【 ဆောင်းပါး 】 “စိတ်အလင်းကို ဟင်းလင်းပွင့်စေခြင်း”

【 ဆောင်းပါး 】 “စိတ်အလင်းကို ဟင်းလင်းပွင့်စေခြင်း”

စာဖတ်ကြသည့် အကြောင်းအရာနှင့်ပတ်သက်လာလျှင် ပြောစရာဆိုစရာက အများကြီး လူတိုင်းရှိကြမည်။ဘယ်သူမဆို စာဖတ်ခြင်းကကောင်းကြောင်းတော့ ပြောကြတာချည်းပဲဖြစ်သည်။သို့သော် ယခုကော စာဖတ်ကြလားဆိုလျှင် အကြောင်းအမျိုးမျိုးကို ပြကြမည်ကို ကြုံကြမည်ဖြစ်သည်။စာဖတ်ခြင်းက အလေ့အကျင့်တစ်ခုသာဖြစ်သည်။ပုံမှန်စာဖတ်သူများကိုကြည့်ပါက စကားနည်းကြပြီး အတွေးများကြသည်ကို တွေ့ရမည်။စာဖတ်သူများစိတ်တွင် ကိုယ်မရောက်ဖူးသည့်နေရာ၊ ကိုယ်မရောက်ဖူးသည့်အတွေ့အကြုံကို ဘယ်ကနေရမလဲဆိုတာကို အမြဲမျှော်လင့်ထားကြသူများဖြစ်သည်။ဆိုလိုချင်သည်က မရောက်ဘူးသည့် ကမ္ဘာအတွက် အသင့်ဖြစ်နေခြင်းဖြစ်သည်။

ငယ်စဉ်က စာဖတ်ခြင်းကို ဘယ်လိုပုံစံဖြင့် ဖြတ်သန်းခဲ့ရသည်ဖြစ်စေ ဖတ်မိသည့်စာကို လက်တွေ့ဘ၀ထဲ ယူနိုင်သူကသာလျှင် နောက်ဆုံး ကိုယ့်ဘ၀ကိုယ် ကိုယ်ကြိုက်သလို စီရင်နိုင်ခြင်းဖြစ်သည်။တချို့က စာဖတ်ရာတွင် အတော်များများကိုဖတ်ဖူးသည်။သို့သော် သူဖတ်သည်က စာအမြန်ဖတ်ခြင်းဖြစ်သဖြင့် ဇာတ်ကြောင်းကိုတော့ သိသည်။သို့သော် ဇာတ်လမ်းထဲမှ စာရေးသူပြောချင်သည့် အကြောင်းအရာ၊ အယူဝါဒနှင့် ဒေသအခင်းအကျင်း၊ ဇာတ်၏လှည့်ကွက်၊ လူ့သဘောသဘာ၀နှင့် စကားတန်ဆာဆင်မှုတို့ကို သတိမပြုမိသလိုဖြစ်ပေသည်။

စာဖတ်မြန်ခြင်းသည့် အချို့နေရာများတွင် ကောင်းသောအရည်အချင်းဖြစ်သော်လည်း ရသစာပေနှင့် သမိုင်းနောက်ခံစာပေများကို ဖတ်သည့်အခါ လဘက်ရည်တစ်ခွက်ကို ခပ်မြန်မြန်သောက်ချလိုက်ခြင်းနှင့် တူပေသည်။လဘက်ရည်ဆိုင်ထိုင်သည့်အခါ လူတိုင်းက ကြိုက်နှစ်သက်ရာကို မှာကြသည်။ဆိုင်တိုင်းတွင် ကြိုက်နှစ်သက်ရာ အချိုးအစားကို အမည်တပ်ကာ မှာယူနိုင်သည်။ကျဆမ့်၊ ချိုကျ၊ ပေါ့ကျ၊ ပုံမှန် စသဖြင့်။သို့သော် ဆိုင်တချို့က အောင်မြင်ပြီး ဆိုင်တချို့က ဘာကြောင့်မအောင်မြင်သနည်းဆိုသည်မှာ လဘက်ခြောက်အမျိုးအစားနှင့် ဖျော်သူ၏ အစပ်အဟပ်ပင်ဖြစ်သည်။ထိုသို့သော အကြောင်းတရားများကြောင့် ဆိုင်တစ်ဆိုင်၏ လဘက်ရည်ကောင်းခြင်း မကောင်းခြင်း ဖြစ်လာရခြင်းဖြစ်သည်။သို့သော် လဘက်ရည်ဘယ်လောက်ကောင်းကောင်း လဘက်ရည်အရသာမသိဘဲ ရေသောက်သလို သောက်တတ်သူများနှင့်ဆိုပါက လဘက်ရည်အရသာဆိုတာ ဘယ်လိုလဲဟု မေးလို့ရမည်မဟုတ်ပေ။ဒါတွေက လဘက်ရည်သမားတွေမှသာ သိမည်ဖြစ်သည်။စာဖတ်ခြင်းအရသာကို သိသာထင်ရှားစေရန် လဘက်ရည်သောက်ခြင်းနှင့် မြင်သာအောင် ခိုင်းနှိုင်းပြလိုက်ရသော်လည်း စာဖတ်ခြင်းက ထိုထက်ပိုပြီးလေးနက်ပေသည်။

