【 ဆောင်းပါး 】 “ရှေးအခါက သီတင်းကျွတ်အခါ”

【 ဆောင်းပါး 】 “ရှေးအခါက သီတင်းကျွတ်အခါ”

သီတင်းကျွတ်လကို ဗေဒင်အခေါ်အားဖြင့် တူရာသီဟု ခေါ်သည်။
 
တူရာသီ၏ အရုပ်သည် ချိန်ကိုင်စွဲသော ယောက်ျားသဏ္ဌာန်ဖြစ်သည်။ထိုရာသီကား အဿဝဏီနက္ခတ်နှင့်ယှဉ်၍ လပြည့်သောကြောင့် အဿယုဇဟူ၍ ဆိုသည်။ကြာပန်းကို ရာသီပန်းဟူ၍ အသိအမှတ်ပြုကြ၏။
 
ကျီးတာရာ ထွန်းပသည့် သီတင်းကျွတ်လရာသီတွင် နံနက် စက်နာရီ ၅ နာရီ ၅၅ မိနစ်ခန့်တွင် နေထွက်၍ ညနေ စက်နာရီ ၅ နာရီ ၃၇ မိနစ်ခန့်တွင် နေဝင်သည်။မြန်မာနာရီအားဖြင့် နေ့ ညဉ့် နာရီ ၃ဝစီ အညီအမျှရှိလေသည်။
 
သီတင်းကျွတ်လတွင် မြတ်စွာဘုရားသခင် နတ်ပြည်မှဆင်းသက်ခဲ့ဖူးသည်ကို အကြောင်းပြု၍ မီးစောင်းတန်း၊ မီးမြင့်မိုရ်များ ထွန်းညှိကာ မီးပွဲသဘင်ကို ဆင်ယင်ကျင်းပကြလေ့ရှိသည်။နေ့ထူးနေ့မြတ် လ အဖြစ်လည်း  သီတင်းကျွတ်လကို သတ်မှတ်ကြသည်။  
 
သီတင်းကျွတ်လကို နေထူးနေ့မြတ်အဖြစ် သတ်မှတ်ရခြင်းမှာ  ဗုဒ္ဓမြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်သို့ ကြွရောက်တော်မူပြီး လူ့ဘ၀က မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အမှူးပြုကာ မွေးကျေးဇူးဆပ်သည့်အနေဖြင့် လောကဓာတ်တစ်သောင်းမှ စုဝေးရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်း တို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူခဲ့ပြီး သီတင်းကျွတ်လပြည့်နေတွင် လူပြည်သို့ ဆင်းသက်ခဲ့ရာ သိကြားမင်းက သုဒဿနမြို့ တောင်တံခါးမှသည် သင်္ကဿနဂိုရ် ပြည် တောင်တံခါးသို့တိုင်အောင် ပတ္တမြားစောင်းတန်း၊ ရွှေစောင်းတန်း၊ ငွေစောင်းတန်း စောင်းတန်းသုံးသွယ် ဖန် ဆင်းပေးပြီး လူတို့က အုန်းအုန်းကျွတ်ကျွတ်မျှ မီးရှူးမီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ပန်းရေချမ်းများဖြင့် ပူဇော်ကြသဖြင့် ထိုနေ့ကို အစွဲပြုကာ  ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပခဲ့ကြခြင်းဖြစ်သည်။
 
သီတင်းကျွတ်ကာလ ကောက်ပဲသီးနှံပေါ်သည့်အချိန်တွင် ခြေခင်းလက်ခင်းသာချိန် အလှူအတန်းများ ပြုလုပ်ကြလေ့ရှိသည်။သီတင်းကျွတ်အချိန်အခါသာမယတွင် မြန်မာနိုင်ငံအနှံ့အပြား ပွဲတော်များပြုလုပ်ကြပြီး ကလေးငယ်များက မီးရှူးမီးပန်းများ ပစ်ဖောက်ကစားကြ၊ အချို့ရပ်ရွာများတွင် နိဗ္ဗာန်ဈေးများ ဖွင့်လှစ်ကာ လာလာသမျှသော လူတို့ကို အယုတ်၊ အလတ်၊ အမြတ်မရွေး စတုဒီသာကျွေး မွေးပွဲများပြုလုပ် ကျွေးမွေးလှူဒါန်းကြနှင့် ဒါနနှင့် သီလ တွဲဖက်ကာ ပျော်ရွှင်ကြရသည့် အချိန်ကာလဖြစ်သည်။ 
 
