【 ဆောင်းပါး 】 ရှမ်းတောင်တန်းပေါ်က (၅) ရက် တစ်ဈေး - ၁

【 ဆောင်းပါး 】 ရှမ်းတောင်တန်းပေါ်က (၅) ရက် တစ်ဈေး - ၁

ဈေးနေ့၊ ဈေးလွန် (၁) ရက်၊ ဈေးလွန် (၂) ရက်၊ ဈေးလွန် (၃) ရက်၊ ဈေးဖိတ်၊ ဈေးနေ့။

ရှမ်းပြည်နယ်ရဲ့ ဈေးနေ့လေးတွေကို ပြန်သတိရမယ် ထင်ပါတယ်။ကျန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က အောက်မြန်မာနိုင်ငံမှာ လိုအပ်တဲ့ စားသောက်ကုန်အမြောက်အများကို ရှမ်းပြည်နယ် ရွှေညောင်ကနေ တင်သွင်းနေခဲ့ရပါတယ်။ရွှေညောင်ရထားလို့ အလွယ်ပြောကြပေမယ့် အမှန်က သာစည်-ရွှေညောင်ရထားပါ။သာစည်- မိတ္ထီလာ-မြင်းခြံ တစ်လမ်း၊ အတော်အဓိကကျတဲ့ သာစည်ပါ။အင်မတန်စည်ကားပါတယ်။

နိုင်ဝင်းဆွေက သူ့ရဲ့ နွေတစ်ညဝတ္ထုမှာ သာစည်ညကို လွမ်းလောက်စရာ ဖွဲ့ထားခဲ့ဖူးလေရဲ့။ကျနော့်လို စာရူးပေရူးဖြင့် လွမ်းရချက်ပေါ့။ဝေလီဝေလင်းသာစည်နဲ့ နိုးထသာစည်ဟာ မတူပါဘူး။နေ့လယ်သာစည်နဲ့ ညသာစည်ကလည်း မတူပါဘူး။ရီဝေရီဝေသာစည်နဲ့ ကျွန်းထိုးမှောက်ခုန်သာစည်ကလည်း မတူပြန်ပါ၊။ချစ်တတ်ရင် ချစ်စရာကောင်းပါတယ်။

လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က သာစည်ရထားဟာ လူများပါတယ်။လက်မှတ်လည်း ခက်ပါတယ်။ဒါကြောင့်လည်း မှောင်ခိုလက်မှတ် ဝယ်ရတယ်။ရထားတစ်ခုံစာ တစ်နေရာစာဟာ သိပ်ကိုတန်ဖိုးရှိပါရဲ့။ငါးပိငါးခြောက်နဲ့ ဆားဟာ ရွှေညောင်ရထားမှာ မှောင်ခိုပစ္စည်းပါ။ဒါပေမဲ့လည်း မရ ရအောင်တော့ သယ်ကြပါတယ်။ငပိငါးခြောက်ကို ပလပ်စတစ်အိတ်နဲ့ အသေအချာ နှစ်ထပ်လောက်ထုတ် အပေါ်က ပီနံအိပ် ဂုံနီအိတ်နဲ့ထုတ်။အဲလိုသယ်ပြီး ရောင်းဝယ်ခဲ့ကြရပါတယ်။ရထားကတော့ ရွှေညောင်ဟာ ခရီးဆုံးဘူတာပါ။

ရွှေညောင်-နန့်ဆန် ရထားလမ်းရှိပေမယ့် စစ်သုံးလောက်ပဲ အသုံးပြုပါတယ်။နန့်ဆန်က စစ်တပ်ရဲ့ အမာခံစခန်းပါ။ညနေညဦးပိုင်းလေးမှာ ရွှေညောင်ကို ရောက်တတ်ပါတယ်၊ အဲဒီမှာ ကုန်ရောင်းဝယ်သူဟာ ပစ္စည်းတွေနဲ့အတူ နားခိုရာရှာပေါ့။သိပ်မခက်ပါဘူး။ဘူတာအနီးအနားက ပွဲရုံဆန်ဆန် ဖွဲ့စည်းထားတဲ့ အဆောက်အဦမှာ သူလိုကိုယ်လိုပဲ လွယ်အိပ်ကိုခေါင်းအုံး တဘက်တစ်ထည်ခြုံလို့ ကျုံ့ကျုံ့ရုံ့ရုံ့အိပ်တတ်ရင် လွယ်ပါတယ်။ပစ္စည်းတွေလည်း ဒီလိုပဲ ဖုံးဖုံးဖိဖိနဲ့ တစ်ညတာ နားလို့ရပါတယ်။

