သုံးစွဲနေတယ်ဆိုတဲ့သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ကနဦးဖမ်းဆီးခဲ့တဲ့အမျိုးသားနှစ်ဦးမှာ အသက်သုံးဆယ်ခန့်အရွယ် ကိုစိုးမြသူဝင်းနဲ့ကိုကြည်ဖြူစိုးထက်ဆိုသူတို့ဖြစ်ပြီး၊ ၎င်းတို့ကို အောင်ပင်လယ်ရဲစခန်း ဆီဖမ်းဆီးစစ်ဆေးတဲ့အခါမှာ၊ အဲဒီငွေစက္ကူအတုတွေကို အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ရပ်ကွက် ၂၂(အေ)လမ်း၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားနေသူဦးထွန်းထွန်းဝင်း(အသက် ၄၉ နှစ်)ဆီကနေ ရရှိခဲ့တာလို့ ထွက်ဆိုတာကြောင့်၊ ဦးထွန်းထွန်းဝင်းကိုပါ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့သိရပါ တယ်။ လက်ရှိမှာတော့ ၎င်းတို့သုံးဦးစလုံးကို ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

ကျော်ကျော်

မန္တလေး ၊ ဇူလိုင် ၂၀