【 ဆောင်းပါး 】 တစ်ချိန်က ဆင်မလိုက်ဆိုတာ

【 ဆောင်းပါး 】 တစ်ချိန်က ဆင်မလိုက်ဆိုတာ

ကျနော်ငယ်ငယ်တုန်းက ရန်ကုန်မြို့ရဲ့ အဝေးပြေးဂိတ်ဆိုတာ ဆင်မလိုက်ဆိုတဲ့နေရာ။အခု ဆင်မလိုက်မီးပွိုင့်နဲ့ဆို ကပ်ရက်၊ အရိုးဆေးရုံနဲ့ ကားလမ်း ဟိုဘက်ဒီဘက်။အခု ဂရန်းဟံသာပုဂ္ဂလိကဆေးရုံနေရာဟာ ဆင်မလိုက်အဝေးပြေးဝန်းပါပဲ။အဲဒီတုန်းက အဝေးပြေးယာဉ်ဆိုတာ ဘီအမ်ကား ခပ်ကြီးကြီးပုံစံမျိုး၊ ဆိုဖာတွေပါခဲ့ရင်လည်း စုတ်ပြတ်နေတဲ့ ဆိုဖာမျိုး။အဲဒီလိုကားကြီးတွေက လက်မှတ်တွေ ဘာတွေ ဝယ်ရတယ်။အဲဒီလို ဟီးနိုးလိုလို ဘီအမ်လိုလိုမဟုတ်တဲ့ နောက်တစ်မျိုး ဟိုင်းဝေးအမြန်ယာဉ်ကတော့ ဟိုင်းလတ်ယာဉ်ငယ်လေးပါပဲ။

ဟိုင်းလတ်ယာဉ်ရှေ့ခန်းက နောက်ခန်းဈေးက ၁၀၀ ဆို သူက ၁၅၀ ကျော်။ရှေ့ခန်းမှာက ဒရိုင်ဘာအပြင် ခရီးသည်က ၂ ယောက် ကျပ်ကျပ်တည်းတည်း။ပြတ်သားလွန်းလှတဲ့ ဒရိုင်ဘာတချို့ကတော့ ယောကျာ်းလေးနဲ့ အဘွားကြီးတွေဆို ရှေ့ခန်းမတင်။

ဟိုင်းလတ်နောက်ခန်းကျတော့လည်း ဘေးနှစ်ဖက် ကျပ်သိပ်နေအောင် တင်ထားရုံမက အလယ်မှာလည်း ခွေးခြေခုံအသေးလေးတွေ တန်းစီကာ။အလယ်ခုံသမားတွေက ဘေးနှစ်ဖက်က ဒူးနဲ့ထိုးတာလည်းခံရသေး၊ကိုယ့်နောက်ကနေ ဒူးနဲ့ထိုးတာလည်းခံရသေး။ဒါပေမယ့် အလယ်ခုံဆိုပြီးတော့ ဈေးမတော့မလျှော့။စီးချင်စီး မစီးချင်နေ စီးမယ့်သူတွေကအပြည့်။ကားခေါင်မိုးပေါ်ကိုတော့ ရန်ကုန်မြို့ပြင်ရောက်မှ တင်ခွင့်ရကြတယ်။

လမ်းခရီးမှာ အပေါ့အပါးသွား ထမင်းစား တအောင့်နားလို့ ဟိုင်းလတ်ယာဉ်ပေါ်က ဆင်းလာပြီဆို တောက်လျှောက်ကွေးထားရတဲ့ ဒူးတွေကို မနည်းပြန်ဆန့်ထုတ်ရတော့တယ်။ဒါ့ကြောင့် အဲဒီခေတ် ဒူးနာတဲ့ သက်ကြီးပိုင်းတွေ ခရီးထွက်ရတာမချောင်။

၁၉၉၆ခုနှစ် ကျနော် မအူပင်ဂျီတီအိုင်တက်တော့လည်း ရန်ကုန်ကနေ မအူပင် ကားစီးရတာ ဒီဆင်မလိုက်မှာပဲ။မအူပင်တံတားမပြီးခင် မအူပင်မြို့တစ်ဖက်ကမ်းအထိပဲ ကားရောက်တဲ့အချိန်တုန်းကတော့ နာမည်ကျော် ဟိုင်းလတ်ယာဉ်ပဲ။တံတားအပြီး ကားဂိတ်က မအူပင်မြို့ထဲရောက်တော့မှသာ မီနီဘတ်စ်လေးတွေဖြစ်လာတယ်။မီနီဘတ်စ်လက်ထက်ရောက်တော့လည်း စီးရတာ ခပ်ကျပ်ကျပ်နဲ့ ဒူးဆန့်ရခက်နေဆဲပါပဲ။

