【 ဆောင်းပါး 】 မိုးရက်များ

【 ဆောင်းပါး 】 မိုးရက်များ

   တချို့သော မိုးရက်များက ဘယ်လိုလဲ ကျနော်မသိပါ။ကျနော်သိသော မိုးရက်များက မွန်းကျပ်မှုများဖြင့် ဖွဲ့ထားသည်။ငယ်စဉ်က မိုးရာသီအကြောင်းရေးတာတွေ၊ မိုးရက်များ၏ အဖြစ်အပျက်တွေကို တခုတ်တရရှိခဲ့ဖူးသည်။ထိုထဲ မှတ်မှတ်ရရရှိတာ တက္ကသိုလ်ဘုန်းနိုင်၊ ငြိမ်းကျော်၊ မင်းလူ၊ နီကိုရဲ၊ တာရာမင်း‌ဝေ။
   “ထိုနေ့က မိုးရွာသည်။သို့သော် သူမက ရောက်မလာခဲ့ဆိုသည်မျိုး” 
                                                                  (၁)
   ဇွန်လ၏ ပထမဆုံးသောရက်သည် အင်္ဂါနေ့ဖြစ်သောနှစ်တွင် ကျနော်၏ မိုးရာသီသည် တင်းကျပ်နေခဲ့သည်။ဘူတာစင်္ကြံပေါ်တွင် လူအချို့။ခပ်လှမ်းလှမ်းရှိ လမ်းမတွင် ကောင်းကင်သို့တက်နေသော မီးခိုးလုံးများ။စင်္ကြံပေါ်တွင် လေတိုက်ခတ်တိုင်း ဗာဒံပင်မှ အပွင့်များက ဖွေးကနဲ။ဂေါ်သဇင်ပွင့်များလို မမွှေးသည့် ဗာဒံပွင့်များက လူအချို့ ခေါင်းပေါ်နှင့် ခန္ဓာကိုယ်ပေါ်။သို့သော် ဘယ်သူမှ ဖယ်ချရန် သတိမရ။မိုးမရွာဘဲ လေတိုက်ခြင်းကြောင့် စင်္ကြံတစ်လျှောက် လွင့်နေသည့် အမှိုက်များနှင့်အတူ မျှော်လင့်ချက်များက ဟိုဟိုဒီဒီ။မလာသော ရထားသည် တခြားဘူတာတစ်ခုတွင် အပြီးတိုင် ဆိုက်ကပ်နေသည်။
   နောက်ကျိနေသောစိတ်ကို မိုးစက်တွေက မထိနိုင်။ရှင်သန်ခြင်းမှ ပြန်လည်ထမြောက်လာသည့် ထာ၀ရ ဘုရားသခင်၏ နောက်ဆုံးစီရင်ခန်းသည် ယခုတိုင်းဆို အတော်နောက်ကျမှ လာရောက်နိုင်တော့မည်။အရာရာတိုင်းက လွဲမှားစွာ ရောက်ချိန်မတိုင်ခင် ပြန်ရောက်နေသလို ထွက်ပြီးသားဂဏန်း အကြိမ်ကြိမ်ပြန်ထွက်သည့်အခါ အရာရာသည် ရစရာမရှိအောင် ပျက်စီးသွားသည်။ပစ္စုပ္ပန်နှင့် အတိတ်နှင့် လွဲမှားစွာ ရောက်နေခဲ့သော တစ်ခုတည်းသော မိုးရက်များဖြစ်သည်။
   မိုးရွာခြင်းကို အသေအချာစဉ်းစားကြည့်သည့်အခါ ကြောက်လန့်စရာဖြစ်သည်။ကောင်းကင်မှ မိုးရေစက်များ ဘယ်ကနေကျလာသနည်း။ထိုအကြောင်းတွေးတိုင်း ကောင်းကင်ပေါ်က ကျလာသည်အရာတိုင်းကို ကြောက်လန့်မိသလို မိုးသီးများကြောင့်  သေဆုံးသူတို့အကြောင်းကို တွေးမိသည်။နောက် မိုးဘာကြောင့်ရွာရသနည်းနှင့် မိုးရွာခြင်းကို အတုယူပြီး လူတွေ ဘာတွေထွင်ခဲ့ကြသလဲဟု တွေးမိသည့်အခါ စိတ်သည် တန်းပေါင်းရာထောင်ချီကာ လေးလံသွားသည်။
   ကျနော့်စိတ်ထဲ အချိန်တိုင်းတွေးနေမိသည်က ကမ္ဘာ့ပေါ် ဘယ်အချိန်က မိုးစရွာခဲ့သလဲဆိုသော အအကြောင်းအရာဖြစ်သည်။ 
                                                                  (၂)
