【 နိုင်ငံတကာဆောင်းပါး 】FDI ဝင်ရောက်မှုတိုးတက်လာခြင်းကို ၂၀၂၃ တွင် တရုတ်နိုင်ငံ တွေ့မြင်နိုင်မည်

【 နိုင်ငံတကာဆောင်းပါး 】FDI ဝင်ရောက်မှုတိုးတက်လာခြင်းကို ၂၀၂၃ တွင် တရုတ်နိုင်ငံ တွေ့မြင်နိုင်မည်

တရုတ်နိုင်ငံတွင် စီးပွားရေးဆိုင်ရာ ပြန်လည်တံခါးဖွင့်ခြင်းနှင့် ခိုင်မာသော စီးပွားရေးပြန်လည်အားကောင်း လာမှုကြောင့် နိုင်ငံအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကလည်း ထပ်မံတိုးပွားလာစေပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဂျာမနီနိုင်ငံက ကားကုမ္ပဏီ Bosch ဟာ တရုတ်နိုင်ငံ စူးကျိုးမြို့တွင် သဘောတူညီချက်အသစ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်အောက်တွင် လျှပ်စစ်ကားအတွက် လိုအပ်သော အပိုင်းအစများ နှင့် အလိုအလျှောက်မောင်းနှင်ခြင်းဟာ သုတေသနလုပ်ငန်းကို စတင်မည်ဖြစ်ပါတယ်။သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုငွေကတော့ စုစုပေါင်း ကန်ဒေါ်လာ ၁ ဘီလီယံဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Coca Cola R&D နှင့် ဗူးခွံထုတ်လုပ်ရေးပရောဂျက်ကိုလည်း ကျန်းဆူးပြည်နယ်တွင်ရှိသော ခွန်းစန်းမြို့တွင် သဘောတူလက်မှတ်ရေးထိုးကြကာ ရင်းနှီးမြှုပ်နှံငွေကတော့ စုစုပေါင်း ကန်ဒေါ်လာ ၂.၉ ဘီလီယံခန့်ရှိပါတယ်။ မကြာသေးခင်ကပဲ CCPIT က ပြုလုပ်ခဲ့သော စစ်တမ်းအရ နိုင်ငံခြားစီးပွားရေးလုပ်ငန်းနှင့် အဖွဲ့အစည်းပေါင်း ၁၆၀ တွင် ၉၉.၄ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် အပြုသဘောဆောင်သော အမြင်များရှိကြကြောင်းနှင့် တရုတ်နိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စီစဉ်နေကြကြောင်း ဆိုပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လတွင် ထုတ်ပြန်ချက်ရ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံငွေ တန်ဖိုး ကန်ဒေါ်လာ ၁၈၉.၁၃ ဘီလီယံရှိခဲ့ပြီး ၈ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ ကြောင်း ဆိုပါတယ်။ သို့သော်လည်း စီးပွားရေးကတော့ ကူးစက်မှု ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ နှင့် လော့ခ်ဒေါင်းတို့ကြောင့် ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း ဆိုပါတယ်။ ၂၀၂၃ မှာတော့ စီးပွားရေးတိုးတက်မှု ပြန်လည်အားကောင်းလာမည်ဟု ခန့်မှန်းထားကြသောကြောင့် ဒါဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုလည်း ပိုမိုအားကောင်းလာစေနိုင်ပါတယ်။

အလွန်အရေးပါနေဆဲဖြစ်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု

တရုတ်နိုင်ငံဟာ ပထမအချက်အဖြစ် ခေတ်မီရေးအတွက် ကမ္ဘာ့အကောင်းဆုံးသော အရင်းအမြစ်များ ပိုင်ဆိုင်ထားပါတယ်။ အကြိမ် ၂၀ မြောက် CPC ရဲ့ အမျိုးသားညီလာခံဟာ နိုင်ငံနှင့်ပါတီအတွက် ဗဟိုလုပ်ငန်း ရည်မှန်းချက်များကို ချမှတ်ခဲ့ပါတယ်။ “ဒီကနေ့ကစပြီး CPC ရဲ့ ဗဟိုလုပ်ငန်းဟာ တရုတ်ပြည်သူများကို ဦးဆောင်ပြီး လူမျိုးစုတိုင်းကို ဒုတိယ ရာစုနှစ် ရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန် ကူညီမည်ဖြစ်ပြီး ကဏ္ဍပေါင်းစုံတွင် ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံဖြစ်လာရန် ဆောင်ရွက်ရမည်” ဟု ဖော်ပြထားပါတယ်။ ထို့ကြောင့် ပထမအချက်အနေဖြင့် တရုတ်ဟာ လာမယ့် ၂၀၃၅ ခုနှစ်တွင် နိုင်ငံ၏ ဂျီဒီပီကို နှစ်ဆတိုးလာစေရန် ပြုလုပ်ရမည်ဖြစ်ပါတယ်။ လူဦးရေတိုးတက်မှု အားနည်းလာမှုကြောင့် အခြေခံနည်းလမ်းကတော့ ကုန်ထုတ်လုပ်မှုကို နှစ်ဆတိုးလာရန် ဆောင်ရွက်ရန်ဖြစ်ပါတယ် ဆိုလိုတာကတော့ ထပ်တိုးစျေးနှုန်းမြင့်မားသော စီးပွားရေးဖြစ်လာရန် ဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်များအတွက် တရုတ်နိုင်ငံဟာ ၎င်းရဲ့ တံခါးကို ကျယ်ပြန့်စွာ ဖွင့်လှစ်ထားရန် လိုအပ်ပါတယ်။နောက်ဆုံးပညာများကို ဆွဲဆောင်ခြင်း၊ နည်းပညာ၊ ငွေကြေး၊ အရည်အချင်းရှိသူများ၊ စျေးကွက်နှင့် နိုင်ငံ တကာ အစိုးရများနဲ့ အတူတူ ပူးပေါင်းရေးတို့ ပါဝင်မည်ဖြစ်ပါတယ်။ ၂၀၂၂ တွင် ရရှိခဲ့သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ဥပမာကောင်းတစ်ခုပဲဖြစ်ပါတယ်။ နည်းပညာကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ၂၈.၃ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး စုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၃၆.၁ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို နိုင်ငံတကာသို့ တရုတ်နိုင်ငံ ပြန်လည်ဝေမျှ

