【 ဆောင်းပါး 】 “ပြောတိုင်းမယုံဖို့ လိုပါတယ်”

【 ဆောင်းပါး 】 “ပြောတိုင်းမယုံဖို့ လိုပါတယ်”

တရားအားထုတ်တဲ့အခါ ကျွန်တော်ကတော့ ဝင်လေထွက်လေကိုရှူတယ်၊ နှုတ်သီးကိုတိုးဝင်လာတဲ့ လေကိုမှတ်ပြီးတော့ ဝင်ထွက်မှန်မှန်ရှူတယ်။တပြိုင်တည်း၊ ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင် ထားရင် သမာဓိမြန်မြန်ရတယ်။
 
“ကျွန်တော်ကတော့ မကြိုက်ဘူး။အဲဒီလိုက မှတ်ရတာခက်တယ်။ချက်ပေါ်ကို အာရုံစိုက်ပြီးတော့ ပိန် တယ်ဖောင်းတယ်ဆိုတာကိုမှတ်ရင် ပိုလွယ်တယ်။ပြီးတော့ အာရုံစိုက်ရတာ သိပ်မရဘူး။ဒီအချိန်ကျမှတော့ တခြားနည်းကိုပြောင်းရွှေ့ဖို့ဆိုတာမလွယ်တော့ ကိုယ်နည်းနဲ့ကိုယ်က အကောင်းဆုံးပဲ” မနက် အသုပ်ထွက်စားနေတုန်း ဆိုင်ဘေးဓမ္မာရုံမဏ္ဍပ်က လူကြီးနှစ်ယောက်ပြောနေတဲ့စကားပါ။သူတို့ပြောတဲ့စကားနဲ့ သူတို့တကယ်လုပ်၊ မလုပ်ကတော့ မသိပါဘူး။ဒါပေမဲ့ ဘေးမှာထိုင်နေတဲ့သူတွေအဖို့ သူတို့ အော်ကျယ်အော်ကျယ်ပြောနေတဲ့ စကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။
 
ဒီလို လူစည်တဲ့နေရာမှာ တရားစကား အော်ကျယ် အော်ကျယ်ပြောတဲ့သူတွေ တွေ့တိုင်း ကျွန်တော့်စိတ်ထဲ တစ်ခုခုကို တွေးတွေးမိပါတယ်။ဒီလူကြီးနှစ်ယောက် ငြင်းရင်းခုန်ရင်းနဲ့ ဘေးဝိုင်းကို လုံးဝဂရုမပြုမိတော့ပါဘူး။ဘေးကလူတွေ ဘာပြောနေကြသလဲ။ဘာတွေဖြစ်နေသလဲဆိုတာထက် လက်ရှိ သူတို့ပြောနေ ငြင်းခုံနေတာက ပိုအရေးကြီးနေသလိုပါ။သူတို့ဝတ်စားပုံကိုကြည့်ရင် လေးစားချင်စရာပါ။အပေါ်အဖြူ အောက်က ယောဂီပုဆိုးနဲ့ တနင်္ဂနွေနေ့ဆို လမ်းထဲအလှူလိုက်ခံပြီးရင် ဒီလိုပဲ ဓမ္မာရုံရှေ့ မဏ္ဍပ်ထဲ စကားပြောရင်း တရားအကြောင်းငြင်းကြခုံကြတာ ပုံမှန်ပါပဲ။အလှူလိုက်ခံပြီးရင် ဓမ္မာရုံမှာ လက်ဖက်ရည်လေးမှာသောက် တရားစကားဆွေးနွေး။ကိုယ့်လမ်းထိပ်မှာဆိုတော့ သူတို့ကို ခဏခဏတွေ့မိပါတယ်။တွေ့လိုက်တိုင်းလည်း ဒီလိုပုံစံချည်းပဲ ငြင်းကြခုံကြ။ဘယ်တော့မှ ပြေပြေလည်လည်ပြီးတယ်တော့လို့ မတွေ့ပါဘူး။ဘေးကနေကြည့်ရင် သူတို့တွေတရားဆွေးနွေးတယ်ဆိုပြီး ကြည်ညိုချင်စရာ။ဒါပေမယ့် အကြောင်းသိ ကျွန်တော်တို့လိုသူတွေအတွက် ကတော့ သူတို့တရားဆွေးနွေးတယ်ဆိုတာထက် သူဝင်တဲ့ တရားစခန်းကကျင့်စဉ်က ပိုကောင်းတယ်၊ ငါဝင်တဲ့ တရားစခန်းကကျင့်စဉ်က ဘယ်လိုပိုကောင်းတယ်ဆိုပြီး ငြင်းနေကြတာပါ။ 
 
