【 ဆောင်းပါး 】 ခေတ်နောက်ကျမသွားအောင် ဘယ်လိုရှောင်ကြမလဲ ?

【 ဆောင်းပါး 】 ခေတ်နောက်ကျမသွားအောင် ဘယ်လိုရှောင်ကြမလဲ ?

ဒီ‌ဆောင်းပါးနဲ့ အရှေ့ကဆောင်းပါးတွေမှာ သင့်စွမ်းဆောင်ရည်ကို မြင့်တက်စေချင်တယ်ဆိုရင် အလုပ်ကို ဘယ်လိုပုံစံပြောင်းလုပ်မလဲ၊ ဘယ်လိုလေ့လာသင်ယူမလဲဆိုတာကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင် တခြားပုံစံပြောင်း  အလုပ်လုပ်သင့်တဲ့အကြောင်းနဲ့တကွ ကွင်းဆက်ထုံး လေ့လာသင်ယူခြင်းကို ဘယ်လိုလက်တွေ့ကျင့်သုံးရမယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ပါတယ်။သင့်အနေနဲ့ လုပ်ငန်းခွင်ထဲမှာပဲ ပိုကောင်းအောင် ပြုပြင်ယူလို့ရပါတယ်။လုပ်ငန်းအမျိုးမျိုးအတွက် လုပ်ငန်းကို ပိုကောင်းအောင် မွမ်းမံလုပ်ဖို့နဲ့ လူအင်အားသိပ်စိုက်ဖို့မလိုဘဲ အော်တိုလုပ်ဆောင်နိုင်ဖို့ နည်းပညာအသစ်တွေရဲ့ အကူအညီနဲ့ လုပ်ဆောင်နိုင်လာပြီဖြစ်တယ်။

သတင်းစာထုတ်လုပ်ရေးမှာဆိုရင် အရင်လို ခဲစာလုံးစီရတဲ့အစား ဂရပ်ဖစ်ဒီဇိုင်းတွေ နဲ့ လုပ်နိုင်လာပါပြီ။အသံဖိုင်ပို့စနစ်နဲ့ စမတ်ဖုန်းတွေက အတွင်းရေးမှူးတွေရဲ့ အလုပ်တွေကို အများကြီးချုံ့ပစ်ပေးနိုင်ခဲ့ပါပြီ။ခရီးသွားအွန်လိုင်းဆိုဒ်တွေက ခရီးသွားအေးဂျင့်တွေရဲ့နေရာကို ဝင်ယူနေပါပြီ။ရိုဘော့စက်ရုပ်တွေက လုပ်ရိုးလုပ်စဉ် စက်ရုံလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ဖဲ့ချွေဝါးမြိုနေပါပြီ။အဲဒါတွေက ထိုးဖောက်ဝင်ရောက်လာတဲ့ ပြောင်းလဲမှုတွေဖြစ်ပါတယ်။အဲဒါတွေက လုပ်ငန်းလိုအပ်ချက်နဲ့ ကျွမ်းကျင်မှုတွေကို အသစ်ပြောင်းလဲသွားစေခဲ့ပါပြီ။သင့်အနေနဲ့ ဒီပြောင်းလဲမှုရေစီးနဲ့ အလိုက်သင့် အလျားသင့် လိုက်ပြောင်းစီးမျောနိုင်မှသာ အလုပ်မြဲမှာဖြစ်ပါတယ်။

မော်တန် တီ ဟန်ဆန်က “သင်ရုံတင် မသင်ပါနဲ့ ချိတ်ဆက်ပါ” ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်ကနေ နည်းစနစ်တွေကို လမ်းညွှန်ရှင်းပြပြီးတဲ့နောက်မှာ၊ သင်ယူပုံတွေအားလုံးကို အောက်ပါအတိုင်း ပြန်လည်အနှစ်ချုပ်ပေးခဲ့ပါတယ်။

မှတ်စုအကျဉ်း - ကွင်းဆက်ထုံး သင်ယူမှု မလုပ်နိုင်အောင် ဟန့်တားနေသော လုပ်ငန်းခွင်မှ အတားအဆီးများ

           အလုပ်ထဲက အဟန့်အတားများ

သင်တန်းတွေ လေ့ကျင့်ခန်းတွေ မလုပ်နိုင်လောက်အောင် ကျွန်တော်က အလုပ်သိပ်များလွန်းတယ်။

လုပ်ငန်းခွင်တွင်း စနစ်တကျ ကွင်းဆက်ထုံး သင်ယူမှုအတွက် နည်းလမ်းများ

၁။ သင့်အချိန်ထဲက တစ်ရက်ကို ၁၅ မိနစ် ဖဲ့ပေးပြီး တစ်ကြိမ်မှာ အဓိကမြှင့်တင်မယ့် ကျွမ်းကျင်မှုတစ်ခုကိုပဲ အာရုံစိုက်ပါ။ (တစ်ရဲ့ အားမာန် - Power of One)

“ပိုအရေးကြီးတာကို ဦးစားပေးလုပ်နည်း” တို့လို ပိုကျယ်ပြန့်တဲ့ ကျွမ်းကျင်မှုကို တိုးတက်အောင်လုပ်ဖို့ ဘယ်ကနေစရမှန်း မသိဘူး။

၂။ ကိုယ် ကျွမ်းကျင်ချင်တဲ့ အရည်အချင်းတစ်ခုကို ခိုင်မာတဲ့ အပိုင်းငယ်လေးတွေ ခွဲထုတ်ပါ။ အကျင့်ပါအောင် လုပ်ယူရမယ့် နေ့စဉ်အမူအကျင့်။ကျွန်တော်လုပ်နေတာတွေကနေ ဘာအကျိုးရလဒ် ရရှိနိုင်တယ်ဆိုတာကို ဘယ်လို တိုင်းတာရမှန်းမသိဘူး။