အဝေးပြေးဂိတ်တို့ ထုံးစံအတိုင်း ဆိုင်ပေါက်စလေးတွေက သိပ်ကိုပေါတယ်။ဆင်မလိုက်အဝေးပြေးဝန်းထဲမှာ ကားပစ္စည်းအရောင်းဆိုင်တွေနဲ့ စက်ဘီးအရောင်းဆိုင်တွေလည်း တွေ့ခဲ့ဖူးတယ်။ပြီးတော့ တည်းခိုခန်းသေးသေးတွေလည်း အဝေးပြေးဝန်း အတွင်းအပြင်မှာရှိတယ်။တည်းခိုခန်းတွေက အခန်းထဲဝင်လိုက်တာနဲ့ စိတ်ခြောက်ခြားချင်စရာ။မီးအလင်းရောင်က ပြည့်ပြည့်ဝဝမရှိ။မှုန်ကုပ်ကုပ် ကျဉ်းကျဉ်းမြောင်းမြောင်း။အနံ့အသက်တွေကလည်း သိပ်မကောင်း။တည်းခိုခန်းရဲ့အခန်းထဲရောက်သွားတာနဲ့ ထောင်ထဲက တိုက်ခန်းထဲ ရောက်သွားသလိုမျိုး။

ဆင်မလိုက်အဝေးပြေးဝန်းက အဝေးပြေးဝန်းပီသစွာ ပြည့်တန်ဆာတွေကလည်း ပေါဟန်တူ။ဆင်မလိုက်နားဝန်းကျင်ရှိ တည်းခိုခန်းတွေက ပြည့်တန်ဆာတွေနဲ့ တက်သွားလည်း အိုကေ။အဲဒီတည်းခိုခန်းတွေက ခရီးသည်တွေနဲ့ ပြည့်တန်ဆာနဲ့ ရောက်လာသူတွေနဲ့ တရုန်းရုန်း။ပြီးတော့ အစ်ကိုကာလသားတို့အကြိုက် ဘီးအီဆိုင်တွေ၊ အနီပဲရောင်းတယ်ဆိုတဲ့ဆိုင်တွေကလည်း ဒင်းကြမ်း။

ဆင်မလိုက်နားဝန်းကျင် ထမင်းဆိုင်နဲ့ အရက်ဆိုင်တွေရဲ့ ထူးခြားချက်က ငါးနဲ့ ဝက်သားဟင်းဆို များများရခြင်းပါပဲ။ဆင်မလိုက်အဝေးပြေးဝန်းရဲ့ ကားလမ်းဟိုဘက် အတွင်းထဲ ခပ်နက်နက်ဝင်လိုက်ရင် ဝက်သတ်ရုံ။ပြီးတော့ ဆင်မလိုက်ကနေ တစ်မှတ်တိုင်ထပ်သွားလိုက်ရင် စံပြငါးဈေး။အဲဒါကြောင့်လည်း ဝက်နဲ့ ငါး ဈေးပေါတယ်တဲ့။ဒါပေမဲ့ ဈေးဘယ်လောက်ပေါပေါ ဆင်မလိုက်အဝေးပြေးရဲ့ထမင်းဆိုင်တွေကတော့ ဘယ်လို လျှာနဲ့စားစား ခံတွင်းမလိုက်တာက အသေအချာပါပဲ။

ဘာ့ကြောင့် ထမင်းဆိုင်တွေ စားမကောင်းတာလဲဆိုတော့ ပုံမှန်ဖောက်သည်မရှိတာနဲ့လည်းဆိုင်မယ် ထင်ပါတယ်။ အဝေးပြေးဝန်းထဲ ထမင်းစားကြသူတွေဟာ ခရီးသည်တွေသာဖြစ်တာကြောင့် ဒီတစ်နပ်စားပြီး နောက်တစ်နပ်ဆိုတာ နောက်တစ်နှစ်ကြာတောင် လာစားဖြစ်ချင်မှဖြစ်မှာမို့ တစ်နပ်စားလို့ ဟင်းမကောင်းလည်း ပြဿနာမရှိတဲ့သဘော။ပြီးတော့ အဲဒီလို အဝေးပြေးဝန်းရောက်တုန်း ဗိုက်လည်းဆာနေတုန်း လမ်းကြုံဝင်စားတဲ့သူများပြီး ရောင်းကောင်းနေတာကြောင့်လည်း ဟင်းကောင်း၊ မကောင်းကို ဆိုင်ရှင်က သိပ်အာရုံမထားကြဟန်လည်းတူတယ်။ဟင်းချက်လက်ရာမကောင်းလို့ ဈေးပေါသလားဆိုတော့လည်း ဈေးက ဝက်သားနဲ့ ငါးကလွဲလို့ အဝေးပြေးဝန်းအပြင်ထက် ပိုမြင့်။အဝေးပြေးဂိတ်ကနေ ခရီးသွားမယ့်သူတွေကို ကြုံတုန်း ရိတ်လိုက်မယ်ဆိုတဲ့ သဘောများလား မပြောတတ်။

