【 ဆောင်းပါး 】 ရွှေအိမ်သည်နှင့် ရွှေအိမ်သည်

【 ဆောင်းပါး 】 ရွှေအိမ်သည်နှင့် ရွှေအိမ်သည်

ရှေးမြန်မာရာဇဝင်များတွင်၊ ဘုရင့်သမီးတော် ၂ ပါးအမည်တူခြင်းကြောင့်၊ မျက်မှောက်ခေတ်ထိ သမိုင်း မှတ်တမ်းကို တိကျသေချာစွာ မရေးသားဝံ့ဘဲ၊ ဖြစ်တန်ရာ၏ဟု ရေးသားခြင်းများကို မြင်တွေ့နိုင်ပါသည်။ 
 
အငြင်းပွားစရာ သမိုင်းပြဿနာထဲတွင်၊ မှားယွင်းရေးသားခြင်းခံရသူများကား၊ ကျန်စစ်သားမင်းကြီး၏ သမီးတော် ရွှေအိမ်သည်နှင့် နရပတိစည်သူ၏ သမီးတော် ရွှေအိမ်သည်တို့ ဖြစ်ကြပါသည်။
 
ရှေးရာဇဝင်များတွင် အဓိက အရေးပါသူများက ဘုရင်များဖြစ်ပြီး၊ မိဖုရားနှင့် သားတော်၊ သမီးတော်များက ရှင်ဘုရင်တို့၏ အရိပ်အောက်တွင်သာ မှတ်တမ်းတင်ခံကြရပေသည်။ကျန်စစ်သားမင်း ကို ရှေးရာဇဝင်အရ မင်းကောင်းမင်းမြတ်တစ်ပါးအဖြစ် ယနေ့ထိ မြန်မာတို့လက်ခံနေကြဆဲဖြစ်ပါသည်။
 
လွန်ခဲ့သော ၁၉၉၀ ဝန်းကျင်တုန်းက မိမိကိုယ်မိမိ ကျန်စစ်သား ဝင်စားသည်ဟု၊ လူသိထင်ရှားပြောကြားသူကိုပင် ကြုံခဲ့ကြရသည်အထိ၊ မြန်မာတို့ကို ကျန်စစ်သားမင်းကြီး က လွှမ်းမိုးခဲ့ပါသည်။
 
သမိုင်းသုတေသန ဖော်ပြချက်များအရ ကျန်စစ်သားမင်းကြီး၏ ဇာတိမှန်နှင့် ရှေးရာဇဝင်များကပြောသောဇာတိကား ကွဲပြားခြားနားလှသည်။
 
ရှေးရာဇဝင်အများက၊ ကျန်စစ်သားကို အနော်ရထာမင်းကြီး၏ သားတော်ဟု ဆိုကြသည်။တချို့ရာဇဝင်ကမူ အနော်ရထာမင်းကြီး၏ သူရဲကောင်းလေးဦးအနက် တစ်ဦးဟုဆို၏။
 
သမိုင်းသုတေသီ မောင်ဖေငယ် က ကျန်စစ်သားသည် မဇ္ဈိမတိုင်းသူ ဝေသာလီမင်းသမီး၏ အဖေမပေါ်သော သားဟုဆိုသည်။ ၁၈၁၈ ခုနှစ်တွင် ရေးသားသည့်၊ ဗဒုံမင်းအယူဝါဒစာတမ်းတွင် "ကျောင်းဖြူမင်းက ကွမ်းထမ်းရောင်းသောသူ၊ သူ့သားကား အနုရုဒ္ဓါဒေဝတွင်သော အနော်ရထာ။သား စောလူး၊ ထိုစောလူးကို အထိန်းတော် ငရမံ သတ်၍ သေသည်၊ သားကား စောယွန်း။မျိုးခြားက ထီးလှိုင်ရှင်ပြု၍နေသော ကျန်စစ်သား . . ." ဟု စတင်ရေးသားထားသည်။
 
ကျန်စစ်သားနှင့်ပတ်သက်၍ ဒဏ္ဍာရီဆန်သော အရေးအသားများစွာရှိသေးသည်။မိဖများ လယ်ထွန်နေစဉ် သစ်ပင်ရိပ်၌သိပ်ထားစဉ် နဂါးက လာရောက်ပါးပျဉ်းမိုး စောင့်ရှောက်ပေးသည်၊ ကျန်စစ်သား မွေးချိန်တွင် နမိတ်ထူးများပေါ်၍ ဟူးရားတို့၏ ဟောကိန်းအရ မင်းလောင်းပေါ်သည်ဆိုသဖြင့် မွေးကင်းစကလေး ခြောက်ထောင်ကျော်ကို ရှာဖွေသတ်ဖြတ်ရသည် စသဖြင့် တွင်းသင်းမြန်မာရာဇဝင်သစ်က ဆို၏။
 
