【 ဆောင်းပါး 】 ရင့်ကျက်မှုနှင့်အတူ

【 ဆောင်းပါး 】 ရင့်ကျက်မှုနှင့်အတူ

ယခုတစ်လော ပြဿနာတွေကများသည်။ရှုပ်လွန်းလှသည်။ကြားရမြင်ရတာတွေကလည်း လုံး၀စိတ် ချမ်းသာဖွယ်ရာမရှိ။ခေတ်နှင့် အခြေအနေအရ ဘယ်လိုဖြစ်လာမယ်မှန်းလဲ မှန်းဆလို့မရ။ဒီလိုအခြေအနေမှာ အိမ်မှာ ဝပ်ကျင်းသဖွယ်နေရပြီး အပြင်ထွက်ခွင့်မရသည့်အချိန်က အတော်လေးကို များလာတော့ လမ်းထဲ ရပ်ကွက်ထဲ မဝံ့မရဲ အပြင်ထွက်ကြည့်သည်။လဘက်ရည်ဆိုင်တွင် ထိုင်သောက်မရဆိုသော်လည်း လူရင်းတွေကို လက်ခံထိုင်ခွင့်ပေးသဖြင့် ထိုင်နေကြသည်ကို တွေ့ရသည်။တချို့က နေ့စဉ်နေနေကြအရာကို ပြန်ရသဖြင့် လဘက်ရည်ဆိုင်မှာ အချိန်အတော်ကြာနေကြ၊စကားတွေဖောင်ဖွဲ့ကြဖြင့် မြင်ရသည်မှာ အမေတို့ အဘတို့ ငယ်ငယ်က ပြောလေ့ပြောထရှိသည့် စစ်တွင်းခွဲခွာရသည့်သူများ စစ်အပြီး ပြန်တွေ့ကြသလိုပင်။တစ်ယောက်နှင့် တစ်ယောက် ဝမ်းသာအယ်လဲ။တကယ်ကို မသေလို့ ပြန်တွေ့ကြရသည့်သူတွေ အဖြစ်လို။
 
ကျွန်တော့်အတွက် လဘက်ရည်ဆိုင် နေ့တိုင်းမထိုင်ဖြစ်။တစ်ခုက လဘက်ရည်ဆိုင်ထိုင်လောက်အောင် ဝင်ငွေမရှိတာလည်းပါသည်။အသက်အရွယ်အရ ရောဂါခံနိုင်ရည်ကို ခုခံမှုအားနည်းသဖြင့် ရောဂါကူး စက်လာလျှင် မကာကွယ်နိုင်မှာစိုးသဖြင့် အပြင်ကို သိပ်ထွက်လေ့ထွက်ထမရှိတာလည်းပါသည်။သို့သော် အသိတစ်ချို့ လာခေါ်ပါက နေ့လည်နေ့ခင်း လူရှင်းသည့်အခါတွင် လိုက်လေ့ရှိပြီး ပြန်လာသည့်အခါ ရေမိုးချိုးပြီး ဆေးကြိုသောက်ကာ နေလေ့ရှိသည်။
 
ကျန်းမာရေးအရဆိုသော်လည်း ကိုဗစ်ကြောင့် ကိုယ်အလှည့်က ဒီနေ့လား နောက်နေ့လားဆိုတာ စိုးရိမ်လာရသည့်အခါ မသေချာသည့် မရေရာသည့် ကြိုတင်ကာကွယ်မှုတွေ၊ စည်းမျည်း စည်းကမ်းတွေကို ချိုးဖောက်ချင်လာသည်။အသိတွေနှင့်တွေ့ဆုံကာ စကားဖောင်ဖွဲ့ ပြောချင်လာသည်။ဘယ်လိုဘဲ ဖြစ်ဖြစ် အိမ်သူသက်ထားက အသိမိတ်ဆွေခေါ်လို့ အပြင်ထွက်ဖို့ ထီးထဆွဲတိုင်း ချောင်းသံတဟမ်းဟမ်းပြုကာ အလိုမကျဟန်ပြုလေ့ရှိသည်။ဒီအခါ ကလေးဘ၀တုန်းကလို အိမ်သူလစ်တဲ့အချိန်ကို ပြန်ချောင်းရသည်မှာ ငယ်ဘ၀ တစ်ခေါက်ပြန်ရောက်ရသလိုပင်။
 