စာအုပ်ထဲတွင် ဘာရှိသနည်း။ထိုမေးခွန်းမှာ စာဖတ်ဖို့ အလေ့အကျင့်လုပ်ခိုင်းသည့်အခါတိုင်း ကြုံရသည့် မေးခွန်းဖြစ်သည်။ကျနော်တို့ခေတ်တွင် စာအုပ်စာပေဆိုသည်မှာ ၁၉၆၂ မတိုင်မီက ထုတ်ခဲ့သည် စာအုပ်စာတမ်း အကြွင်းအကျန်သာရှိပြီး အပျော်ဖတ်စာပေနှင့် ဆိုရှယ်လစ်ခေတ်အတွက် အထောက်အကူဖြစ်စေရန် ဝါဒဖြန့်သည့် စာအုပ်စာတမ်းများသာရှိသည်။
စာအုပ်ကောင်းဖတ်လိုသည့်အခါ စာအုပ်ဆိုင်အဟောင်းတန်း ယခု ပန်းဆိုးတန်း အောက်ဘလောက်သို့ ပြေးရသည်။ထိုတစ်၀ိုက်နှင့် မြို့ထဲနေရာအတော်များများတွင် စာအုပ်အဟောင်းများရောင်းသည့်နေရာတွေရှိသည်။ထိုနေရာကို အားကိုးပြီး စာအုပ်ကောင်းကိုရှာရသည်။ထိုနေရာတွင် စာသမားများစုရာဖြစ်သဖြင့် လမ်းဘေးလဘက်ရည်ဆိုင်လေးများရှိသည်။လဘက်ရည်ကျကျတစ်ခွက်၊ ဆေးလိပ်တစ်လိပ်နှင့် ကိုယ်ရွေးထားသည့်စာအုပ်များကို သန့်အောင်ပြန်ချုပ်တာကို စောင့်ရသည့်အချိန်တွေက ယခုပြန်တွေးကြည့်သည့်အခါ လွမ်းဆွတ်ဖွယ်အချိန်ကာလတွေဖြစ်သည်။

စာအုပ်ထဲတွင် ဘ၀တွေများစွာရှိသည်။ထိုဘ၀တွေကိုမြင်နိုင်ဖို့ စာဖတ်သည့်အခါ စိတ်အာရုံများ၊ ခံစားမှုများကို အတွန်းအတိုက်မရှိအောင် ဖွင့်ထားရသည်။အားပျော့နေအောင်၊ အလျဉ်းမရှိအောင်ထားရသည်။ထိုစဉ်က အချို့စာအုပ်များမှာ ပေါ်တင်ရောင်းလို့ရသည့် စာအုပ်များမဟုတ်သဖြင့် လက်သိပ်ထိုးဝယ်ရသည်။ဆရာဗန်းမော်တင်အောင် စာအုပ်အချို့၊ ဆရာမြသန်းတင့် စာအုပ်အချို့ဆိုလျှင် အဟောင်းတန်းထဲရောက်သည်နှင့် ဖျပ်ကနဲမြင်လိုက်ရတာပဲရှိသည်။လိုချင်ပါက ကြိုတင်မှာထားရသည်။ကျနော်တို့ခေတ်က နားပိတ်မျက်စိပိတ်ရသည့်ခေတ်ဖြစ်ပြီး စက္ကူစျေးကြီးသည်ထက် စာပေစိစစ်ရေးကြောင့် စာအုပ်အများအပြားထွက်နိုင်ခြင်းမရှိပေ။ထွက်သည့် စာအုပ်များမှာလည်း စိစစ်ရေးက ဆင်ဆာတွေများကာ ဖြတ်တောက်လိုက်သဖြင့် မူရင်းစာအုပ်အရသာကို အပြည့်အ၀ခံစားရတာနည်းသည်။ထိုခေတ်က အင်္ဂလိပ်စာအနည်းငယ်တတ်သူတို့နှင့် အတော်အသင့်တတ်မြောက်သူတို့အတွက်တော့ သင်္ဘောသားတွေအပြန်ယူလာသည့်၊ သံတမန်တွေဆီကနေ ဘော်တယ်ကုလားဆီရောင်းချသည့် ရီးဒါဒိုင်ဂျတ်တို့ နေရှင်နယ်ဂျီအော်ဂရော်ဖီတို့လို နိုင်ငံခြားမဂ္ဂဇင်းတွေကို တိုက်ရိုက်ဖတ်နိုင်သဖြင့် ကျနော်တို့ထက် ပြင်ပကမ္ဘာကို တင်းပြည့်ကျပ်ပြည့်မြင်ဖူးသည်ဟု ဆိုနိုင်သည်။သို့သော် နောက်ပိုင်းတွင် ထိုမဂ္ဂဇင်းများလည်း သံတမန်မှလွဲပြီး လေဆိပ်မှာ လှီးရဖြတ်ရနှင့် အကောင်းမြင်ရသည်မရှိတော့။