ထိုသို့သော ကျန်စစ်သားမင်းကြီး က မွေးဖွားသည့် သမီးတော် ရွှေအိမ်သည်၏ ဘဝဖြစ်စဉ်များကလည်း
ဒဏ္ဍာရီဆန်လှပါသည်။ရာဇဝင်အများက ကျန်စစ်သားမင်းနှင့် အပယ်ရတနာမိဖုရား က သမီးတော် ရွှေအိမ်သည် ကို ဖွားမြင်သည်ဟု ဆို၏။ဗဒုံမင်းအယူဝါဒစာတမ်း (၁၈၁၈) ကမူ၊
 
"ကျန်စစ်သား သထုံမင်းရဲ့ သမီးကို သိမ်းမြန်းရာ၊ သမီး ရွှေအိမ်သည် ကို မြင်သည် . . ." ဟု ရေးသားလေသည်။ 
 
ရွှေအိမ်သည် ကို ဖခမည်းတော် ကျန်စစ်သားမင်းကြီး က ချစ်မြတ်နိုးလှသဖြင့် တစ်ပင်တိုင်နန်းနှင့် ထားတော်မူသည်။
 
ကုလားမင်းသား ပဋိက္ကရားသည် မျက်ရှင်တော်ကို ခံတွင်း၌ငုံလျက် ကောင်းကင်ခရီးဖြင့်လာရောက်ကာ ရွှေအိမ်သည်နှင့် ရည်ငံကြသည်။ကျန်စစ်သားမင်းကြီး သိတော်မူလျှင် သမီးတော် ရွှေအိမ်သည် ကို စောလူး၏ သားတော် စောယွန်းနှင့် လက်ဆက်ပေးသည်။ရွှေအိမ်သည်ထံ ကောင်းကင်ခရီးဖြင့်လာသော ပဋိက္ကရားမင်းသား ကို၊ ဈာန်ဖြင့်ကြွလာသည့် ရှင်အရဟံ က ရွှေအိမ်သည်အကြောင်း ပြောသည်။ 
 
ပဋိက္ကရားမင်းသား က အံ့အားသင့်ပြီး အာမေဋိတ်ပြုမိရာ ခံတွင်းထဲမှ မျက်ရှင်ပြုတ်ကျလျက် ပဋိက္ကရား မြေပြင်ပေါ်ကျကာ၊ သေပွဲဝင်သည်။များမကြာမီ ရွှေအိမ်သည်၏ ဝမ်းကြာတိုက်တွင် ပဋိက္ကရား ဝင်စားပြီး သားတော် အလောင်းစည်သူ ကို ဖွားမြင်သည်။ကျန်စစ်သားမင်းကြီး က မြေးတော်ကို ချစ်မြတ်နိုးစွာ အိမ်ရှေ့အရာပေးတော်မူသည်။
 
တွင်းသင်းရာဇဝင်၊ ဦးကုလားရာဇဝင်၊ မှန်နန်းရာဇဝင်၊ ဇာတာတော်ပုံ စသော ရာဇဝင်စာအုပ်များတွင် အနော်ရထာ၊ စောလူးမင်း၊ ကျန်စစ်သားမင်းတို့၏ ဖွား - နန်းစံ - သေ သက္ကရာဇ်များ ကွဲလွဲနေသဖြင့်၊ သမိုင်းသုတေသီများက ကျောက်စာအထောက်အထားများနှင့် အဆိုပါရာဇဝင်များကို တိုက်ဆိုင်စစ်ဆေးပြီး အဖြေထုတ်ကြပါသည်။
 
ဦးကုလားရာဇဝင် (ပထမ - တွဲ) စာမျက်နှာ - ၁၈၄ အရ၊ ကျန်စစ်သား နန်းတက်ပြီး ၅ နှစ်အကြာတွင် ရင်ခွင်ပိုက်ဘုရင်အဖြစ် အိမ်ရှေ့အရာကိုပေးထားသည်ဆိုသော အလောင်းစည်သူကား၊ သက်တော် ၃၁ နှစ်အရွယ်ရောက်ပြီဖြစ်၏။
 
မှန်နန်းရာဇဝင်အရ ကျန်စစ်သား နန်းတက်ပြီး ၂ နှစ်တွင်၊ သမီးတော် ရွှေအိမ်သည် ကို မမွေးသေးပေ။
 
ထို့ပြင် တချို့ရာဇဝင်များက၊ ကျန်စစ်သားမင်းကြီးသည် မွန်-မြန်မာ ချစ်ကြည်ရေးအတွက်၊ သမီးတော် ရွှေအိမ်သည်ကို မနူဟာမင်း၏ မြေးတော် နာဂသမန်းနှင့်လက်ဆက်ပေးသည် ဆို၏။ 
 