အများအားဖြင့်ကတော့ ပါတဲ့ ငါးပိ ငါးခြောက် ပုစွန်ခြောက် အသင့်ရောင်းနိုင်ဖို့ရာ ဈေးဖိတ်နေ့ နေ့လယ် (သို့မဟုတ်) ညပိုင်းလေးရောက်လာရင် နောက်တစ်နေ့ ဈေးနေ့မှာ အသင့်ရောင်းနိုင်ပြီပေါ့။ဒါကတော့ အမျိုးသမီးများအတွက် ပြောတာပါ။အမျိုးသားလူငယ်လူလတ်တွေအတွက်ကတော့ တစ်ခွက်တစ်ဖလား ငုံချင်မော့ချင်ရင် ဘူတာနဲ့ မလှမ်းမကမ်းမှာပဲ မီးရောင်မှိန်ပျပျနဲ့ ရှိတတ်ပါရဲ့။သောက်ပါဦးလို့ အမြည်းပေးတတ်တာမို့ ခွက်ငယ်လေးတွေနဲ့ ယူသောက်ကြည့်လို့ရပါတယ်။အမြည်းကလည်း အဖိုးနည်းဝန်ပါ မြေပဲလှော် အမဲခြောက်ကျော်လောက်နဲ့ စိုပြည်နိုင်ပါရဲ့။

အဲဒီအချိန်က လူတစ်ယောက် တစ်ညအိပ်ခ တစ်ဆယ်လောက်ပဲ ပေးရပါတယ်။ခေတ်အခါတွေ ဘယ်လိုပြောင်းပြောင်း ဆင်းရဲသူဆင်းရဲသားအတွက် တစ်နိုင်တစ်ပိုင် တည်းခိုစားသောက် ညအိပ်လို့ရတဲ့ နေရာကလေးတွေရှိနေတတ်တာ ရှမ်းပြည်ရဲ့ အလှတရားတစ်ခုပါပဲ။

ကျနော် နေရာနှံ့အောင် တည်းဖူးပါတယ်။ရွှေညောင်အပြင် အောင်ပန်းမှာလည်း တဲဖူးပါရဲ့။အောင်ပန်းဘူတာက အောင်ပန်း-လွိုင်ကော် လမ်းခွဲရှိတော့ကာ ဘူတာကြီးပါတယ်။လမ်းဆုံဘူတာဆိုပါတော့။ဘူတာမှာပဲ ဆိုင်နဲ့ဖွင့်တဲ့ ထမင်းဆိုင်ရှိသလို အထမ်းနဲ့ အထုတ်နဲ့ ခုံပုလေးတွေနဲ့ရောင်းတဲ့ဆိုင်လည်း ရှိတတ်ပါတယ်။သူတို့ကို တစ်ခွန်းနှစ်ခွန်း တီးခေါက်ကြည့်လိုက်တာနဲ့ တန်ဘိုးနည်း သင့်လျော်ရာ အိပ်ခန်းနေခန်းလေး ရတတ်ပါရဲ့။

ကျနော်မေးလိုက်တော့ အထမ်းနဲ့ ထမင်းသည်ကပဲ သူ့ဆီမှာ တည်းနိုင်ပါတယ်လို့ သိရပါတယ်။ညအိပ် တစ်ဆယ်၊ ရေချိုး တစ်ကျပ်ပါ။ကိုယ့်ထက်ကြီးတဲ့ အမျိုးသမီးက ပုစွန်ခြောက်သည်ပါ။မိတ္ထီလာ-သာစည် ကူးချည်သန်းလှည့်နဲ့ ဒီမှာပဲတည်းနေတာ ကြာပါပြီတဲ့။ထမင်းသည်က ရထားဝန်ထမ်းပါ။

