【 ဆောင်းပါး 】 အတိတ်ခေတ် ဒရယ်မြို့ဟောင်းဆီ မှန်းလျှောက်ကြည့်ခြင်း

【 ဆောင်းပါး 】 အတိတ်ခေတ် ဒရယ်မြို့ဟောင်းဆီ မှန်းလျှောက်ကြည့်ခြင်း

ဘာကြောင့်သမိုင်းသင်ဖို့လိုသလဲဆိုတော့ မအအောင်လို့ ဟု သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း က ပြောခဲ့ဖူးသည်။လိုရင်းတိုရှင်းဖြင့် အဓိပ္ပါယ်နက်နဲသော ဖွင့်ဆိုချက်မို့ အင်မတန်ကျော်ကြားသော စကားတစ်ခွန်းအဖြစ် သမိုင်းဝင်ခဲ့သည်။

ကျနော်တို့ သမိုင်းကို အမှန်အတိုင်းသိရှိရန် လိုသည်။သမိုင်းမှန်ကို သိရှိမှသာလျှင် အတိတ်သမိုင်းထဲမှ ကောင်းမွေကို ဆက်ခံပွားစီးပြီး ဆိုးမွေကို သင်ခန်းစာယူခြင်းနည်းဖြင့် လက်ရှိဘဝနှင့် အနာဂတ်ကမ္ဘာကို တတ်နိုင်သမျှ အမှားကင်းစင်စေခြင်းဖြစ်သည်။အတိတ်သည် ပစ္စပ္ပုန်၏ဖခင်၊ အနာဂတ်သည် ပစ္စပ္ပုန်၏သား။

တကယ်တော့ အတိတ်ခေတ်သမိုင်းကို အမှန်အတိုင်းသိရှိဖို့ဆိုသည်မှာလည်း အတွေ့အကြုံကြွယ်ဝပြီးဉာဏ်ပညာကြီးမားသော သမိုင်းပညာရှင်များရှိရုံဖြင့်မပြီး။ရှေးဟောင်းယဉ်ကျေးမှုနေရာများကိုတူးဖော်ရန်လည်း လိုပါသည်။သို့မှသာ ပညာရှင်များက တူးဖော်တွေ့ရှိချက်များနှင့် အခြားသောအထောက်အထားများကို ပေါင်းစုသုံးသပ်ကာ အတိတ်ခေတ်လူမှုဘဝအကြောင်း အများပြည်သူသိရှိအောင် ပြောပြနိုင်မည်ဖြစ်သည်။

သို့သော်၊ ရှေးဟောင်းနယ်မြေများကို လမ်းညွှန်ချက်များအတိုင်း တူးဖော်ရသောကြောင့် သာမန်မြေတူးဖော်ခြင်းမျိုးမဟုတ်။ငွေကုန်ကြေးကျများသည်။ရှေးဟောင်းတူးဖော်ရေးအတွက် ဘတ်ဂျက်လှိုင်လှိုင်သုံးနိုင်မှသာလျှင် လုပ်ငန်းမြန်မြန်တွင်မည်။ရှေးဟောင်းတူးဖော်မှုသည် လတ်တလော ပြည်သူတို့၏ဝမ်းရေးလောက် အရေးမ ကြီးသဖြင့် အမြဲမပြတ် ဘတ်ဂျက်လိုငွေပြနေသော ကျနော်တို့တိုင်းပြည်တွင် ရှေးဟောင်းတူးဖော်မှုသည်လည်း နောက်ကောက်ကျနေမြဲဖြစ်သည်။

ကျနော်တို့ မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ သုဝဏ္ဏဘူမိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တူးဖော်ရေး လုပ်ငန်းများစတင်နေပြီဟု ကြားရသည်မှာ ဆယ်စုတစ်ခုမက ကြာခဲ့ပြီဖြစ်သော်လည်း သိပ်ခရီးရောက်ပုံမရ။ငွေအားနည်းနည်းဖြင့် ဖြည်းဖြည်းချင်းတူးဖော်နေသည့်ပုံ။အစဉ်အဆက် နှုတ်နည်းလွန်းလှသော ရှေးဟောင်း သုတေသနဌာနကလည်း ထုံးစံအတိုင်း ဆိတ်ဆိတ်နေသဖြင့် တူးဖော်မှုမည်မျှပြီးစီးပြီမသိ။တူးဖော်တွေ့ရှိမှုမှသည် သုဝဏ္ဏဘူမိသမိုင်းကို ဒီတစ်သက်ရော အများပြည်သူသိရှိခွင့်ရပါ့မလားဟု မေးခွန်းထုတ်ရမလို။ထားတော့။