ကျနော်တို့ ငယ်စဉ်ကဆိုလျှင် သီတင်းကျွတ်ရောက်မည်ကိုမျှော်ကာ ပျော်ရသည်။သီတင်းကျွတ်ဆိုလျှင် မီးထွန်းပွဲတော်ဟူ၍ လပြည့်နေ့မတိုင်မီ တစ်ရက်၊ လပြည့်နေ့ တစ်ရက်နှင့် လပြည့်ကျော် တစ်ရက်ဟူ၍ ၃ ရက်တာ တေးဂီတ၊ အကများ လမ်းတိုင်းလမ်းတိုင်း ပျော်ပွဲရွှင်ပွဲများ မီးထွန်းပွဲတော်များနှင့်  အလွန်ပျော်ရသည်။မြေစိုက်စေတီရှိသည့် အရပ်များတွင် ဆီမီးတစ်ထောင်ပွဲကိုကျင်းပကာ ပျော်ရွှင်ရသလို လမ်းတိုင်းတွင်လည်း ဆီးမီးများထွန်းကြ၊ ဘိုးဘွားမိဘ ဦးရီးဘကြီးများကို လိုက်လံကန်တော့ကြနှင့် ကြည့်ရမြင်ရသည့်အရပ်တစ်ခွင်လုံး ကြည်လင်သောစိတ် လန်းဆန်းသောစိတ်ဖြင့် ထိုအချိန်အခါကို ဖြတ်သန်းကြလေ့ရှိသည်။လူတိုင်းလူတိုင်းမှာ သီတင်းကျွတ်ကာလတွင် လူသစ်စိတ်သစ်ဖြင့် နေကြမည်ဆိုသည့် စိတ်နှလုံးကောင်းကို မွေးမြူကြသည်။ 
 
သီတင်းကျွတ်ကာလတွင် ရန်ကုန်တွင် ထင်ရှားသည့် ပုဇွန်တောင် ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်ရှိသည်။ရန်ကုန်မြို့ ရေကျော်ပွဲဈေးမှာ ဝါကျွတ်ကာလ နှစ်စဉ် စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ပြီး သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့မှ လပြည်ကျော် ၁ ရက်နေ့အထိ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။
 
ထို့ပြင် မြန်မာနိုင်ငံတဝန်း တန်ခိုးကြီးထင်ရှားသည့် ကျိုက်ထီးရိုးဘုရားဖူးပွဲတော် ရာသီအဖွင့်မှာ လည်း သီတင်းကျွတ်လပြည့်နေဖြစ်သည်။
 
တနင်္သာရီတိုင်း ထားဝယ်မြို့တွင် သီတင်းကျွတ်လရောက်တိုင်း ရှင်ဥပဂုတ္တ မထေရ်မြတ်ကို ရည်စူးပြီး သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိသည်။သပိတ်မျှောပွဲတော်ကို ထားဝယ်မြို့ တစ်မြို့တည်းတွင်သာ တွေ့နိုင်ပြီး နှစ်စဉ်နှစ်တိုင်း ထူးခြားစွာကျင်းပသော ပွဲတော်ဖြစ်သည်။ 
 
သပိတ်အိုးထဲတွင် ဆွမ်း၊ အသီးအနှံ၊ ရေ၊ ငွေစက္ကူ၊ တံခွန်တိုင်၊ ဖယောင်းတိုင် အစရှိသည်တို့ကို ထည့်သွင်းထားပါသည်။ 
 
