【 ဆောင်းပါး 】 ငယ်ငယ်က ဆွမ်းကြီးလောင်းပွဲ

【 ဆောင်းပါး 】 ငယ်ငယ်က ဆွမ်းကြီးလောင်းပွဲ

သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးလွန်းခြင်းနှင့် တစ်နေရာကနေ တစ်နေရာ သွားရလာရမလွယ်ကူခြင်းကြောင့် ကျနော်တို့ ဘီလူးကျွန်းက ဘိုးဘွားများမှာ ဒေသအရွှေ့အပြောင်း မရှိသလောက် ရှားသည်။ပြောရလျှင် ဘီလူးကျွန်းထဲမှာပင် ကိုယ့်ရပ်ရွာကနေ တခြားရွာကိုပြောင်းရွှေ့တာမျိုး မလုပ်ချင်။ကိုယ့်ရွာမှ ကိုယ်အနေများသောကြောင့် ကိုယ့်ရွာအပေါ်ချစ်တဲ့စိတ်ကြီးကြသည်။

ကျနော့်အဖေဘက်က အဘိုးဆိုလျှင် ချောင်းဆုံမြို့ပေါ်နဲ့ ၃ မိုင်ကျော်ဝေးတဲ့ မရမ်းရွာသား။အဘွားနဲ့ညားပြီး တစ်နှစ်ကျော်အကြာ ဆံထုံးနောက် ရောင်ပါဆိုသလို အဘွားရပ်ရွာ ချောင်းဆုံတွင် ရာသက်ပန်ပြောင်းရွှေ့နေထိုင်ခဲ့သည်။သို့သော် ချောင်းဆုံမှာ သူမပျော်။အဘိုး၏လယ်မြေက သူ့ရွာ မရမ်းနားမှာမို့ လယ်ထဲရောက်နေချိန် ရွာကိုအမြဲပြန်နိုင်နေတာတောင် လယ်အလုပ်ပြီးလို့ ချောင်းဆုံပြန်နေချိန်၌လည်း အလုပ်အားလျှင်အားသလို တစ်ပတ် သုံး၊ လေးရက် သူ့ရွာဆီ ခဏတဖြုတ်ပြန်လည်မြဲဖြစ်သည်။

ကျနော့်အဘွား၏ အစ်ကို ကျနော်တို့အဘိုးကြီး၊ ဘိုးချစ်စံကြတော့ မရမ်းရွာသူနဲ့ အိမ်ထောင်ကျပြီး မရမ်းမှာ ပြောင်းရွှေ့နေထိုင်သူ။သူသည်လည်း မရမ်းမှာ မပျော်။ထို့ကြောင့် သူသည်လည်း အလုပ်အားတာနဲ့ ချောင်းဆုံပြန်မြဲ။ကျနော့်အဘိုးအရင်းကြတော့ စက်ဘီးရှိသဖြင့် သူ့ရွာမရမ်းကိုပြန်ရတာ မပင်မပန်းနဲ့ မြန်မြန်ရောက်သော်လည်း ဘိုးချစ်စံမှာ စက်ဘီးမရှိသဖြင့် နွားလှည်း (သို့မဟုတ်) ခြေလျင် လာရသည်။
အသွားအပြန် ၆ မိုင်ခရီးက မလွယ်ပေမယ့် တစ်ပတ် တစ်ခေါက် အနည်းဆုံးရောက်သည်ဟု သိရသည်။

ပြီးတော့ ရွာသားတွေက ဘယ်လောက်ထိအစွဲကြီးသလဲဆို ကိုးကွယ်ရာ ဘုန်းကြီးကျောင်းတောင်မှ ဆွေစဉ်မျိုးဆက် ဒါမှဒါဆိုတာမျိုး။ဘိုးချစ်စံဆို မရမ်းရွာပြောင်းသွားပေမဲ့ သူ့ကိုးကွယ်ရာက ကျနော်တို့ဆွေစဉ်မျိုးဆက် ကိုးကွယ်ရာ မြင့်မိုရ်တောင် ဘုန်းကြီးကျောင်းသား။မြင့်မိုရ်တောင် ဘုန်းကြီးကျောင်း ဝေယျာဝစ္စမှန်သမျှ မရမ်းကနေ လာလုပ်လေ့ရှိသည်။ကျနော်တို့ ဘီလူးကျွန်းမှာက တစ်ရွာမှာ ဘုန်းကြီးကျောင်း သုံး၊ လေး ကျောင်းရှိပြီး သူ့ဒကာနဲ့သူ အချင်းများခြင်းမရှိ၊ အပြိုင်အဆိုင်မရှိ ပြဿနာမရှိ။  