ကျနော်ငယ်ငယ်က ပုခုံးပေါ်မှာ ပေါက်ချွန်းနဲ့ ဂွထမ်းပြီး ရထားသံလမ်းတစ်လျှောက် လမ်းသွားနေတတ်တဲ့ ရထားအလုပ်သမား ကုလားကြီးတွေကို မြင်ဖူးပါတယ်။ဇလီဖားတုံးအောက်မှာ ကျောက်လျော့နေရင် ရိုက်ထည့်ပေးတတ်သလို သံလမ်း မူလီချောင်နေရင်လည်း ဂွနဲ့ကြပ်သွားတာကို မြင်ဖူးပါတယ်။ရထားမှာ သံလမ်းကောင်းဖို့က ရထားကောင်းဖို့ထက် ပိုအရေးကြီးပါတယ်။ကျနော်တို့နိုင်ငံမှာ ရထားသံလမ်းတွေ မပြုပြင်နိုင် ကျောက်မဖြည့်နိုင်နဲ့ ပစ်ထားတာ နှစ် ၃၀ ကျော်လောက်ပါပြီ။ဘယ်လူးညာလိမ့် အထက်အောက် ခုန်ပေါက်နေတာ နှစ်သုံးလေးဆယ်မကဘူး ထင်ပါတယ်။

တကယ်တော့ ရှမ်းပြည်နဲ့ ဗမာပြည် ဆက်ဆံရေးဟာ ရှေးဗမာဘုရင်တွေလက်ထက်က အတော်ကိုခက်ပါတယ်။ရှေးကအတိုင်း ဝန်တင်လှည်းတွေ အထမ်းသမားတွေနဲ့သာ သွားလာလို့ရတာပါ။အင်္ဂလိပ်က အကွက်မြင်ပါတယ်။ ၁၈၈၅ မှာ မန္တလေး နေပြည်တော်ကို သိမ်းပိုက်ပြီး ၁၉၀၀ ကျော်ကာလမှာပဲ ရှမ်းပြည် ရထားလမ်းကို စဖောက်ပါတယ်။သူတို့အကျိုးအမြတ်အတွက် လမ်းဖောက်တာမှန်ပေမယ့် ရှမ်းနဲ့ ဗမာ ဆက်ဆံရေး ဆက်သွယ်ရေး ပိုကောင်းလာတာလည်း ငြင်းလို့မရတဲ့ အကြောင်းတရားပါ။

ရွှေညောင်ဈေးနေ့ဟာ အတော့်ကိုစည်ပါတယ်။ရောင်းဝယ်မယ့် ကျနော်တို့လို အသည်သမားတွေ မနက်ဝေလီဝေလင်းမှာ ဆိုင်ခင်းဖို့ ပြင်ဆင်ကြပါပြီ။နေရာအတွက်ကတော့ ဘယ်သူမှပိုင်ဆိုင်တာမဟုတ်လို့ ဦးတဲ့သူ နေရာကောင်းရတဲ့ သဘောပါပဲ။ကျနော်က ပလာတူးငါးပိကောင် ငါးဆားနယ်ပါပါတယ်။တစ်နိုင်တစ်ပိုင်မို့ ပီနံအိတ် အလုံး (၂၀)လောက် အဓိကပါခဲ့ပါတယ်။