'ငါ' ဆိုတာပြုတ်ပြီး ကိုယ်လုပ်တာသာ အကောင်းထင်တဲ့တရားကို အကြောင်းပြု ပြီး လူလုံးပြကြကြတာကို သိနေပါတယ်။သူတို့က သူတော်စင်တွေပေါ့။
 
အခုတလော ကျွန်တော်ပဲ စိတ်ထင်လို့လား ဒါမှမဟုတ် လူတွေကပဲ ဒီလိုပုံစံချည်းပဲဖြစ်နေလို့လား တော့မသိဘူး။ငါသိငါတတ်တဲ့သူတွေချည်းပဲ ခဏခဏ ကျွန်တော့်ပတ်ဝန်းကျင်မှာ တွေ့နေရပါ တယ်။ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့သူတွေ၊ ငါလုပ်သမျှအမှန်ချည်းပဲဆိုတဲ့လူတွေ ငါသိငါတတ်ဆိုတဲ့သူတွေ ဒီလိုလူတွေချည်းပဲ တွေ့နေရပါတယ်။တခါတလေ အကြောင်းတစ်စုံတစ်ခုကြောင့် သူတို့ဘေးနား ကျွန်တော်ရောက်နေခဲ့ရင်တောင် သူတို့ပြောနေလုပ်နေတဲ့ ပြောစကားတွေ တစ်ယူသန်မှုတွေ၊ အတ္တကြီးမှုတွေကြောင့် ကျွန် တော့်ကိုယ် ကျွန်တော် ဘာကောင်မှန်းမသိလောက်အောင် ယုံကြည်စိတ်တွေ လျော့ကျပါတယ်။
 
တစ်ခါကဆို ကျွန်တော်စာသင်နေတဲ့ အတန်းစာကို သေသေချာချာ ပယ်ပယ်နယ်နယ် ဝိုင်းဆွေးနွေးနေလိုက်ကြတာ ဦးဆောင်ဆွေးနွေးတဲ့လူရဲ့ ပြောစကားတွေက ကျွန်တော့်အတွက် တော်တော့်ကို အသစ်အဆန်းတွေဖြစ်လို့။သင်ကြားရေးမှာ သူတို့ကိုမီဖို့ ကျွန်တော် တော်တော်လိုသေးပါလားလို့ စိတ်ကထင်မိတဲ့အထိတောင် ဖြစ်ရပါတယ်။နောက်တော့မှ ဒီလူက ဆယ်တန်းတောင်မအောင်သေးဘဲ ပါးစပ်ပြောနဲ့ ပါရဂူနီးပါးတတ်မြောက်နေတဲ့ အပြောသမားတစ်ယောက်ဖြစ်မှန်း သိခဲ့ရပါတယ်။
 
ဒီလိုလူစားမျိုးတွေ အတော်တော်များများ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တွေ့ဖူးပါတယ်။တစ်ခါက လမ်းထဲမှာ ဆေးခန်းလာဖွင့်တဲ့ ဆရာဝန်ပေါက်စလေးဆို လမ်းပြင်ဖို့ ခန့်မှန်းစာရင်းတွက်တဲ့အခါ သူကဦးဆောင်ပြီးလုပ်သလို ကားပျက်လို့ပြင်တော့လည်း သူကပြင်ပေးတော့ အရပ်ထဲကဈေးသည်အဘွားကြီးက ဒီဆရာဝန်လေး တော်တော်လည်းတတ်တာပဲ သူတို့ကျောင်းက ဒါတွေအကုန်သင်ပေးတယ်ထင်တယ်ဆိုပြီးပြောတော့ အဘွား ကြီးဆိုင်မှာ ပုံမှန်ထိုင်စားနေတဲ့ လူတစ်ယောက် "ဟုတ်တယ် ဆိုက်ကားလည်း နင်းတတ်တယ်၊ ဦးရှင်ကြီးလည်း တင်တတ်တယ်ဆိုပြီး" ဝင်နှောင့်ပါတယ်။ရယ်စရာဆိုပေမယ့် လူတွေစိတ်ထဲ အရာရာ ဟိုစပ်စပ် ဒီစပ်စပ်ပါနေတာ၊ သိချင်ယောင်ဆောင်တတ်တာကို သဘောမကျပါဘူး။ဒါတွေနဲ့ ဆန့်ကျင်ဘက် နယ်ပယ်တစ်ခုခုမှာ အောင်မြင်နေတဲ့သူတွေကတော့ သူတို့ကို အရာရာတတ်မြောက်တယ်လို့ လူတွေ ထင်စေချင်ကြတယ်၊ ဟန်ဆောင် တတ်ကြပါတယ်။ဒါက ရှက်ရမယ့်ကိစ္စတစ်ခုဆိုတာ မေ့နေတတ်ကြပါတယ်။
 