မြန်မာ့စွယ်စုံကျမ်း အတွဲ - ၂၊ စာမျက်နှာ - ၉၅ တွင် "မြင်းစီးလှေတော်ကို၊ ပုပ္ပါး၌ အသဝတ်ဓမ္မာမင်းသားဝှက်သော ကာလသည်၊ ငရမန်ကန်း ပုဂံကို ပုန်ကန်နေသော ကာလဆိုးဖြစ်တန်ရာသည်။ထိုသို့ဝှက်သော အသဓမ္မ၏ အမူအရာသည် ပုဂံတဝိုက်ရှိ မွန်တို့ကိုစုရုံး၍ တစ်ထီးတနန်းထူလိုသဖြင့်၊ ပုပ္ပါး၌ ဗိုလ်ဝင်ခံသော အမူအရာဖြစ်တန်ရာသည်။ထိုသို့ဖြစ်လျက် မျက်မှောက်ဆူပူသောင်းကျန်းမှုကို၊ အလွယ်တကူငြိမ်းအေးလိုသော ဆန္ဒကြောင့်လည်းကောင်း၊ နောင်ရေးကို မျှော်တွေး၍ မွန် - မြန်မာ အဓွန့်ရှည်စွာ စည်းလုံးခိုင်မြဲစေလိုသော ဆန္ဒကြောင့်လည်းကောင်း၊ ကျန်စစ်သားမင်းသည် မိမိ၏ သမီးတော် ရွှေအိမ်သည်အား မနူဟာမင်း၏ မြစ်တော် နာဂသမန်းနှင့် ထိမ်းမြားခြင်းသည်လည်း ဖြစ်တန်ရာသည်။တဖန်ရာဇဝင်များ၌ မြေးတော်ကို မင်းမြှောက်ခဲ့ပြီးဖြစ်၍ မြေးကားအရင်း သားကားအဖျားဖြစ်ပြီဟု ကျန်စစ်သားမင်း မိန့်တော်မူကြောင်း ရေးမှတ်ခဲ့ခြင်းသည်လည်း ထိုအကြောင်းများကြောင့်ပင် ဖြစ်တန်ရာသည်" ဟု ရေးသားထားပါသည်။
 
ထို့ကြောင့် မြန်မာ့စွယ်စုံကျမ်းပြုဆရာများက၊ ကျန်စစ်သားမင်း၏ သမီးတော် ရွှေအိမ်သည် ကို နာဂသမန်းနှင့် လက်ဆက်ရသည်ဟု ယူဆကြောင်း တွေ့ရှိရပါသည်။ဤတွင် သမီးတော် ရွှေအိမ်သည်နှင့် ပတ်သက်သော ဇာတ်လိုက် ၃ ဦး ပေါ်ထွက်လာသည်။ပဋိက္ကရားမင်းသား၊ စောယွန်းနှင့် နာဂသမန်းတို့ ဖြစ်ကြပါသည်။
 
သမိုင်းဆရာများက ထိုထိုရာဇဝင်များက ကွဲပြားဖော်ပြချက်များကို ခေတ်ပြိုင်သမိုင်းအထောက်အထားများ၊ ကျောက်စာအထောက်အထားများကို ရှာဖွေတိုက်ဆိုင် စစ်ဆေးခဲ့ကြပါသည်။
 
ဗဒုံမင်းအယူဝါဒစာတမ်း (၁၈၁၈) တွင် ဆက်လက်ဖော်ပြထားသည်မှာ
 
"သမီး ရွှေအိမ်သည် ကို စောလူးသား စောယွန်းနှင့် ထိမ်းမြန်းရာ အလောင်းစည်သူ ကို မြင်သည် . . ." ဟူ၏။
 
ဆရာကြီး ဒေါက်တာသန်းထွန်း က မနူဟာကျောက်စာ (စာရင်း ၃၄၆ မန္တလေးကျောက်စာရု့ အမှတ် - ၉) တွင် ရေးထိုးထားသော ကျောက်စာမူရင်းကို ဖော်ပြပြီး၊ နာဂသမန်းနှင့် လက်ဆက်ရသော ရွှေအိမ်သည်မှာ ကျန်စစ်သားမင်းကြီး၏ သမီးတော်မဟုတ်ဘဲ၊ နရပတိစည်သူ၏ သမီးတော် ရွှေအိမ်သည်ဖြစ်ကြောင်း ထောက်ပြပါသည်။
 