ပြောချင်သည်မှာ ကျနော်တို့ခေတ်က စာအုပ်ဆိုသည်မှာ ယနေ့ခေတ်လို ကိုယ်လိုချင်ပါက ဝယ်လို့ရသည့်ခေတ်မဟုတ်ပေ။ငွေရှိပါက လိုချင်တိုင်းရသည့်ခေတ်မဟုတ်ပေ။စာအုပ်ကောင်းတစ်အုပ်ရပါက လက်ဆင့်ကမ်းဖတ်ရသဖြင့် စာတစ်ပုဒ်တန်ဖိုးသာမက စာအုပ်တန်ဖိုးကလည်း ကြီးမားလှသည်။ထိုခေတ်က ဆရာနတ်နွယ်၏ မြန်မာပြည်မြောက်ပိုင်း၊ ဆရာမြသန်းတင့်၏ စစ်နှင့်ငြိမ်းချမ်းရေး၊ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စသည့် စာအုပ်များမှာ အရှာရခက်လှသည့် စာအုပ်များဖြစ်သည်။ထို့ကြောင့် စာအုပ်ကနေဖြတ်ခဲ့ရသည့်ခေတ်၊ ဖြတ်နေသည့်ခေတ်ကို မြင်ရန် ခဲယဉ်းသလို တခြားနိုင်ငံများ၏ခေတ်ပြိုင် ခေတ်ကာလအခြေအနေကိုလည်း သိရန် ခက်ခဲလှသည်။ဒီလိုအခြေအနေမှာ ကျနော်တို့အတွက် ပြင်ပကမ္ဘာကိုထိတွေ့ဖို့ရာ စာအုပ်သာရှိသည်။စာအုပ်ကနေသာ ပြင်ပကမ္ဘာကို လှမ်းမျှော်ကြည့်နိုင်သည့် အခွင့်အရေးရှိသည်။မြန်မာစာရေးဆရာကြီးများကြောင့်  တော်စတွိုင်း၊ အီလျင်အီလျာဘတ်၊ ဂျိမ်းဂျွိုက်စ်၊ မာဂရက်မစ်ချယ်လ်၊ အဂ္ဂါစနိုး၊ လူရွှန်း၊ မက္ကဇင်ဂေါ်ကီ၊ ဂါဆီယာ၊ ကာဖ်ကာ စသည့် ကမ္ဘာကျော်စာရေးဆရာများ၏ လက်ရာများကို ဖတ်ရသည်။သူတို့ဆီကအမြင်ကို ခံစားရသည်။
သူတို့ဆီကခေတ်ကို တွေ့ရသည်။ထိုသည်က စာဖတ်ခြင်းကြောင့်သိလာသည့် ကမ္ဘာကျယ်ပြန့်လာခြင်းပဲဖြစ်သည်။

ယနေ့ခေတ်တွင် စာဖတ်ခြင်းနည်းသည်ဟု ဆိုနိုင်သော်လည်း ခေတ်စားရာ လူမှုကွန်ရက်တွင် နည်းမျိုးစုံ ဖြင့် လူတွေ စာဖတ်အောင် လုပ်နေကြသည်ကို တွေ့ရသည်။တချို့က စာအမြည်း၊ တချို့က စာကိုဖတ်ဖြစ်အောင် အသံဖြင့်ဖတ်ပြသည့် အပလီကေးရှင်းများ လုပ်ကြသည်။တချို့ကတော့ အပိုင်းလေးတွေဖြတ်ပြီး စာတွေတင်ကြသည်။သိသာသည်ကတော့ အီလက်ထရွန်းနစ်ခေတ်တွင်လည်း စက္ကူဖြင့် ထိတွေ့သည်မရှိသည်ကလွဲလို့ ကိုယ်ဖတ်ချင်သည့်စာအုပ်ကို ရှာယူဖတ်လို့ရတာကို တွေ့ရနိုင်သည်။တချို့ကတော့ ဒီလိုနယ်ကနေကျော်ကာ မူရင်းစာအုပ်တွေအထိ တက်လှမ်းကြသည်။ပြည်တွင်းမှာလဲ စာဖတ်သည့်လူငယ်မျိုးဆက်က အရှိန်အဟုန်ဖြင့် ရုန်းထနေသည်။လူကြီးတွေလို စက္ကူပေါ်က စာအုပ်တွေထဲမှာ အတွေးကပိတ်မိနေသည်မဟုတ်။လက်တွေ့နှင့်ယှဉ်သည့် စာပေနှင့် လူငယ်တွေက အတွေးရဲရဲဖြင့် ခေတ်ကိုဦးဆောင်နေကြသည်။ကမ္ဘာနှင့်ချိတ်ဆက်ကာ စာပေအရာတွေ တက်လှမ်းနေကြသည်။ကျနော်တို့ ကြောက်ခေတ်နှင့်ယှဉ်လျှင် အားရဖွယ်ကောင်းလှသည်။