တကယ်တော့ အလုပ်တစ်ခု၊ ဘာသာရပ်တစ်ခု၊ အတတ်ပညာတစ်ခု စတာတွေကို ကိုယ်ဘယ်လောက်တတ်မြောက်တယ်၊ ကိုယ်ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ အပြောနဲ့တည်ဆောက်ပြလို့ရတဲ့ဟာတွေ မဟုတ်ပါဘူး။အလုပ်နဲ့တည်ဆောက်ပြရတဲ့ဟာတွေပါ။တချို့က ဘေးကပြောတာ ကြားဖူးနားဝရှိတာနဲ့ တချို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုလူတွေချည်းပဲရှိနေတာနဲ့ စတာ စတာတွေကြောင့် ကိုယ်ကိုယ်တိုင် သူတို့လိုပဲ တတ်တယ်ထင်ပြီး သံလိုက်ဘေးနားနေပြီး သံလိုက်လို့ထင်နေတဲ့သူတွေ ရှိတတ်ပါတယ်။ဒါတွေက တကယ့်ပညာရပ်ကိုအသုံးပြုရတဲ့ လုပ်ငန်းခွင်ကို မရောက်သေးသရွေ့ ဘာမှပြဿနာမရှိပါဘူး။ဒီလိုလိမ်ညာ ဖြီးဖြန်းပြီးနေထိုင်တဲ့အတွက် ကိုယ့်ကို ဘေးလူလည်း အထင်ကြီးတယ်။ကိုယ်ကိုယ်တိုင်လည်း ထင်ယောင်ထင်မှားစိတ်နဲ့ တတ်တယ်ထင်ပြီး လက်ရှိအခြေအနေကို ယာယီကျေနပ်စေပါတယ်။ 
 
ဒါက စိတ်ရောဂါအနုစား တစ်မျိုးပါ။ကိုယ်မကျွမ်းကျင်ပဲ တတ်ကျွမ်းယောင်ဆောင်တဲ့ တကယ့်ပတ်ဝန်းကျင်ကို ဒါမှမဟုတ် ကိုယ်တတ်ကျွမ်းတယ်လို့ ထင်ထားတဲ့ ပညာရပ်ကို အမှန်တကယ်အသုံးချရတဲ့လုပ်ငန်းခွင်ကို ရောက်ရတဲ့အခါ အမှန်တကယ်မဖြစ်မနေ ဒီပညာရပ်ကို အသုံးချရမယ့်အချိန်ရောက်တော့မှ ဒီထင်ယောင်ထင်မှားစိတ်က ကိုယ် သာမက ကိုယ့်ကိုအထင်ကြီးလေးစား နေရာပေးတဲ့ ဆက်နွယ်ပတ်သက်တဲ့သူတွေအားလုံးကိုပါ ဒုက္ခရောက် ပျက်စီးစေပါတယ်။
 
စောစောက ကျွန်တော်ပြောတဲ့ တရားအကြောင်း ဆွေးနွေးနေတဲ့သူတွေဆိုလို့ရှိရင် မူလတရားပေးသူဆရာတော် မထေရ်မြတ်တွေ၊ တရားနည်းပြဆရာတွေက နိဗ္ဗာန်ရောက်ရာရောက်ကြောင်း တရားအား ထုတ်ပုံအဆင့်ဆင့်ကို ဒီလိုလူရှေ့သူရှေ့ကြွားဝါဖို့သက်သက် သင်ပေးမှာမဟုတ်ပါဘူး။ကျွန်တော်လည်း တစ်ခါတစ်လေ တရားစခန်းဝင်ဖူးပါတယ်။တရားစခန်းဝင်တဲ့အခါ တချို့တွေက တကယ်ကို တရားကိုစိတ်ဝင်စားလို့၊ တချို့ကတော့ အမှန်တကယ်ကို အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဘာသာရေးကို အမှန်တကယ် သက်ဝင်ယုံကြည်လို့ လေ့လာလိုက်စားကြတာ၊ ဝိပဿနာတရားကို အမှန်တကယ်လေ့လာအားထုတ်ပြီး တရားနှင့်အညီနေထိုင်ဖို့ တရားစခန်းလာဝင်ကြတာများပါတယ်။
 