ထားဝယ်မြို့သူမြို့သားများသည် သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် တစ်ရက်အလိုတွင် ပြင်ဆင်အလှူခံထားသည့် သပိတ်အိုးကြီးများဖြင့် မြို့တွင်းလှည့်လည် အလှူခံထွက်ကြသည်။အလှူခံထွက်စဉ် သရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။ညလုံးပေါက်အလှူခံပြီး နံနက်မိုးသောက်သောအခါ အသင့်ယူဆောင်လာသော သပိတ်အိုးလေးများကို သတ်မှတ်ထားသော နေရာတွင် မြစ်ချောင်းအတွင်းသို့ မျှောကြပါသည်။
 
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့တွင် မီးမျှောပွဲတော်ကို သီတင်းကျွတ်ကာလရောက်တိုင်း နှစ်စဉ် ကျင်းပလေ့ရှိပါသည်။ ၁၈၅၁ ခုနှစ် ကုန်းဘောင်ခေတ်ကတည်းက နှစ်စဉ်ကျင်းပခဲ့သော ပွဲတော်ဖြစ်ပြီး  ကုန်းပွဲနှင့် ရေပွဲဟူပြီး နှစ်မျိုးရှိကာ ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြသည်။သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် ရွှေကျင်မြို့သူမြို့သားများသည် ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်မှန်းကာ ရွှေကျင်မြစ်ထဲသို့ ဆီးမီးများမျှောပြီး ပူဇော်ကြပါသည်။
 
အထူးသဖြင့် သီတင်းကျွတ်အချိန်အခါကို စောင့်ဆိုင်းကာ ပြုဖွယ်ပြုမြဲများကို လူတိုင်းလုပ်လေ့ရှိကြသည်။သင်္ကြန်ပွဲတော်အပြီးတွင် မြန်မာလူမျိုးများအတွက် ဒုတိယအပျော်ရွှင်ရဆုံး ပွဲတော်ဖြစ်သလို တောနေ မြို့နေ ပြည်သူမှန်သမျှ ပျှော်ရွှင်ရသည့် အချိန်ကာလဖြစ်သည်။ 
 
ဝါတွင်းကာလကို ဖြတ်သန်းပြီး ဝါတွင်းကာလတလျှောက် အာရုံဆွမ်းလောင်းလှူခဲ့တဲ့ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာလည်း ဆွမ်းသိမ်းအောင်ပွဲအဖြစ် ဆိုင်း၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲနဲ့ အခြားပျော်စရာရွှင်စရာတွေကို ထည့်သွင်းကျင်းပလေ့ရှိသည်။ရှေးယခင်ကာလတွေမှာတော့ ဝါကျွတ်ကာလရောက်ပြီဆို သည်နှင့် ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာ ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေနဲ့ အလွန်စည်ကားခဲ့သည်။
 
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာတော့ ဆွမ်းသိမ်းအောင်ပွဲနဲ့အတူ ကျုံးကျောင်းအနီး ရွှေလိပ်ပြာပွဲဈေးမှ စတင်ပြီး ပန်းတည်းတန်းပွဲဈေး၊ ထီးတန်းပွဲဈေး၊ နတ်စင်လမ်းပွဲဈေး၊ ဆင်မလိုက်တလျှောက် ပွဲဈေးတွေနဲ့ စည်ကားခဲ့သည်။ 
 
ယခုနှစ်တွင်တော့ နိုင်ငံတစ်ဝန်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအကျပ်အတည်းများနှင့် ကြုံနေရကာ  ပူဆွေးသောကရောက်စရာများ၊ ရပ်ရွာစွန့်ခွာထွက်ပြေးရမှုများ ရှိနေသည့်အတွက် သီတင်းကျွတ်မှာ  ယခင်လို စည်ကားသိုက်မြိုက်မှုက ပြန်လည်မရနိုင်တော့ပြီဖြစ်သည်။
 
ဓမ္မကိုအားပြုသည့် သီတင်းကျွတ်အချိန် အခါတွင် ဓမ္မသက်သက်ဖြင့် ယခုသီတင်းကျွတ်ကို ဖြတ်ကျော်နေထိုင်ကြရမည်ဖြစ်သည်။
 
ဖြိုးဝေလှ
အောက်တိုဘာ - ၂၀ 
Photo Credit - Facebook