သို့သော်၊ တစ်ရွာနဲ့ တစ်ရွာ အပြိုင်အဆိုင်တော့ရှိကြသည်။ထို့ကြောင့် တရားဝင်ကျင်းပသည့် ဘောလုံးပြိုင်ပွဲပဲဖြစ်ဖြစ်၊ တရားမဝင်ချိန်းကန်သည့် ဘောလုံးပွဲပဲဖြစ်ဖြစ် ကွင်းထဲမှာ အားကစားသမားချင်းငြိကြပြီဆို အပြင်က ပရိသတ်ချင်းကြား ရိုက်ပွဲတို့ကမရှား။ထို့ကြောင့် ဘောလုံးကွင်းထဲဝင်ပြီဆို ဝင်ခွင့်လက်မှတ်တင်မက လေးခွ၊ တုတ် စသည့် ရိုက်စရာနှက်စရာတွေပါလာသေးသလား တာဝန်ကျရဲက စစ်ရသည်။

ထိုသို့ရန်လိုသော ပြိုင်ဆိုင်မှုရှိသော်လည်း ကောင်းသောပြိုင်ဆိုင်မှုများကလည်းရှိသည်။ဘာကိုပြိုင်ကြတာလဲဆိုတော့ အလှူအတန်းပြိုင်ခြင်းဖြစ်သည်။တစ်ရွာလုံးနဲ့ဆိုင်သော အလှူအတန်းမျိုးကို ကိုယ့်ရွာက နိမ့်ပါးတယ်ဆိုတာမျိုး အဖြစ်မခံ။ဉပမာ - ဘုရားပွဲလိုမျိုးတွင် ကိုယ့်ရွာ၊ ကိုယ့်အိမ်က သိပ်မကျွေးနိုင်ဘူးဆိုတာမျိုး ကဲ့ရဲ့မခံနိုင်။သူတို့ရွာဘုရားပွဲမှာ ဗလာဇာတ်ပွဲသွင်းတယ်ဆို ကိုယ့်ရွာလည်း အားကျမခံ ဗလာဇာတ်ပွဲ။ထိုသို့မှမသွင်းနိုင်လျှင် ခပ်ရိရိစကားမျိုးနဲ့ မခံချင်အောင် ပြောတတ်ကြသည်။

တချို့ရွာများမှာ ဘုရားပွဲကျင်းပစရာ ရွာမှာ ဘုရားခပ်ကြီးကြီးမရှိ။ထို့ကြောင့် ဘုရားပွဲရယ်လို့မရှိ။သို့သော် ဘုရားမရှိလို့ ဘုရားပွဲမရှိသော်လည်း ဘုရားပွဲကဲ့သို့သော အကျွေးအမွေးက တစ်နှစ်မှာ တစ်ရက်တော့ရှိသည်။

များသောအားဖြင့် ဘီလူးကျွန်းဘုရားပွဲများမှာ သင်္ကြန်အကြိုမတိုင်ခင် တစ်ရက်ကစလို့ ဧပြီတစ်လလုံးဖြစ်သည်။ဧပြီလအတွင်း ရက်ပြည့်နေသဖြင့် မကျင်းပဖြစ်သောရွာများက ဝါကျွတ်ပြီးနောက် လပြည့်နေ့များတွင် ကျင်းပလေ့ရှိသည်။ကျနော့်အမေဇာတိ ကွမ်သဲရွာဆိုလျှင် ကွမ်သဲရွာအပိုင် ကျိုက်ကွဲတောင်မှာရှိသော ကျိုက်ကွဲဘုရား၊ ဘုရားပွဲအဖြစ် တန်ဆောင်မုန်းလပြည့်နေ့။ကွမ်သဲဆိုတာက တကယ့်ကိုရွာကြီး။ရွာလယ် မူလတန်းကျောင်း မျက်စောင်းထိုးနားက လမ်းအတိုင်းတက်သွားပြီး ညာဘက်ချိုးလိုက်လျှင် ကွမ်သဲသင်္ချိုင်း၊ ထိုသင်္ချိုင်းတွင် ကျနော်တို့ အဘိုး၊ အဘွားနဲ့ အမေ ဂူရှိသည်။ညာဘက်မချိုးဘဲ ဆက်တက်သွားလျှင် ဘုန်းကြီးကျောင်း။ထိုကျောင်းကိုကျော်ပြီးမှသာ ကျိုက်ကွဲတောင်။ငယ်စဉ် ကျိုက်ကွဲဘုရားပွဲတုန်းက တစ်ခေါက် တောင်ပေါ်တက်ဖူးတာကလွဲ တခြားခံစားချက်မရှိ။