မွန်ပြည်နယ်အတွင်း သုဝဏ္ဏဘူမိပြီးလျှင် ဒုတိယအရေးပါသောနေရာမှာ မုတ္တမဖြစ်သည်။မုတ္တမသည် တစ်ခေတ်တစ်ခါက မင်းနေပြည်တော်အထိဖြစ်ခဲ့ဖူးသလို များသောအားဖြင့် ဘုရင်ခံအဆင့်အုပ်ချုပ်ရ နေပြည်တော်နီးနီး မြို့ကြီးပြကြီးဖြစ်သည်။ကျနော့်စိတ်ထင်အရ မုတ္တမသည် ပင်လယ်ဝင်ပေါက်အတွင်းပိုင်းထိပ်တွင်တည်ရှိသဖြင့် မွန်တို့၏ပိုင်နက်နယ်မြေကို ကာကွယ်ရန် အရေးပါပုံရသည်။မြန်မာနိုင်ငံအောက်ပိုင်းတွင် မွန်တို့ အခိုင်အမာထီးနန်းစိုက်ထားစဉ်က ရာမညတိုင်း ၃ တိုင်းကို ဟံသာဝတီ ၃၂ မြို့၊ ပုသိမ် ၃၂ မြို့နှင့် မုတ္တမ ၃၂ မြို့ဟူ၍ ဖော်ပြခဲ့သည်။

ဆိုတော့ ဟံသာဝတီခေတ်တွင် နေပြည်တော် ပဲခူးပြီးလျှင် မုတ္တမသည် အရေးပါသောမြို့ကြီး။မုတ္တမသည် ၃၂ မြို့၏ အထွတ်အထိပ်၊ ယခု မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်သဖွယ်။သို့သော် ယနေ့ထိတိုင် မုတ္တမမြို့ဟောင်း တူးဖော်မှုသတင်းကို မကြားမိ။မုတ္တမမြို့ဟောင်းနေရာကိုပင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအဖြစ် သတ်မှတ်ပိုင်းခြားထားခြင်း ရှိ၊ မရှိပင် မသိ။ကျနော်တစ်ဦးတည်းအနေနှင့် မုတ္တမမြို့ဟောင်းတည်ရှိရာနေရာကို မသိ။မုတ္တမကို မရေတွက်နိုင်အောင် ဖြတ်သန်းသွားသည့်အခါတိုင်း ကျောက်တောင်ကြီးဘက်သို့လှမ်းငေးကာ မုတ္တမနန်းတော်ကို ကိုယ့်စိတ်ကူးဖြင့်ကိုယ် ပုံဖော်ကြည့်မိတာမောလို့။

သို့သော် မုတ္တမသည် သမိုင်းတွင် လုံးဝအရေးမပါသောနေရာလို အဖက်လုပ်မခံရ။ထို့ကြောင့် မုတ္တမလက် အောက်ခံ သံမောင် (ခမိုင်) မြို့အကြောင်း အစရှာမရသည်မှာ သဘာဝကျပေသည်။သံမောင်မြို့ဆိုသည်မှာ အဘယ်နည်း။ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းစာအုပ်၏ နောက်ဆက်တွဲ အမည်ဝေါဟာရအညွှန်းတွင် သံမောင် (ခမိုင်)-မြို့အမည်။ဘီလူးကျွန်းကို ဆိုလိုဟန်တူ၏ဟု ဆိုထားသည်။လုံးဝအတိအကျကြီးမဆို ဖြစ်နိုင်ခြေရှိသည့်သဘော။

ယင်းသို့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း၏ ထင်မြင်ချက် ဘီလူးကျွန်း ဒရယ်ရွာတွင် ယနေ့တိုင်ကျန် နေသေးသော ရှေးမြို့ရိုးအပိုင်းအစများနှင့် ဒရယ်တွင်တစ်ခုခုလုပ်ရန်တူးဖော်ရင်း တွေ့ရှိသော ရှေးဟောင်း ပစ္စည်းတို့ကို ဆက်စပ်ကြည့်လိုက်ပါက ဒရယ်သည် ဟံသာဝတီခေတ် သံမောင်မြို့များလားဟု ကောက်ချက်ချ ချင်စရာကောင်းလှသည်။

