
【 အလှအပနှင့်ကျန်းမာရေး 】ခုခံအားကျကူးစက်ရောဂါပိုး (HIV) နှင့် ခုခံအားကျကူးစက်ရောဂါ (AIDS) အကြောင်းသိကောင်းစရာ
HIVပိုးလို့ခေါ်ကြတဲ့ ခုခံအားကျကူးစက်ရောဂါပိုးဟာ ဗိုင်းရပ်စ်ပိုးအမျိုးအစားဖြစ်ပြီး HIV ပိုး ကူးစက်ခံရခြင်းကနေ AIDS လို့ခေါ်တဲ့ ကိုယ်ခံအားကျကူးစက်ရောဂါကိုဖြစ်စေတာပါ။
HIV ပိုး နဲ့ AIDS ရောဂါတူတူပဲလား?
HIV ပိုးနဲ့ AIDSရောဂါကို တွဲမှတ်မိနေကြပေမယ့် ဒီ၂ခုမှာအဓိပ္ပာယ် အနည်းငယ်ကွဲပြားပါတယ်။
HIV ပိုးဟာ ရောဂါပိုးဖြစ်ပြီး AIDS ရောဂါဆိုတာကတော့ ခုခံအားကျတဲ့နောက်ဆုံး အဆင့်ရောက်မှသာ AIDS ရောဂါလို့ခေါ်တာဖြစ်ပါတယ်။
HIV ပိုးကူးစက်ခံနေရပေမယ့် ဆေးသေချာသောက်မယ်၊ရောဂါကိုသေချာကုသမှုခံယူမယ်ဆိုရင် AIDS ရောဂါအဆင့်ထိမရောက်ဘဲ သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။
HIV ပိုးကူးစက်ခံရသူတွေဟာ ရောဂါကိုသေချာစွာဆေးကုသမှု မခံယူခဲ့ရင်တော့ ရောဂါရဲ့ အပြင်းထန်ဆုံးအဆင့် AIDS ရောဂါအဆင့်ကိုရောက်ရှိပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
HIV ရောဂါပိုးကူးစက်ခံရရင်ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
- HIV ပိုးကူးစက်ခံရသူတွေမှာရောဂါလက္ခဏာမပြတတ်ဘဲ ကိုယ်ခံအားကျချိန်ရောက်မှသာ ရောဂါလက္ခဏာတွေ စတင်တွေ့ရှိရတတ်ပါတယ်။
၁- ရက်ကြာရှည်ဖျားခြင်း၊ မကြာခဏဖျားခြင်း
၂- ရက်ကြာရှည်ဝမ်းလျှောခြင်း၊ မကြာခဏဝမ်းလျှောခြင်း
၃- ကိုယ်အလေးချိန်ကျဆင်းခြင်း
၄- အစားအသောက်ပျက်ခြင်း
၅- ပြန်ရည်ကြောအကျိတ်များကြီးလာခြင်း
၆- ရေယုန်များပေါက်ခြင်း
၇- ပါးစပ်တွင်အနာများပေါက်ခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
HIV ရောဂါပိုးကဘယ်လိုကူးစက်နိုင်ပါသလဲ?