လမ်းထဲ လဘက်ရည်ဆိုင်မှာက လူစုံသည်။စကားစုံသည်။ဒါက အရင်က။ယခုတော့ ကိုဗစ်ကြောင့် လမ်းထဲ သေသူသေ၊ အိမ်တွေ မိသားစုတွေ နိုင်ငံရေးဘေးကြောင့် ပြေးရတဲ့သူပြေးရနှင့် လဘက်ရည်ဆိုင်လဲ ကျီးနှင့်ဖုတ်ဖုတ်ဆိုသလို။ယနေ့လည်း အသိလာခေါ်သဖြင့် ဆိုင်ကိုလာခဲ့ရာ ဆိုင်ရှင်အပါမှ ကျွန်တော်တို့နှင့် သုံးလေးယောက်သာသာ။ဒီနေ့မှာ လဘက်ရည်ဆိုင်ရှင်က ဒီနေ့မှ ထူးထူးခြား ခြား ကျွန်တော်တို့ဝိုင်းမှာလာထိုင်ပြီး ရပ်ကွက်ထဲကအကြောင်းတွေ၊ တိုင်းရေးပြည်ရေးတွေ ပြောကြဆိုကြနှင့်။သည်မှာ လဘက်ရည်ဆိုင်ရှင်က ကျွန်တော့်ကို..။
 
“ကျူရှင်ဆရာ။ကျွန်တော့်ကလေးတွေကို စာကြိုသင်ပေးထားလို့ ကောင်းလား၊ မနေ့က ကလေးတွေကို ကျွန်တော်မေးတယ်။ဒီအချိန်အားနေတာ တစ်ခုခုလုပ်လို့ပြောတော့ ကလေးတွေက အင်္ဂလိပ်စကားပြောသင်ချင်တယ် ပြောတယ်။ ဒီအတိုင်းနေရင် ကလေးတွေ ဂိမ်းစွဲမှာလည်း စိုးရိမ်တယ်၊ အချိန်တွေလည်းပိုနေတော့ တစ်ခုခုသင်ထားစေချင်လို့။သူတို့ကလည်း သင်ချင်တုန်း သင်ပေးမလားလို့။အကြံလေးပေးပါဦး ဆရာ” ဟု။
 
လဘက်ရည်ဆိုင်ရှင်က ကျွန်တော် ကျူရှင်ဆရာမှန်းသိသဖြင့် ကျွန်တော်ကို အားကိုးတကြီးမေးသည် မှန်သော်လည်း လက်ရှိအခြေအနေအရ ကိုယ့်အသက်တောင်ကိုယ် ကြံဖန်မွေးနေရသည့်အချိန်ဖြစ်သဖြင့် ဘာကိုလမ်းညွှန်ရမည်မှန်းကို ကျွန်တော်မသိ။ပြီးလွယ်စီးလွယ်ပြောလိုက်လျှင်ဖြစ်သော်လည်း ထိုလိုမျိုးက ကောင်းသည့်လုပ်ရပ်မဟုတ်။ဟိုက ဘ၀တစ်ခုလုံး။ဒီတော့ စဉ်းစားရ သည်။ဒီလိုအချိန်တွေမှာ ငယ်ရွယ်သော ကလေး တွေ ဘာလုပ်သင့်သလဲဆိုတာ။ကျွန်တော်လဲ သေသေချာချာမသိ။ 
 
တကယ်တော့ ဒီလိုအခြေအနေနှင့် ကျွန်တော်တို့ဆိုတာ သိပ်တော့စိမ်းသည်မဟုတ်။လွန်ခဲ့သော ၃၃ နှစ်ခန့် ၁၉၈၈ ခုနှစ်တုန်းကလည်း ဒီလိုအခင်းအကျင်းမျိုးကို ကျွန်တော်တို့ တစ်ခါဖြတ်သန်းခဲ့ရပြီးပြီ။ထိုအချိန်က ကျွန်တော်တို့အသက်က တက္ကသိုလ်မှ ကျောင်းပြီးခါစ လေဘာရုံးတွေကို တစ်ပတ်တစ်ခါသွားပြီး အလုပ်ရှာနေရသည့်အချိန်တွေ။ဒီတော့ ပညာတတ်တာနှင့် အတန်းပညာတတ်တာကို ကွဲကွဲပြားပြား စသိလာသည့်အရွယ်။ကျောင်းတွေ ခဏခဏပိတ်၊ ပြန်ဖွင့်တော့ တစ်တန်း တစ်တန်းကို လပိုင်းလေး။ဒီတော့ ထိုကာလမှာ ကျွန်တော်တို့ ပညာကိုလိုက်စားခဲ့တော့ ကျူရှင်ဆရာသာဖြစ်ခဲ့ပြီး သူငယ်ချင်းအချို့က ရရာအလုပ်ကိုလုပ်ပြီး ဟိုကျော်သည်ခွဖြင့် ယခု သူဌေးတွေဖြစ်နေပြီ။ဒီတော့ ဘာကို ကျွန်တော်ညွှန်းရမှန်းမသိ။ခေတ်က ပညာကိုတန်ဖိုးထားတဲ့ခေတ်လား၊ ခေတ်ပျက်ကြီးလားဆိုတာ မှန်းမရ။
 