ငါးခြောက် မြီးတံသွယ်ကတော့ ရောင်းကောင်း၊ မကောင်း သိချင်လို့ ကုန်စမ်းတဲ့သဘောပါပဲ။နှင်းပျောက်စမှာ ဈေးကစည်လာပါပြီ။ရှမ်းပြည်မှာ (၅) ရက်တစ်ဈေးကို ဘယ်သူက ဘယ်တုန်းလောက်က စခဲ့သလဲ။တစ်နေရာရာမှာ ဖတ်ဖူးပေတယ်လို့ ထင်ရပေမယ့် မေ့ခဲ့ပါပြီ။ပဒေသရာဇ်ခေတ် နောက်ဆုံးကာလ ကုန်းဘောင်မင်းဆက် ပျောက်သွားသည်အထိ ဈေးအနေနဲ့ ဈေးဆိုင်အနေနဲ့ တည်ခင်းရောင်းချတာ မတွေ့မိပါဘူး။လှည်းသားငါးရာ ကုန်ကူးတဲ့အကြောင်းကိုတော့ မဆွကတည်းက တွေ့ဖူးဖတ်ဖူးလို့ ကုန်သည်တော့ရှိပါပြီ။ငါးရက် တစ်ဈေးကို အုပ်ချုပ်ရေး အတွေ့အကြုံများတဲ့ အင်္ဂလိပ်က စခဲ့သလားလို့ တွေးမိပါတယ်။အင်္ဂလိပ်က အိန္ဒိယ၊ ပါကစ္စတန် အာဖဂန်နစ္စတန်တို့လို ဟိမဝန္တာဒေသတွေကို အုပ်စိုးခဲ့ဖူးတာကိုး။အထောက်အထားတော့ရှိမှာပါ။ကျနော်မတွေ့သေးလို့သာပါ။

အရင်ကတော့ ရှမ်းနဲ ပအိုဝ့်တွေသာများတာမို့ ပင်နီရောင်ဝတ်ရှမ်းနဲ့ အနက်ရောင်ဝတ်ပအိုဝ့်တို့သာ တွေ့ရများမှာဖြစ်ပေမယ့် အခုတော့ ဗမာတွေများသလို ဗမာမဟုတ်ပေမယ့် ဗမာလိုဝတ်သူတွေလည်း များလာပါပြီ။ပအိုဝ့်မကြီးတစ်ယောက်က ဈေးဦးဖောက်လိုက်ပါပြီ။ရယ်စရာကောင်းနေမလားမသိဘူး။ရှမ်းတွေက သိပ်အဆစ်တောင်းတာပဲ။ "အဆစ်မပါ စားမချိုလို့ ပြောတတ်ကြပါတယ်"။သူတို့ကိုရောင်းရင် သူတို့အထာကိုသိမှ ဖြစ်မှာပါ၊။ကိုယ်ကအဆစ်မပေးရင် သူတို့က ကောက်ထည့်တတ်ပါတယ်။တစ်ခုကောင်းတာက ကျနော်တို့အောက်ပြည်မှာလို တစ်ဆယ်သား ငါးကျပ်သား မရောင်းပါဘူး။အနည်းဆုံး အစိတ်သား-နှစ်ဆယ့်ငါးကျပ်သား ရောင်းပါတယ်။အလေးတစ်ရာ ချိန်ခွင်တစ်ရာဆိုတော့ကာ ချိန်ရတာတော့ နည်းသွားတာပေါ့လေ။

ရွှေညောင်ဈေးနေ့ကို အပေါ်စီးကကြည့်မယ်ဆိုရင် သိပ်လှမှာပဲ ထင်တယ်။အရှေ့ဘက်မှာ ကြက်သွန်ဖြူအိတ်တွေ တစီတတန်းကို တွေ့ရမယ်၊ ဈေးအနောက်ဘက်မှာတော့ အာလူးတန်းကြီး တမျှော်တခေါ်ပေါ့။ဝါစိမ်း နီပြာထီးအရောင်လေးတွေလည်း လှလှပပတွေ့ရမှာပါ။ကုန်စိမ်းကတော့ အမျိုးအစားအစုံပါပဲ။ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးညွန့်၊ ဂေါ်ရခါးသီး၊ ဗူးညွန့်၊ ဗူးသီး၊ ငြုတ်၊ ငြုတ်စိမ်းပွ၊ ပန်းငြုတ်၊ တညင်း ပွဲရုံတွေကနေ ဆင်းကောက်တဲ့ အများစုကတော့ အာလူးကြက်သွန်ပေါ့။ကြက်သွန်ဖြူကတော့ အမွှာရော ဥတစ်လုံးပါရှိပါတယ်။ပင်းတယဘက် မွေတော်ကုက္ကိုဘက်က အလုံးလှ အလုံးညီပါတယ်။မွှေးရနံ့လည်းရှိပေရဲ့။ကြူကုတ်ကတော့ အမွှာကြီးတယ် အနံ့အရသာနည်းပါတယ်။ဥတစ်လုံးလို အမွှာလို ဈေးမကောင်းပေမယ့် ဟင်းအနှစ်များများရအောင် ချက်နိုင်တာမို့ ထမင်းဆိုင်တွေက ကြိုက်ကြပါတယ်။ဝယ်လက်ကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါ။