ထို့ပြင် ဒရယ်ရွာ၏တည်နေရာကို လတ်တလောမျက်မြင်အနေအထားအတိုင်းကြည့်ပါက သံလွင်မြစ်ကိုကူးပြီးသိပ်မကြာ မုတ္တမနန်းမြို့သို့ရောက်ရှိမှာ သေချာသည်။မုတ္တမနှင့် မော်လမြိုင်နီးသလိုမျိုး။ဟံသာဝတီခေတ်တွင် မော်လမြိုင်၌ မြို့တစ်မြို့ရှိခဲ့ကြောင်း အထောက်အထားမတွေ့ရသဖြင့် သံမောင်ဟုခေါ်သည့် ဒရယ်သည် မုတ္တမနှင့် အနီးဆုံးမြို့ဖြစ်မည်ဟု ဆက်တွေးသင့်ပေသည်။

ထို့ပြင် ဒရယ်ရွာသည် ပင်လယ်ဘက်မှလာလျှင် မုတ္တမ မရောက်မီ နေရာဖြစ်သောကြောင့် ပင်လယ်ဘက်မှချီလာမည့်ရန်သူကို မုတ္တမ မရောက်အောင် ခုခံပေးမည့်နေရာကောင်းလည်းဖြစ်သည်။ထို့ပြင် မုတ္တမနှင့်နီးသော သံလွင်မြစ်ကမ်းဘေး ဘီလူးကျွန်းနယ်မြေများအနက် ဒရယ်ရွာတစ်ခုတည်းတွင်သာ ရှေးဟောင်းအထောက်အထားများတွေ့ရှိခြင်းနှင့် ဘီလူးကျွန်း၏ အခြားမည်သည့်နေရာတွင်မှ ရှေးဟောင်းမြို့အထောက်အထားများ မတွေ့ရှိခြင်းသည် ဒရယ်ကို သံမောင်မြို့ဟုပြောရန် တွန်းအားပေးနေသော အချက်အ လက်များဖြစ်သည်။

တချို့က ဒရယ်မြို့ဟောင်းကို ဟံသာဝတီခေတ် မုတ္တမလက်အောက်ခံ သံမောင်မြို့ဟု လက်ခံကြသည်။သို့သော် သံမောင်မြို့စားကိုမူ မွန်သူရဲကောင်း လဂွန်းအိမ်ဟု ပြောဆိုမှုများလည်းရှိသည်။တချို့က သွေးရိုးသားရိုး အပြောမှားခြင်းဖြစ်သည်။တချို့မှာမူ မိမိတို့မြို့ရွာကို ပိုမိုခမ်းနားထည်ဝါစေလိုသောစိတ်ဖြင့် မွန်သူရဲကောင်းအား အဓမ္မဆွဲစေ့ကာ မှားမှန်းသိလျက် အမှားပြောခြင်းဖြစ်သည်။

လဂွန်းအိမ်၏ လဂွန်းအိမ်မဖြစ်မီအမည်မှာ မသလုံဖြစ်ပြီး တရည်းမြို့စား (ရေးမြို့ဟုဆို) သမိန်သံ ဗြတ်၏ သူရဲကောင်းဖြစ်သည်။ထို့နောက် ရာဇာဓိရာဇ်ဘုရင် မျက်စိကျသဖြင့် သူရဲကောင်းလဂွန်းအိမ်အမည်ဖြင့် တိုက်ကုလားမြို့စားအဖြစ် မြှောက်စားခံရသူဖြစ်သည်။

ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း အဆိုအရ လဂွန်းအိမ်နှင့် သံမောင်မြို့တို့၏ပတ်သက်မှုမှာ သံမောင်မြို့စား မဂြိုင်း၏ခေါင်းကို ဖြတ်ပစ်ခြင်းသာရှိသည်။မဂြိုင်းသည် ဟံသာဝတီလက်အောက်ခံ သံမောင်မြို့စားဖြစ်သော်လည်း ရာဇာဓိရာဇ်အပေါ် သစ္စာခံလိုက်၊ ပုန်ကန်လိုက် လုပ်နေသဖြင့် ရာဇာဓိရာဇ်၏အမိန့်အရ လဂွန်းအိမ် က သွားရောက်လုပ်ကြံခြင်းဖြစ်သည်။လဂွန်းအိမ်သည် သံမောင်မြို့ထဲသို့ ညအချိန် တစ်ကိုယ် တော်ဝင်ရောက်ကာ မဂြိုင်း၏ခေါင်းကို ဖြတ်ခြင်းဟုဆိုသည်။

မဂြိုင်းအလွန် သံမောင်မြို့အကြောင်း ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတွင် ဖော်ပြထားခြင်းမရှိ။ယင်း စာအုပ်တွင် သံမောင်မြို့အကြောင်း ဖော်ပြမှုမှာလည်း တစ်ခွန်းစ နှစ်ခွန်းစ ရေးပြထားသည့်အဆင့်။ပြောရ လျှင် သံမောင်မြို့သည် ဟံသာဝတီခေတ်တွင် မုတ္တမလက်အောက်ခံ သာမန်မြို့တစ်မြို့အဖြစ် အရေးမပါလှ သော်လည်း မျက်မှောက်ခေတ် ဘီလူးကျွန်းသားများအတွက်မူ မိမိတို့ကျွန်းပေါ်တွင်တည်ရှိသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် တခမ်းတနားအရေးပါရပေမည်။