စာဖတ်ခြင်းသည် ဦးနှောက်အတွက် ခွန်အားဖြစ်သည်။စာထဲတွင် ပညာကို တန်ဖိုးထားသူတွေ၊ လူကျင့်ဝတ်ကို စောင့်ထိန်းသူတွေ၊ ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းကို တန်ဖိုးထားသူတွေ၊ လူတစ်ယောက်၏ စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်တရားကို ကောင်းမွန်အောင် တည်ဆောက်လိုသူတွေ၊ ကောင်းမွန်သည့်လူ့အဖွဲ့အစည်းကို တည်ဆောက်လိုသူတွေကို စံပြအနေဖြင့် ဇာတ်ကောင်ထားသလို လူအဖွဲ့အစည်းကို ယုတ်မာသည့်နည်းဖြင့် လွှမ်းမိုးချုပ်ကိုင်လိုသူတွေ၏ လားရာမကောင်းသည့် ဇာတ်သိမ်းတွေကိုလည်း သမိုင်းနှင့်ယှဉ်ကာ ဖော်ပြထားလေ့ရှိသည်။စာဖတ်ခြင်းကို မကြိုက်သူဆိုသည်မှာ ကိုယ့်မကောင်းကြောင်း ရေးထားပြောထားတာကို မဖတ်ဝံ့သည့်သဘော၊ စာအုပ်များကို မတွင်ကျယ်စေလိုခြင်းမှာ လူတွေ ဉာဏ်အလင်းပွင့်မှာ မလိုတဲ့သူတွေသာဖြစ်သည်။

စာဖတ်ခြင်းက အသိဉာဏ်ကိုပွင့်စေသည်။မမြင်ခဲ့သည့် အမြင်တွေကို မြင်စေသည်။မျှတသည့်စိတ်ကို ဖြစ်စေသည်။လူ့လောက လူ့ကမ္ဘာကို အကောင်းဘက်ကသာ တွေးစေသည်။စာများများဖတ်ခြင်းက ခေတ်ကို စိုးမိုးနိုင်စေပြီး လူတိုင်းကို ကိုယ်ချင်းစာတရားဖြင့် မျှတစွာတွေးပေးနိုင်သည်။စာတစ်အုပ်ထဲဖတ်ပြီး ကိုယ့်စိတ်နှင့် အကိုက်ဖြစ်လို့ တရားသေကျင့်သုံးလိုသူ  ပညာတတ်ဟန်ဆောင်၊ သူတော်ကောင်းဟန်ဆောင်လိုသူတွေအတွက်ကတော့ စာများများဖတ်သူတို့က အန္တရာယ်ဖြစ်သည်။တရားလက်လွတ် ပညာမဲ့သူတွေအတွက် စာအုပ်စာပေဆိုသည်မှာ သူတို့ရပ်တည်မှုအတွက် အန္တရာယ်ဖြစ်သည်။ထိုခေတ်ကို ကျနော်တို့အရွယ်ကောင်းစဉ် ဖြတ်ခဲ့ရသည်။နောက်တစ်ချိန် မရောက်ချင်တော့။

အစားကောင်းကြိုက်သူတို့ အချိန်မရွေးသွားစားခွင့်ရသည်ကို လိုလားကြသလို စာဖတ်ဝါသနာပါသူတွေအတွက်လည်း ကိုယ်ဖတ်ချင်သည့်စာကို အချိန်မရွေး လွယ်လင့်တကူဖတ်လို့ရသည့် ခေတ်ကာလကိုသာ လိုချင်ပါသည်။နေချင်ပါသည်။

တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ လွတ်လပ်သောစိတ်ကို မွေးမြူပေးခြင်းဖြစ်ပါသည်။

မောင်ဦးလွင်
ဇန်နဝါရီ - ၂၀