နတ်တော်လပြည့်နေ့ကျတော့ ခရိုက်သစ်ရွာ ဆွမ်းကြီးလောင်းပွဲ။ဘာကြောင့် ဆွမ်းကြီးလောင်းပွဲလုပ်ရသလဲဆိုတော့ ခရိုက်သစ်ရွာတွင် တောင်အမြင့်ပေါ်တည်ထားသည့် ဘုရားမရှိခြင်းနှင့် သက်ဆိုင်မည်ဟုထင်၏။ဆွမ်းကြီးလောင်းပွဲကျတော့ မနက်စောစော တစ်ရွာလုံးကနေပြီး သံဃာတော်များကို ဆွမ်းဆန်နဲ့ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းဖြစ်သည်။ပြီးလျှင် ဘုရားပွဲများပုံစံအတိုင်း လာသမျှဧည့်သည်တို့ကို အိမ်စေ့နီးပါးက မုန့်နဲ့ ထမင်း ဧည့်ခံခြင်း။

ခရိုက်သစ်ဆိုတာက ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်နှင့် ကပ်လျက်။ခရိုက်သစ်ကိုရောက်ဖို့ ချောင်းတစ်ခုကိုဖြတ်ရသည်။ကျနော်တို့ငယ်ငယ်တုန်းက သစ်သားတံတား။နောက်ပိုင်းကျ အုတ်တံတား။တံတားကနေဆင်းတာနဲ့ လမ်း ၃ ခွဆုံ။ညာဘက်ချိုးလိုက်လျှင် တိုးချဲ့ကွက်သစ်၊ ကုလားတို့ရွာနဲ့ ချောင်းဆုံဦးဂျင်လမ်းခွ။ဘယ်ဘက်ချိုးလျှင် ခရိုက်သစ်ရွာထဲ၊ တည့်တည့်သွားလျှင် ကွမ်သဲရွာဘက်။ကျနော်ငယ်ငယ်က ဘယ်နဲ့ညာချိုးသည့်လမ်းမှာ မြေနီလမ်းဖြစ်ပြီး တည့်တည့်က ကတ္တရာလမ်းဖြစ်သည်။ကတ္တရာလမ်းက ကုန်းနည်းနည်းတက်ရပြီး လမ်းကြမ်းသဖြင့် ခရိုက်သစ်ရွာထဲလမ်းကနေသာ ကွမ်သဲရွာဘက် သွားလေ့ရှိသည်။မြေသားလမ်းက နီနီရဲရဲနဲ့ ရေမတင်သော ဂဝံဓာတ်ပါသည့်လမ်းမို့ စက်ဘီးနင်းရ သိပ်ကောင်းသည်။

ခရိုက်သစ်ကဲ့သို့ ဆွမ်းကြီးလောင်းပွဲကျင်းပသော နောက်တစ်ရွာမှာ မရမ်းရွာဖြစ်သည်။ကျနော်တို့ငယ်ဘဝရောက်တော့ ဘိုးချစ်စံ က ကွယ်လွန်သွားတာကြာပြီ။ဒါပေမဲ့ ဘိုးချစ်စံ မိန်းမ ဘွားစိန်ရွှေနှင့် သားသမီးများရှိသဖြင့်  မရမ်းရွာဆွမ်းကြီးလောင်းပွဲသို့ ၃ ညအိပ် သွားလေ့ရှိသည်။ဘိုးချစ်စံ မရှိတော့သော်လည်း ကျနော့်အဘွားတို့က အင်မတန်ဖေးမကြပြီး သူတို့တူ၊ တူမ (ဘိုးချစ်စံ သားသမီး) တို့ကို ကိုယ်ထိလက်ရောက်ချစ်ကြသည်။သူတို့ယောင်းမ ဘွားစိန်ရွှေနှင့်လည်း အပြန်အလှန်ချစ်ကြသဖြင့် ဘိုးချစ်စံရှိစဉ်က မရမ်းဆွမ်းကြီးလောင်းပွဲသွားခဲ့သလို နှစ်စဉ်မပျက်မကွက်သွားကြခြင်းဖြစ်သည်။

မရမ်းဆွမ်းကြီးလောင်းပွဲက ပြာသို့လပြည့်နေ့၊ ဇန်နဝါရီလထဲမို့ ချမ်းချမ်းစီးစီး ညနေစောင်းလိုအချိန်မှာ နွားလှည်းဖြင့်သွားကြခြင်းဖြစ်သည်။ခေါင်လူကြီးက ကျနော့်အဘွားရဲ့အစ်မ ဘွားဘွားကြီး၊ ပြီးတော့ ကျနော်တို့အဘွားနဲ့ အရင်းအချာထဲက ဝိုင်းလုပ်ပေးနိုင်မယ့်သူတွေ။ကျနော်တို့မြေးများက တစ်ယောက်၊ နှစ်ယောက်မျှ။