ဆင်မလိုက်အဝေးပြေးဝန်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ လူမိုက်တွေပေါခြင်းပါပဲ။ဆင်မလိုက်ဝန်းကျင် အသက်တွေကိုလှီးဖြတ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေရှိတာကြောင့် အသက်တွေ သွေးတွေနဲ့ ယဉ်ပါးနေသူတွေက အလိုလိုမိုက်နေကြတာလား။

၁၉၉၃ ခုနှစ်ဝန်းကျင်က ကျနော်တို့သူငယ်ချင်းတစ်ယောက် ဆင်မလိုက်ကားဂိတ်ကို ဘာကိစ္စနဲ့လဲမသိ၊ ညနေဘက် ရောက်သွားခဲ့တယ်။ကားဂိတ်မှာကိစ္စပြီးလို့ လှည်းတန်းဘက်အပြန်၊ လမ်းဘေးအုတ်ခုံမှာထိုင်နေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ် ၃-၄ ယောက်က လှမ်းခေါ်ပြီး ပြောတယ်။"မင်းလမ်းလျှောက်တဲ့ပုံစံ ငါတို့မကြိုက်ဘူး။ဟိုဘက်ပြန်သွားပြီး ပြန်ပြင်လျှောက်စမ်း" တဲ့။သူတို့နံဘေးမှာ ချွန်မြနေတဲ့ ဓားအတို ၂ ချောင်းကိုလည်း တွေ့ရတယ်။

ကျနော်တို့သူငယ်ချင်းရဲ့ လမ်းလျှောက်ပုံကလည်း မသိရင် လူမိုက်လိုလို တကယ့်ကိုဒေါင့်မကျိုးတဲ့ ဟန်ပန်။ပြန်ပြင်မလျှောက်ရင် တကယ်ကို ဓားနဲ့အထိုးခံရမှာမို့ ကြောက်ကြောက်နဲ့ ရိုရိုကျို့ကျို့ ပြန်ပြင်လျှောက်ပြရတယ်။အဲဒီတုန်းက သူငယ်ချင်းရဲ့အသက်က ၁၇-၁၈ နှစ်။

အဲဒီလူမိုက်လေးက ‘အေး၊ နောက်ခါ၊ ဆင်မလိုက်လာရင် အခုလို လျှောက်ပြီးလာ၊ မကျေနပ်ရင် ဟိုရှေ့မှာ ရဲစခန်းရှိတယ်၊ သွားတိုင်’ တဲ့။

အဲဒီလို ဆင်မလိုက်မျိုးမို့ ဆင်မလိုက်သွားရင် ကျနော်တို့ သတိထားရတယ်။အဲဒီတုန်းက ဆင်မလိုက်ဆိုတာ ကျနော်တို့အတွက် နည်းနည်းဝေးလွန်းလှတယ်။ပြီးတော့ ဆင်မလိုက်ကားဝန်းဘေးက အရိုးကုဆေးရုံကလည်း အပြင်ကနေမြင်ရတာ ခြောက်ခြားစရာလိုလိုနဲ့ မြင်ရတာ သိပ်မဟန်။

ဆင်မလိုက်အဝေးပြေးဝန်းဆိုတာ လူကျပ်ကျပ် ကားကျပ်ကျပ် အဝေးပြေးဝန်းက သိပ်မကျယ် ကားတွေကများများနဲ့ မဆံ့မပြဲ။အဲဒီအချိန်က တခြားမြို့တွေသွားတဲ့ ကားဂိတ်တွေ ရန်ကုန် ဘယ်နားရှိသလဲ ကျနော်မသိ။ဆင်မလိုက်ကနေ မုတ္တမ၊ သထုံ ပဲခူးနဲ့ မအူပင်တို့ကို ဟိုင်းလတ်ကားစီးလို့ ကျနော်သွားခဲ့ဖူးတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်က ခရီးသွားခရေဇီမို့ ဆင်မလိုက်ရောက်ရင်ကို အလိုလိုပျော်သွားခဲ့တယ်။

ငြိမ်းဆက်
ဒီဇင်ဘာ - ၂