ဒီအကျိုးဆက်ကို ဒီလဘက်ရည်ဆိုင်ပိုင်ရှင် မှီခဲ့ပုံရသည်။ဒါကြောင့်‌ သူလည်းဝေခွဲမရသဖြင့် ကျွန်တော့်ကို  အဖော်ခေါ် တရားခံရှာနေခြင်း ဖြစ်သည်။
 
တကယ်တော့ သူမေးမယ်သာ မေးနေတာဖြစ်သည်။သူ့သားမှာ ယခုမှ လေးတန်းတက်ရမှာ။တကယ်ဆို သူ့အသက်နှင့် လေးတန်းဆိုတာ အရွယ်ကမမျှ။ပညာသင်နှစ် နှစ်နှစ်လောက်အောက်သွားသဖြင့် ၆ တန်းတက်ရမည့်အရွယ်မှာ လေးတန်းတက်ရဖို့ ဖြစ်နေသလို။ဦးနှောက်ဖွံ့ဖြိုးမှုက လေးတန်းတက်မည့် အရွယ်မှာ ရှိသင့်သည်ထက် ပိုမိုဖွံ့ဖြိုးခဲ့ပြီ ဒီအရွယ်မှာရှိသင့်သည့် စာကိုသင်တာက ပုံမှန်ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးလိမ့်မည်ဖြစ်သည်။သို့မဟုတ်ဘဲ လေးတန်းစာဘဲ သင်နေလျှင် ကြီးလာသည့်အခါ စာကနောက် လူကအရှေ့ဆိုသလို ဖြစ်သွားမည်လားဟု တွေးမိသည်။ဒီလိုတွေးမိတော့ ယခင်က စစ်ဘေးကြောင့် တိမ်းရှောင်နေရသည့် တိုင်းရင်းသား နယ်မြေက စစ်ဘေးရှောင်ကလေးတွေ ဘယ်လို စာသင်လာရပါလိမ့်ဟုလည်း ကိုယ်ချင်းစာတွေးမိသည်။
 
ဘာပဲဖြစ်ဖြစ် ကိုယ့်ကလေးအနာဂတ်အတွက် ပညာရေးကို အကောင်းဆုံးရင်းနှီးမြုပ်နှံမှုအဖြစ် မြင်လာကြသည့်အမြင်က ကျွန်တော်တို့ငယ်စဉ် ခေတ်ကာလက မရှိသည့် တိုးတက်လာသည့် ကောင်းသောအမြင်ဖြစ်သည်။ကျွန်တော်တို့ငယ်စဉ်ကဆိုရင် ကလေးတစ်ယောက်ခိုင်းလို့ပြုလို့ရပြီဆိုတာနှင့် ဘယ်လောက်ရရ အလုပ်သင်အဖြစ် အလုပ်ထဲ ထည့်လိုက်ကြတာများသည်။ဒီထဲ ကလေးတွေ စာအုပ်ဖတ်လျှင်လည်း လူကြီးတွေက သဘောမကျ။ဒီလိုမှားယွင်းသည့် အယူဝါဒကြောင့် ကျွန်တော်တို့မျိုးဆက်တွင် လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှု ဘောင်ပိတ်ရိုက်ခံရသဖြင့် အကြောက်တရားနှင့်သာ ကလေးရော လူကြီးပါ ဖြတ်သန်းကြရသည်။
 
ဒီအကျိုးဆက်က ယနေ့ဖြစ်နေရသည့် အမှားနှင့်အမှန်ကို မခွဲနိုင်ဘဲ အကျိုးအမြတ်ကိုသာ ဦးစားပေးစဉ်းစားတတ်ကြသည့်လူတွေ အစုလိုက်အပြုံလိုက် ဖြစ်ထွန်းလာရသည့် အကြောင်းအရင်းပဲဖြစ်သည်။
 