ပြီးခဲ့တဲ့လပိုင်းလောက်က ရန်ကုန်မှာ အာလူးပြတ်သွားတယ်။လက်ကျန် အာလူးတွေ ဈေးတက်ကုန်ပါတယ်။ရန်ကုန်ကိုယ်၌က ဘာမှထွက်တာမဟုတ်လေတော့ ပစ္စည်းပြတ်ရင် ဈေးတက်သွားတာပါပဲ။ဒါပေမဲ့ ရန်ကုန်က လူလည်ကြီးသားသမီးပါ။အာလူးကို မရှိမဖြစ်သုံးတဲ့ စမူဆာကြော်ဆိုပါတော့။အာလူးပြတ်ရင် ဂေါ်ဖီကြက်သွန် ပိုသုံးပါတယ်။စမူဆာမှာ အဓိက အာလူးကြက်သွန် ဂေါ်ဖီပါ။တစ်မျိုးမဟုတ်တစ်မျိုး ဈေးတက်တတ် ဈေးကျတတ်ပါတယ် ဒီတော့ ဈေးအပေါဆုံးကို အများဆုံးထည့်ကြပါတယ်။အခြား ခေါက်ဆွဲ၊ ကြာဆံ၊ လက်သုတ်စုံတွေမှာလည်း ဒီလိုပါပဲ။ဂေါ်ဖီသုံးနေကြဖြစ်ပေမယ့် ဂေါ်ဖီဈေးတက်ရင် သခွားသီးပြောင်းထည့်တာပေါ့။

ကျနော်တို့ကသာ ပစ္စည်းတစ်မျိုးပြတ်သွားရင် မသိလိုက်ပေမယ့် ဈေးကွက်ကတော့ လှုပ်သွားပါတယ်။မကျည်းသီးပြတ်သွားရင် ဈေးကွက်မှာ ဘာဖြစ်မလဲ။ထမင်းဆိုင် အသုတ်ဆိုင် တိုင်းရင်းဆေးလုပ်ငန်း စသည် လှုပ်သွားပါတယ်။ထန်းလျှက်ပြတ်သွားရင် ဘာဖြစ်မလဲ။နေ့စဉ်စားသောက်နေတဲ့ မုန့်မျိုးစုံ ဘိန်းမုန့်၊ ခေါက်မုန့်၊ မုန့်စိမ်းမုန့်စိမ်းပေါင်းသာ။ငရုတ်၊ ကြက်သွန်၊ ဂျင်း ပြတ်သွားရင်လည်း အဲဒီလိုပါပဲ။ကိုယ့်တစ်အိမ်စာလောက်သာဆိုရင် သိပ်မသိသာပေမယ့် နိုင်ငံနဲ့ချီတဲ့ ဈေးကွက်ကြတော့ ပမာဏကြီးပါတယ်။ဟင်းချက်ရာမှာ ဂျင်းတက်ကို တခွာတညိုသုံးတာဖြစ်ပေမယ့် သီရိမင်္ဂလာဈေးကွက်မှာ ဆယ်ဘီးကားနဲ့ ဂေါ်ထိုးပြီး တင်နေ၊ ချနေတာပါ။

ရှမ်းပြည် ငါးရက်တစ်ဈေးဟာ မသိတဲ့သူတွေက ဘာမှမဟုတ်ဘူး ထင်ကြပေမယ့် ရန်ကုန်မှာ အနယ်နယ်အမြို့မြို့မှာ ကုန်စည်တစ်ခုခုပြတ်သွားတာ ရုတ်တရက်ဈေးတက်သွားတာတွေက နေ့စဉ်ဘဝမှာ သက်ရောက်မှုကြီးတတ်ပါရဲ့ ။

ရှမ်းရထား၊ ရွှေညောင်ရထားကြီးနဲ့ ငါးရက်တစ်ဈေး အဆက်အစပ်ဟာ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။

လင်းထင်