- HIV ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း
- HIV ရောဂါပိုးရှိသူ အသုံးပြုထားသော အပ်၊ဆေးထိုးပြွန်၊စသည့် ခန္ဓာကိုယ်မှ သွေးထွက်နိုင်သော ကိရိယာများကိုမျှဝေသုံးစွဲခြင်း
- HIV ရောဂါပိုးရှိသူ၏ သွေးသွင်းမိခြင်း
- HIV ရောဂါပိုးရှိသောမိခင်မှ သန္ဓေသားသို့ကူးစက်ခြင်း စတဲ့နည်းလမ်းတွေကနေရောဂါကူးစက်ခံရနိုင်ပါတယ်။
ဒီတော့ HIV ပိုးကူးစက်မခံရအောင်ကာကွယ်ဖို့ကတော့ အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။
HIV ပိုးကူးစက်မခံရအောင်
- လိင်ဆက်ဆံရာမှာ အကာအကွယ်ကွန်ဒုံးကိုအသုံးပြုပါ။
- တက်တူးထိုးခြင်း၊နားဖောက်ခြင်း၊မူးယစ်ဆေးအကြောထဲထိုးခြင်း စသည့်သွေးထွက်နိုင်သည့် ကိရိယာများကိုမျှဝေသုံးစွဲခြင်းကိုရှောင်ကြဉ်ပါ။
- HIV ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ သန္ဓေသားကိုကူးစက်ခြင်းကို လျော့ချနိုင်ဖို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သွားရောက်ပြသပါ။
- HIV ကူးစက်ခံရနိုင်ချေများသူများအနေနဲ့ PrEP(Preexposure Prophylaxis) ဆေးသောက်ရန် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
- HIV ပိုးရှိသောသူနှင့် လိင်ဆက်ဆံမိခြင်း၊ဆေးထိုးအပ်ဆူးမိခြင်းကို သိသိချင်း ၇၂နာရီအတွင်း PEP (Post Exposure Prophylaxis)လို့ခေါ်တဲ့ ကာကွယ်ဆေးသောက်ရန် တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်တိုင်ပင်ပါ။
HIV ပိုးကူးစက်ခံရခြင်းရှိမရှိဘယ်လိုသိနိုင်မလဲ?
HIV ပိုးရှိမရှိကို သွေးဖောက်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။
HIV ကူးစက်ခံရရင်ဘယ်လိုနောက်ဆက်တွဲ ရောဂါတွေ ဝင်ရောက်လာနိုင်သလဲ?
- အဆုတ်တီဘီရောဂါဖြစ်ခြင်း
- ပြင်းထန်အဆုတ်အအေးမိရောဂါဖြစ်ခြင်း
- ပါးစပ်၊အစာပြွန်၊လျှာတို့တွင် Candida မှိုရောဂါပိုးဖြစ်ခြင်း
- ပြင်းထန် သောဦးနှောက်အမြှေးပါး ရောဂါပိုးဝင်ခြင်း
- ပြန်ရည်ကြောကင်ဆာအကျိတ်များဖြစ်ခြင်း
- ကျောက်ကပ်ပျက်စီးခြင်း
- အသည်းထိခိုက်ခြင်း
- ဦးနှောက်ထိခိုက်ခြင်း
- ကိုယ်ခံအားကျခြင်းကြောင့် ပြင်းထန် သောရောဂါပိုးများဝင်ခြင်း စတဲ့နောက်ဆက်တွဲရောဂါတွေ ခံစားရနိုင်ပါတယ်။
HIV ရောဂါပိုးကိုဘယ်လိုကုသနိုင်ပါသလဲ?
ယခုအချိန်ထိ HIV ပိုးကိုလုံးဝပျောက်ကင်းအောင် မကုသနိုင်ပါဘူး။
-ဒါပေမယ့် ရောဂါအခြေအနေကို ဆိုးမသွားအောင် ကိုယ်ခံအားကျ AIDS ရောဂါအဆင့် မရောက်ဖို့အတွက်
ART (Anti- Retroviral Therapy) အေအာတီဆေးကို ပုံမှန်သောက်သုံးပြီးကုသနိုင်ပါတယ်။
-HIV ရောဂါပိုးရှိသူတွေအနေနဲ့မိမိရဲ့ရောဂါအခြေအနေကို အမြဲတမ်းစစ်ဆေးနေဖို့ လိုအပ်ပါတယ်။
-HIV ပိုးရှိသူတွေအနေနဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပုံမှန်သောက်မယ်၊ရောဂါအခြေအနေကို ပုံမှန်စစ်ဆေးမယ်ဆိုရင်တော့ သက်တမ်းစေ့နေနိုင်မှာဖြစ်ပါတယ်။
Dr.Phyu
Photo credit - freepik