ညနေစောင်း ခပ်ချမ်းချမ်းအချိန် လှည်းယာဉ်ကို တအိအိစီးရတာ အရသာ။လမ်းတစ်လျှောက် ကျနော့်အဘွားတို့၏ အသိမိတ်ဆွေတို့က နှုတ်ဆက်ကြ။နေဝင်ချိန်ကျမှ မရမ်းရွာသို့ရောက်သည်။

ကလေးဆိုတော့ အဘွားများနဲ့ခရီးမို့ သိပ်ပျော်သည်။ပြီးတော့ ဘိုးချစ်စံ သမီး အဒေါ်အပျိုကြီးက ကျနော့်ကိုမွေးကတည်းက ထိန်းလာသူ။ပြီးတော့ ဘိုးချစ်စံ သား ကျနော်တို့ဉီးလေးကလည်း  စပါးပွဲစားအဖြစ် သောင်သာနေသလို ကျနော်တို့ကိုလည်းချစ်သဖြင့် မုန့်ဖိုးတွေလည်းရ။

သူတို့အိမ်အနောက်က လယ်ကွင်းထဲတွင် ဆွမ်းကြီးလောင်း အထိမ်းအမှတ် ပိတ်ကားထောင်ရုပ်ရှင်ပြသဖြင့် ညဆို ကျနော်တို့သွားကြည့်ကြ။ကျနော့်အဘွားနဲ့ သူ့ယောင်းမ ဘွားစိန်ရွှေ က ညဆို စကားတွေဖောင်ဖွဲ့လို့။ဘွားဘွားကြီးကိုတော့ အကုန်ကြောက်ရသဖြင့် သူကတစ်ဘာသာ။  

ဆွမ်းကြီးလောင်းတာနဲ့ ဧည့်သည်တွေကျွေးတာကျတော့ ဘီလူးကျွန်းထုံးစံအတိုင်း အတူတူပင်။ဆွမ်းကြီးလောင်းပွဲပြီးလို့ ပြန်တော့မယ်ဆိုရင် ဘွားဘွားကြီးကို ဘွားစိန်ရွှေတို့မိသားစုက ကန်တော့။ပြီးလျှင် ကျနော့်အဘွားက သူ့ယောင်းမကို ကန်တော့လေ့ရှိသည်။တကယ်တော့ ကျနော့်အဘွားမှာ ဘွားစိန်ရွှေထက် ၃ နှစ်လောက်ကြီးသည်။သို့သော် သူ့အစ်ကိုကြီး၏မိန်းမမို့ သူ့အစ်အဖြစ်သဘောထားကာ ကန်တော့ခြင်းဖြစ်သည်။

နောက်ပိုင်း ဘွားဘွားကြီးကွယ်လွန်၊ ကျနော့်အဘွားသည်လည်း အသက်ကြီးပြီမို့ မရမ်းဆွမ်းကြီးလောင်းပွဲမသွားနိုင်တော့။သို့သော် တစ်နှစ်လျှင် တစ်ခါ ဘွားစိန်ရွှေဆီ မုန့်တစ်ခုခုပို့ခိုင်းပြီး ကန်တော့လေ့ရှိသည်။

ဘွားစိန်ရွှေ အရင်ကွယ်လွန်သွားသည်။ကျနော့်အဘွားကို အသိမပေးသဖြင့် နှစ်စဉ်မပျက် ဘွားစိန်ရွှေ သား ကျနော်တို့ဦးလေးလာလျှင် မစိန်ရွှေ ကို ကန်တော့လိုက်တဲ့အကြောင်းပြောကာ မုန့်တစ်ခုခုပေးခိုင်းမြဲ၊ ကျနော်အဘွားသေတဲ့အချိန်ထိဖြစ်သည်။

အခု ဆောင်းရာသီကိုရောက်တိုင်း ကျနော့်အဘွားကိုသတိရ၊ ဘွားစိန်ရွှေ ကို သတိရ၊ မရမ်းရွာနဲ့ ကျနော့်ငယ်ဘဝ ရင်ခုန်ခဲ့သော ဆွမ်းကြီးလောင်းပွဲကို သတိရမြဲဖြစ်သည်။ဘီလူးကျွန်းမှာ လွမ်းလို့မဆုံးနိုင်သော တစ်ထောင့်တစ်ညပုံပြင်ဖြစ်သည်။

ငြိမ်းဆက်
ဇန်နဝါရီ - ၁၅