ဒါတွေနဲ့မတူတဲ့ နောက်တစ်မျိုးရှိပါတယ်။သူများ တရားစခန်းဝင်လို့သာ လိုက်ဝင်ကြတဲ့သူတွေဖြစ်ပြီး တရားစခန်းမှာကြုံရတဲ့ စည်းစနစ်နဲ့ နေထိုင်ရတာ၊ ကိုယ့်အတ္တကိုယ်ချိုးနှိမ်ပြီး စားသောက်နေထိုင်ရတဲ့ဒုက္ခကို မခံနိုင်ပဲ တရားလာရှာတဲ့သူတွေ၊ တရားစခန်း ဝေယျာဝစ္စလုပ်သူတွေကို တစ်မျိုးပြီး တစ်မျိုး စိတ်အနှောင့်အယှက်ပေးတဲ့ လူစားမျိုးတွေပါ။ဒီလူစားမျိုးအများစုက တရားစခန်းထွက်ပြီး အရပ်ထဲပြန်ရောက်ပြီဆိုတာနဲ့ တရားစကားကို ဟောင်စွာ ဟောင်ဖွာနဲ့ လူထူတိုင်းပြောပြောတဲ့ တရားစကားတွေကလည်း ဘုရားဟောတဲ့ တရားတွေထဲက နည်းနည်း သူသန်ရာသန်ရာကိုစွဲပြီး သူထင်တာမြင်တာ တွေနဲ့ ပြောလေ့ရှိကြတာ အများပါ။
 
ဒီလိုလူတွေကိုတွေ့မိတဲ့အခါတိုင်း တရားစခန်းက တရားနည်းပြ ဆရာတော်တွေမိန့်တဲ့စကားကို ပြန် ကြားမိပါတယ်။
 
တရားစခန်းပြီးလို့ ပြန်ထွက်တဲ့အခါတိုင်း ဆရာတော်တွေက မှာလေ့မှာထရှိပါတယ်။ကိုယ်တရားစခန်းဝင်ထားတယ်ဆိုပြီး လူအထင်ကြီးအောင် တရားရပြီးသယောင် မပြောဖို့နဲ့၊ ရပြီးသားတရားကို အမြဲဆင်ခြင်ဖို့၊ နေရာတကာမှာ လူအမြင်ကပ်အောင် ငါသိငါတတ်လုပ်ပြီး တရားစကားမဆွေးနွေးဖို့ မှာလေ့ရှိပါတယ်။ဆရာတော် တစ်ပါးနဲ့ တစ်ပါး တရားစခန်းတစ်ခုနဲ့ တစ်ခု မှာပုံတော့ တူမှာတော့ မဟုတ်ပါဘူး။
 
လောကမှာ များများလုပ်တဲ့သူက နည်းနည်းပဲပြောပါတယ်။နည်းနည်းလုပ်တဲ့သူကတော့ သူလုပ်တဲ့ နည်းနည်းလေးကို အများကြီးဖြစ်အောင် ချဲ့ကားပြီးပြောတတ်ကြပါတယ်။ဒီသဘောသဘာဝကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများကြီးပဲ တွေ့ရနိုင်ပါတယ်။များများလုပ်တဲ့သူက သူအလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်နေရတဲ့အတွက် သူများကိုဝါကြွားဖို့ အချိန်မရပါဘူး။သူ့အလုပ်တွေမပြီးမှာ၊ သူ့တာဝန်တွေမပြီးပြတ်မှာ၊ လုပ်ငန်းသဘောတရားအရ ကိုယ်တာဝန်ယူထားတဲ့တာဝန်ကို သူများအပေါ်ပိစေမှာကို စိုးပါတယ်။
 