ကျောက်စာကြောင်းရေ တစ်ခုချင်းဖော်ပြပေးထားရာ
     ၁။ သဓုမ်မင်းကြီး သားတော် သုဓမ္မရစ်။သုဓမ္မ။
     ၂။ ရစ်သားတော် အသဝတ်ဓမ္မာမင်းသည် သီရိ တြိနာဘဝနာဒိတျပဝရ ဓမ္မ။
     ၃။ ရာဇာဓိရာဇာ မည်တော်ဟိသော (ရှိသော) နရပတိစည်သူမင်းကြီး။
     ၄။ လာင်းတော်ကိုဝ် (လောင်းတော်ကို) ပုပ္ပါးအရပ် သိုဝှက်ပေ၏။နရပတိစည်သူမင်းကြီးမိန့်၏။
     ၅။ အသဝတ်ဓမ္မာ ရွှေလောင်းကို ယူချေ။ကိုဝ်ကိုဝ် ထမင်းဝအောင် ကျွေးမည်ဟူ၍။
     ၆။ မိန့်၏။အသဝတ်ဓမ္မာလည်း ရွှေလောင်းတော်ကိုဝ် ယူချေ၏။ရွှေလောင်းတော် ရောက်။
     ၇။ ပြီဟူ၍ လျှောက်သော်။သမီးတော် ရွှေအိမ်သည် နှင့်လည်။အသဝတ်သား နာဂသ္မန်း။
     ၈။ ပေးစေတော်မူ၏။စားကျွေးကျွန်ရွာလည်း များစွာပေးတော်မူ။တမ။
     ၉။ င်းအိုဝ် သုံမ်းဆယ်နှင့် နွားသင်းနု တစ်ဆယ် ငါခဥကိုဝ်ဟင်းပြု ရွေ့ကျွေးတော်မူ။
     ၁၀။ ၏။
 
နရပတိစည်သု၏ သမီးတော် ရွှေအိမ်သည်မှာ ရာဇဝင်တွင် ကျန်စစ်သားမင်းကြီး၏ သမီးတော် ရွှေအိမ်သည်လောက် မထင်ရှားခဲ့။ထို့ပြင် ရှေးရာဇဝင်များက ကွဲလွဲဖော်ပြခဲ့ကြရာ နှောင်းလူတို့၏ အတ္တနောမတိအရ ရှေးမြန်မာမင်းများ လက်ထက်ကတည်းက မွန် - မြန်မာ ချစ်ကြည်ရေးကို ဆောင်ရွက်ခဲ့ကြောင်း အထောက်အထားပြအဖြစ် ကျန်စစ်သားမင်းကြီး က ဇာတ်လိုက်ဖြစ်လာရတော့သည်။ခမည်းတော်၏ ဇာတ်ဝင်ခန်း ပိုမိုအသက်ဝင်စေရန် ဝန်းရံပေးရသူက သမီးတော် ရွှေအိမ်သည် ဖြစ်၏။
 
ရှေးရာဇဝင်များ ဤသို့ဖြစ်ရခြင်း အကြောင်းရင်းများရှိကြကြောင်း အကြမ်းဖျဉ်းနားလည်ထားလျှင် သမိုင်းကပြောသမျှ မယုံဘဲ စဉ်းစားချင့်ချိန်နိုင်ပါမည်။
 
မှန်နန်းရာဇဝင်သည် ဦးကုလားရာဇဝင် နောက် နှစ် ၁၀၀ နောက်ကျပြီးရေးသည့် ရာဇဝင်ဖြစ်ပါသည်။မှန်နန်းကို မြန်မာဘုရင်က ဖွဲ့ပေးသော ပညာရှင်အဖွဲ့က ရေးသားခဲ့ခြင်းဖြစ်သည်။
 
တာဝန်ယူရေးသားကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့၏ လွတ်လပ်စွာလေ့လာ ရေးသားနိုင်ခွင့် နည်းပါးမည်ကား အထူးပြောစရာမလို။သက်ဦးဆံပိုင် ပဒေသရာဇ် ခေတ်ပေကိုး။တစ်ဆင့်ကြား ဒဏ္ဍာရီဆန်ဆန် ဟီးရိုးဇာတ်လမ်းများစွာ ပါဝင်လာခြင်းက ထိုခေတ်မင်းများ၊ ရေးသားမှတ်တမ်းတင်သူများ ဉာဏ်ကွန့်မြူးနိုင်ကြပုံကို ဖော်ပြပါသည်။
 
သို့သော် ဘုရင်၏အရိပ်အောက်မှ သမီးတော်များကား မသက်သာကြ။အထူးသဖြင့် မိဘက ထင်ရှားသူဖြစ်လျှင် မိဘ၏ဇာတ်ဝင်ခန်း ပိုမိုခမ်းနားစေရန် သမီးတော်များအဆစ်ပါတတ်ကြောင်း ရွှေအိမ်သည် ရောထွေးမှုက ပြသသွားပါသည်။
 
ခင်နှင်းဦး
မတ် - ၁၃