   မိုးရွာပြီးစ ဂျပ်ဆင်ကျောင်းနောက်ဘက်မှ ဦးချစ်ဆိုင်ဘက် ဖြတ်ထွက်သည့်လမ်းကို ကျနော်ဖြတ် လျှောက်ဖူးသည်။ယခုထိ ကျနော့်အတွက် လွမ်းစရာ ဖြစ်သည်။မိုးရွာပြီးစအချိန် အရာရာသည် ဆေးကြောသုတ်သင်ပြီးစ ကြမ်းပြင်တစ်ခုလို။သန့်စင်လျက်။မြေနီလမ်းလည်းမဟုတ် သဲလမ်းလည်းမဖြစ်ခဲ့သည့် ကတ္တရာလမ်းပေါ်တွင် အရာများ အားလုံးရှိခဲ့ဖူးသည်။ထိုလမ်းတွင် ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ကြေကွဲမှုတွေ၊ ခံပြင်းမှုတွေ။ဘာပဲဖြစ်ဖြစ် ထိုလမ်းသည် သမိုင်းတစ်ခုကို ထမ်းပိုးထားခဲ့ဖူးသည်က အမှန်ပင်။
   မိုးရွာပြီးစအချိန် လမ်းပေါင်းစုံကို ကျနော့်ဘ၀တစ်လျှောက် ဖြတ်လျှောက်ခဲ့ဖူးသည်။ထိုထဲတွင် မှတ်မှတ်ရရ အဖြစ်ဆုံးက ထိုဂျပ်ဆင်နောက်ဘက်က ဖြတ်လမ်းလေးပဲဖြစ်သည်။အပင်တွေ အုပ်မိုးထားသည့် လမ်းအောက်တွင် ဖက်ဖူးရောင်အလင်းများက လမ်းပေါ်ဖြာကြသည့်အခါ လမ်းပေါ်ကျနေသည့် ပန်းနီနီပွင့်ဖတ်များက ရူးချင်စရာ ဖမ်းစားလှသည်။အရောင်များသည် လူတွေ၏စိတ်ကို ဖမ်းစားကြောင်း ဆိုကြသည်။ဂျူး၏ “အရောင်များနှင့်ကစားခြင်း” ၀တ္ထုတိုစာအုပ်ကို ပန်းချီစာအုပ်ထင်ပြီး ဝယ်မိသည့် ကျနော့်အဖို့ အရောင်များသည် သမိုင်းကို ပြနေသည်ဟု မှတ်ထင်မိသည်။
   မိုးရွာခြင်းနှင့် မိုးရက်များသည် ရှုမြင်သူ၏ ရှုထောင့်ပေါ် မူတည်ကာ ခံစားမှုမတူနိုင်သည်ကို ငယ်စဉ်က တည်းက ကျနော်သတိထားမိသည်။ငယ်စဉ်ဘ၀ မိုးရွာသည့်ရက် စိတ်ခံစားချက်နှင့် ကြီးပြင်းလာသည့်ဘ၀ မိုးရွာသည့်ရက် စိတ်ခံစားမှုများသည် မတူနိုင်။ဓနိမိုးထားသည့် အိမ်၏ မိုးညသည် စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း ရှိကောင်းနိုင်သော်လည်း သွပ်မိုးထားသည့် အိမ်တွင် မိုးညသည် မိုးစက်မိုးပေါက်သံစဉ်များကြောင့် ကောင်းမွန်စွာ အိပ်စက်နေနိုင်လိမ့်မည်။သို့ဆိုလျှင် အမိုးအကာမရှိသာနေရာတွင် နေရသည့်သူများ၏ မိုးရွာသော ညသည် ကျနော်တို့စိတ်ကို နာကျင်စေမည်ဖြစ်သည်။
   ထို့ကြောင့် မိုးရွာသည့်အခါ ဘယ်နေရာတွင်ရှိနေသည်လဲဆိုသည်က အဓိကကျသော စီရင်မှုဖြစ် ပေလိမ့်မည်။သေချာသည်က ကျနော့်မိုးရက်များသည် ကော်ဖီတစ်ခွက်နှင့် ချေဂွေဗားရားစာအုပ်ကို ဖတ်ဖြစ်သည့်အခါနှင့် အရက်ဖြူတစ်ခွက်ကို  ဆဲဆိုစရာနှင့် မြည်းနေသည်မျိုး တစ်ခုခုဖြစ်ပေလိမ့်မည်။ 
                                                                  (၃) 
   မိုးရာသီတွင် ဆိတ်ဖလူးပန်းတွေ ပွင့်ကြကြောင်း ဆိုသည်။ရန်ကုန်တွင် စက္ကူပန်းများ ကြွေသည်။ 
သစ်ခွတွေ ကြွေသည်။သို့သော် စပယ်ပန်းနှင့် လီလီပန်းများက ပြွတ်သိပ်စွာ ပွင့်ကြသည်။ကြွေသွားသော ပန်းများနေရာတွင် အခြားသောပန်းများက ပွင့်ရန်အားယူစဉ် မိုးရက်များသည် ပွင့်ရန် စောသေးသော ပန်းများသည် ပို၍လျင်မြန်စွာ ပွင့်လာကြလေသည်။
   လင်းနိုင်ကျော်စိုး