ဒရယ်ရွာသည် ရှေးဟောင်းမြို့တစ်မြို့ဖြစ်ခဲ့ကြောင်း ဒရယ်ရွာသားများက သိကြသည်။ဒရယ်ရွာသို့ သမိုင်းသုတေသီများ လာရောက်လေ့လာမှုများလည်းရှိခဲ့သည်။သို့သော် ဒရယ်သည် ဟံသာဝတီခေတ် သံမောင်မြို့ ဟုတ်၊ မဟုတ် သေချာမသိ။သံမောင်မြို့ဆိုသည့်အမည်ကိုပင် မသိသူခပ်များများဖြစ်သည်။

လက်ရှိ ဒရယ်တွင်တွေ့ရှိထားသော ရှေးဟောင်းပစ္စည်းများကို ကျွမ်းကျင်သူများက အပေါ်ယံရှပ်ကြည့်လိုက်လျှင်ပင် ဘယ်ခေတ်ကပစ္စည်းများဖြစ်ကြောင်းယေဘုယျပြောနိုင်မည်ဟုထင်သည်။နည်းနည်း ခပ်နက်နက်အထူးပြုလိုက်လျှင် ယနေ့ဒရယ်သည် ဟံသာဝတီခေတ် သံမောင်မြို့ ဟုတ်၊ မဟုတ် အပြတ်ပြောနိုင်ပါမည်။ဒရယ်ရွာတွင် စနစ်တကျတူးဖော်ပြီး တူးဖော်တွေ့ရှိချက်များကို အချိန်ယူလေ့လာမည်ဆိုပါက ရှေးသရောအခါက လူမှုဘဝကို အခိုင်အမာပြောဆိုနိုင်ပေလိမ့်မည်။

သို့သော် လတ်တလောအခြေအနေမှာ ဒရယ်ရွာသည် မြို့ဟောင်းတစ်ခုဖြစ်ကြောင်း သက်ဆိုင်ရာဌာနများက တရားဝင်ထုတ်ဖော်ပြောကြားမှုပင် မရှိသေးသဖြင့် ကျနော်၏ အထက်ပါအပြောအဆိုများမှာ ဝေလာဝေးသောအိပ်မက်ထက်ပိုမည်မထင်ပေ။

မည်သို့ပင်ဆိုစေ ကျနော်က ကိုယ့်ရပ်ကိုယ့်ရွာ ဘီလူးကျွန်းမြေပေါ်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက  ကြီးပွားစည်ပင်ခဲ့သော မြို့ကြီးတစ်မြို့ရှိခဲ့ကြောင်း ဂုဏ်ယူချင်မိသည်။ကျွန်းသားမှန်လျှင် ဒရယ်ရွာသို့ရောက်ကိုရောက်ဖူးပြီး အတိတ်ခေတ် ဒရယ်မြို့ဟောင်းအကြောင်း အပေါ်ယံဖြစ်ဖြစ် သိထားစေချင်သည်မှာလည်း ကျနော့်အိပ်မက်ဖြစ်သည်။

ထို့ပြင် ခရီးသွားလုပ်ငန်းအားကောင်းလာသည့်အခါ မော်လမြိုင်ရောက်လာသည့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအနေနှင့် မော်လမြိုင်မှသည် မုတ္တမမြို့ဟောင်းဆီ။ထို့နောက် သံလွင်မြစ်ကို ရေယာဉ်ဖြင့်ဖြတ်ကာ ဒရယ်မြို့ဟောင်းသို့ လာရောက်လေ့လာခြင်းမျိုး။

ထိုသို့မဖြစ်ခဲ့သည့်တိုင် ဘီလူးကျွန်းရောက်သော ဧည့်သည်များ မုဒွန်းကျောက်သင်ပုန်းနှင့် ရွာလွတ်သစ်သားလက်မှုထည်များဆီ ရောက်ကိုရောက်ကြသလို ဒရယ်မြို့ဟောင်းသည်လည်း မရောက်မနေရ ရောက်ကိုရောက်ရ မည့် ခရီးသွားနေရာတစ်ခုအဖြစ် ကျနော်မိုက်မဲစွာ ဆုတောင်းနေမိသည်။

ငြိမ်းဆက်
ဇူလိုင် - ၂၄