ယခု လဘက်ရည်ဆိုင်ပိုင်ရှင်က သူ့ကလေးကို နိုင်ငံခြားမတော်တဆထွက်ရလျှင်တောင် လူလူသူသူပြောနိုင်ဆိုနိုင်သည့် ဘာသာစကားကို ဇောက်ချပြီး သင်ပေးရမလား၊ ဒါမှမဟုတ် သင်္ချာအတွက်အချက်တွေကို သူများတွေ အိမ်ခေါ်သင်နေသလို ဆက်သင်ပေးရမလားဆိုပြီး စဉ်းစားနေသည်။ဒါ တိုးတက်သည့်အမြင်ပဲဖြစ်သည်။ဒီလိုစဉ်းစားမှုမျိုး ကျွန်တော်တို့မျိုးဆက်တွင် လူမျိုးခြားတွေသာ တွေးခဲ့ကြသည့် အတွေးတွေ ဖြစ်သည်။ဒီလို သူတိုတွေးခဲ့ကြလို့ ယခုအချိန်တွင် ထိုလူမျိုးခြားတိုင်း စီးပွားရေး၊ ပညာရေးနှင့် တခြားသောနယ်ပယ်တွေမှာ ထိပ်တန်းရောက်နေရခြင်းဖြစ်သည်။ယခု ကျွန်တော်တို့နိုင်ငံသားတွေ အောက်ခြေကလူတွေ စတွေးကြပြီ။ 
 
တခါတလေတော့ ကျူရှင်ဆရာအလုပ်ဖြင့် အသက်မွေးရသော်လည်း ကိုယ်ကိုယ်တိုင် ကလေးတွေကို ပြုစုပျိုးထောင်ရသည့်အလုပ်ကို တကယ်ကောတတ်ကျွမ်းပါရဲ့လားဆိုတာ ကိုယ့်ဘာသာ သံသယရှိသည်။ကလေးတွေ ပိုတော်အောင် ပိုတတ်အောင် ငါဘယ်လိုသင်ပေးမယ်ဆိုတာကို စာသွားမသင်ခင် ကြိုမတွေးခဲ့သလို ကလေးတွေ မေးစရာရှိသည့်အခါ ကိုယ်ကမဖြေနိုင်သည့်အခါ ဆူလွှတ်၊ ကြိမ်းမောင်းလွှတ်ဖြင့် ကလေးတွေ၏ဖွံ့ဖြိုးမှုကို သင်းသတ်ခဲ့သည့်အထဲ ကိုယ်လဲတစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါလားဆိုတာ တွေးမိသည်။ 
 
နောက်ထပ်စဉ်းစားမိသည်မှာ မှန်ကန်သော ချည်းကပ်ခြင်းမျိုးတွေ၊ ပြုစုပျိုးထောင်မှုတွေ။လူတွေ အများကြီးရှိသည်။စိတ်သဘောထားတွေလည်း အစုံစုံ။ပြောချင်ကြတာလည်း အဖုံဖုံ။ သို့သော် အတ္တဖြင့် လူချင်းဆုံကြသည့်အခါ ကိုယ်ကသာပြောချင်ကြသည်။ဆရာဆိုသည်မှာလည်း ဒီသဘော၊ မိဘဆိုသည်မှာလည်း ဒီသဘော၊ တပည့်အတွက် သားသမီးအတွက်ဟုသာ ခေါင်းစဉ်တပ်ကြသော်လည်း တကယ်က ကိုယ်တတ်ကြောင်း ကိုယ်တော်ကြောင်း ပြဖို့အတွက် ကလေးတွေကို အကြောင်းပြကြခြင်းသာဖြစ်သည်။ဒီလိုတွေ ကျွန်တော် စာသင်သည့်အခါ မကြာခဏတွေ့ရသည်။မိဘက သူဖြစ်စေချင်တာကို သားသမီးကောင်းစားစေရန် ခေါင်းစဉ်ဖြင့် တွန်းထိုးကြသည်။ 
 
ယခု လဘက်ရည်ဆိုင်ရှင်က ထိုသို့အစဉ်အလာဟောင်းကို ဖယ်ချပြီး သားသမီးလုပ်ချင်သည်ကိုမေးပြီး ဘာလုပ်ချင်တာလဲ၊ ဘာနဲ့လုပ်ကိုင်စားမှာလဲ မေးပြီးမှ သားဖြစ်သူ လုပ်ချင်တာအတွက် ပြင်ဆင်သည်။
 
ကျွန်တော်တွေးမိတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်း ရင့်ကျက်လာစပြုနေပြီလားဆိုတာ။ဒီအတွေးနှင့် ပင် ကျွန်တော်စိတ်ချမ်းသာမိသည်။
 
ဆရာကျော်
စက်တင်ဘာ - ၁၆