တရုတ်နိုင်ငံတွင် ခိုင်မာသော စီးပွားရေးပြန်လည်အားကောင်းလာမှုနှင့် တံခါးဖွင့်မှု မူဝါဒကို နိုင်ငံတာရင်းနှီးမြှုပ်နှံသူများက နွေးထွေးစွာ တုံ့ပြန်ခဲ့ပါတယ်။အထူးသဖြင့် ၂၀၂၃ တွင် နိုင်ငံတကာစီးပွားရေးအလားအ လာနဲ့ ပတ်သက်ပြီး အန္တရာယ်များစွာရှိသော်လည်း တုံ့ပြန်မှုဟာ ကောင်းခဲ့ပါတယ်။ IMF က နောက်ဆုံးထုတ်ပြန်ထားသော အစီရင်ခံစာအရ တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်တွင် စီးပွားရေး တိုးတက်မှု ၅.၂ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ခန့်မှန်းချက် ၄.၄ ရာခိုင်နှုန်း ၀.၈ ရာခိုင်နှုန်း ပိုများလာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဂျီဒီပီ ၁၈ ရာခိုင်နှုန်းကို ကိုယ်စားပြုသော နိုင်ငံဖြစ်ပြီး ၀.၈ ရာခိုင်နှုန်း တိုးထည့်ခြင်းဟာ နိုင်ငံတကာစီးပွားရေးတိုးတက်မှုတွင် ၀.၁၄ ရာခိုင်နှုန်း ပိုများစေမည်ဖြစ်ပါတယ်။ နောက်တစ်နည်း ပြောရမည်ဆိုပါက နိုင်ငံတကာစီးပွားရေးဟာ ၀.၂ ရာခိုင်နှုန်း အမှတ် တိုးလာမည်ဖြစ်ပြီး ထိုထဲတွင် ၀.၁၄ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကြောင့် တိုးလာမည်ဖြစ်ပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများဟာ တရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများကိုသာ တိုးတက်စေသာ မကပဲ နိုင်ငံတကာစီးပွား‌ရေး တိုးတက်မှုကိုလည်း အထောက်အကူပြုပါတယ်။

ကမ္ဘာ့အကောင်းဆုံးရင်းနှီးမြှုပ်နှံရန်နေရာဖြစ်ဖို့

တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး နယ်စပ်ဖြတ်ကျော်တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားပါတယ်။သူ့ရှေ့မှာ အမေရိကန်နိုင်ငံသာ ရှိပါတယ်။ ၂၀၂၁ နှစ်ကုန်တွင် FDI စတော့ ကန်ဒေါ်လာ ၂.၆ ထရီလီယံဒေါ်လာအထိ ရရှိခဲ့ပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံ၏ နိုင်ငံတကာစီးပွားရေး ကိုယ်စားပြုမှုဟာ ၁၈ ရာခိုင်နှုန်းဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခွင့်မပေးသော စာရင်းကို ထုတ်ပြန်မည်ဖြစ်ပြီး ပိုမိုတိုတောင်းလာမည်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ သူ့ရဲ့ တံခါးဖွင့်မူဝါဒကို ဆက်လက်တိုးချဲ့ မည် ဖြစ်ပြီး စျေးကွက်နှင့် စီမံခန့်ခွဲမှုကိုလည်း နိုင်ငံပေါင်းစုံပါဝင်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုယန္တရား၊ လွတ်လပ်မှုရှိသော ၊ ပွင့်လင်းမြင်သာမှုရှိစေရန် ဆက်လက်ကြိုးပမ်းမည်ဖြစ်ပါတယ်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာရန် ခန့်မှန်းကြပြီး တရုတ်နိုင်ငံအတွက် သတင်းကောင်းဖြစ်ရုံသာမက နိုင်ငံတကာအတွက်လည်း သတင်းကောင်းဖြစ်ပါတယ်။

Naing

Ref: CMG | China will witness a new upswing of FDI in 2023