အပြောသန်တဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူး။လူထူပြီဆိုလို့ရှိရင် လူစည်ကားပြီဆိုလို့ရှိရင် သူ့ရဲ့ နှုတ်ရေးနှုတ်ရာ အာဝဇ္ဇန်းရွှင်မှုကို အသုံးချပြီး သူဘယ်လောက်တော်ကြောင်း၊ သူဘယ်လောက်တတ်ကြောင်း အပြောနဲ့ အတုအယောင်တတ်မြောက်မှုကို တည်ဆောက်ပါတယ်။
 
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေက အများသား။
 
တရားစခန်းမှာဆိုရင် တရားပေးတဲ့ ဆရာတော်က ပထမဦးဆုံးပြောတဲ့စကားက "ကိုယ့်ကိုယ်ကိုယ်မလိမ်နဲ့၊ တရားမရသေးပဲနဲ့ တရားရချင်ယောင်မဆောင်နဲ့၊ တရားမရပဲ အပါယ်ကျလိမ့်မယ်လို့" ပြောလေ့ပြောထရှိပါတယ်။ဒီစကားကို စကြားခါစက ကျွန်တော်တို့အတွက် လက်ခံဖို့ တော်တော်ခက်ပါတယ်။ကျွန်တော်တို့နေထိုင်ခဲ့တဲ့တလျှောက်လုံး မတတ်သေးတဲ့ ပညာရပ်၊ ဘာသာရပ်မှန်သမျှကို တတ်လားလို့မေးလို့ရှိရင် သင်ရင်တတ်မှာပေါ့။လုပ်နေရင်းနဲ့ တတ်သွားမှာ ပေါ့လို့ ခပ်ပေါ့ပေါ့ပြောဆိုပြီး ဖြတ်သန်းခဲ့ဖူးပါတယ်။ဒီလိုပဲ ယူမိတဲ့ပစ္စည်း ပိုင်ရှင်သိရင်ပြန်ပေး မသိရင် ဗုန်းပစ်၊ ဖြောင်ပစ်၊ ခိုးမိတဲ့ပစ္စည်း လိမ်မိတဲ့စာရင်း ပေါ်ရင်လျှော် မပေါ်ရင်စားနဲ့ ယခုထိ ဒီဝါဒနဲ့ ဖြတ်သန်းလာခဲ့တာပါ။
 
ဒါက အမှန်တော့ မှားယွင်းတဲ့ဖြတ်သန်းမှုပါ။ဒါတွေက ကိုယ့်ကိုယ်ကိုယ်ဆွဲချတဲ့ လိမ်လည်မှု (ဝါ) ကိုယ့် ကိုယ်ကိုယ် ဖျက်ဆီးမှုပါပဲ။လောကမှာ ဘယ်အရာမှ အမြဲမှန်တယ်လို့မရှိပါဘူး။သုံးလောကထွဋ်ထား မြတ်စွာဘုရားတောင်မှ ငါဘုရားပြောတယ်ဆိုတာတောင် မယုံနဲ့ဦး၊ ဆန်းစစ်ပြီးမှယုံလို့ ဆိုထားပါတယ်။ 
 
ဒီတော့ မကြာမီလာမယ့် အချိန်ကာလတစ်ခုမှာ ကျွန်တော်တို့ပတ်ဝန်းကျင်ကိုရောက်လာမယ့် အပြောအဟော အလိမ်အညာသန်သူတွေရဲ့ ငါပြောတာအမှန်ဆိုတဲ့ အဆွယ်တရားတွေ၊ ဘာသာရေးမှိုင်းပါတဲ့ ဆွယ်တရားတွေ၊ လူမျိုးရေးမှိုင်းပါတဲ့တရားတွေကို ကြားရတဲ့အခါ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ ဆင်းရဲငတ်မွတ်မှုတွေ၊ သားတကွဲသမီးတကွဲ ငိုကြွေးရတဲ့ဒုက္ခတွေ၊ အနာဂတ်မဲ့တဲ့ ကလေးသူငယ်တွေရဲ့ ဘဝတွေနဲ့ ချိန်ထိုးဆန်းစစ်ဖို့လိုပါတယ်။
 
ဘာဖြစ်ဖြစ် အမြင်မှန်ဖို့ဆိုတာ အနည်းဆုံးတော့ ပြောတိုင်းမယုံဖို့ လိုပါတယ်။
 
မောင်ဦးလွင်
စက်တင်ဘာ - ၁၅