ဥပမာ - ကျွန်တော်က အစည်းအဝေးတွေမှာ ကောင်းကောင်းနားထောင်တတ်သူဖြစ်ရဲ့လားဆိုတာမျိုးပေါ့။

၃။ အကျင့်ပါအောင် လုပ်ယူရမယ့် နေ့စဉ်အမူအကျင့်အပေါ် အာရုံစိုက်ပြီး ခြေရာခံပါ။တကယ်လို့ သင်က ကောင်းစွာနားထောင်တတ်ခြင်း အရည်အချင်းကို တိုးတက်အောင် ကြိုးစားနေတယ်ဆိုရင် သင်ဟာ စကားပြောနေသူနဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ရဲ့လား စဉ်းစားပါ။ (အင်း/ဟင့်အင်း)

ကျွန်တော်တို့ရဲ့ နှစ်စဉ်သုံးသပ်အကြံပေးချက်က ကျွန်တော်လိုအပ်တဲ့အချိန်မှာ ဘယ်တော့မှမရဘူး။မေ့လောက်မှ တစ်ခါဆိုသလို ဘယ်အချိန်ရမလဲဆိုတာ မှန်းရခက်လွန်းတယ်။

၄။ လျှပ်တပြက် ထွက်ပေါ်လာတဲ့ အကြံပေးသုံးသပ်ချက် - မိမိအဖော်တွေရဲ့ ခြုံငုံသုံးသပ်ချက်၊ အလွတ်သဘော၊ ရုတ်တရက်ထွက်ပေါ်တဲ့ ဝေဖန်ချက်တွေကိုမေးပါ။ပလုပ်ပလောင်း စစ်တမ်းမျိုး မလုပ်ပါနဲ့။ နည်းသစ်ထွင်ပြီးလုပ်ရင် ဖြစ်မှဖြစ်ပါ့မလားလို့ စိုးရိမ်ပြီး လုပ်မကြည့်ဖြစ်ဘူး။လောလောဆယ် လုပ်နေတာနဲ့ အဆင်ပြေနေသားပဲ။

၅။ အဖျားရှူးသွားတတ်တာကို လျှော့ချနိုင်ဖို့ အသေးစားစမ်းသပ်မှုလေးတွေလုပ်ပါ။တွေ့လာတဲ့ အချက်လေးတွေကို လုပ်ငန်းခွင်ထဲမှာ စမ်းသုံးကြည့်ပါ။ လုပ်ရိုးလုပ်စဉ်တွေနဲ့ အသားကျ သက်သောင့်သက်သာဖြစ်နေတာမို့လို့ ပိုတိုးတက်ဖို့အတွက်တော့ ထပ်မလုပ်ဖြစ်တော့ဘူး။

၆။ ပုံသေပြောင်းလဲမှု မရှိတော့တဲ့ ရပ်တန့်မှုကနေ လွန်မြောက်ဖို့အတွက် နေ့တဒူဝ လုပ်ရိုးလုပ်စဉ်အတိုင်းမလုပ်ဘဲ ပြောင်းလဲလုပ်ကြည့်ပါ။အကောင်းဆုံးစွမ်းဆောင်ရှင်တွေဟာ အနှောင့်အယှက်တွေကို အလုပ်ပုံစံပြောင်းလဲလုပ်တာနဲ့ ကွင်းဆက်ထုံး လေ့လာမှုတွေ ပေါင်းစပ်ပြီး၊ အောင်အောင်မြင်မြင်အသုံးချ ကျော်လွှားပစ်နိုင်ကြတယ်။ဟားဗတ်စီးပွားရေးကျောင်းက ပရော်ဖက်ဆာ အေမီအက်ဒွန်ဆန်၊ ရစ်ချတ်ဘိုမာနဲ့ ဂရီ ပစ်ဆာနိုတို့ရဲ့ ဩဇာကြီးတဲ့ လေ့လာမှုမှာ ခွဲစိတ်ဆရာဝန်အဖွဲ့တချို့က သူတို့ကိုအနှောင့်အယှက်ပေးခဲ့တဲ့ နည်းပညာအသစ်ကို ဘယ်လိုပြုပြင်အသုံးချနိုင်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ထားခဲ့တယ်။အခြားသူတွေ အခက်အခဲကြားက ကြိုးကုတ်အားထုတ်ပြီး ရုန်းကန်နေရချိန်မှာ အရင်ကလို နှလုံးခွဲဖို့ ရင်ဘတ်ဖွင့်စရာမလိုတော့ဘဲ နည်းပညာအသစ်ဖြစ်တဲ့ ခက်ခဲမှုလျော့ကျ နှလုံးခွဲစိတ်မှု Minimally Invasive Cardiac Surgery (MICS) နဲ့ ပြောင်းလဲအစားထိုး ပြုလုပ်နိုင်လာပြီဖြစ်ပါတယ်။အစားထိုးပြောင်းလဲအသုံးချမှု အောင်မြင်ခဲ့တဲ့သူတိုင်း အရင်ဆုံးရင်ဆိုင်ရမှာက ပုံစံပြောင်းလဲအလုပ်လုပ်ခြင်းပါ၊ ဘာလို့လဲဆိုတော့ သူတို့က ခက်ခဲမှုလျော့ကျ နှလုံးခွဲစိတ်မှု (MICS) က ဘာအတွက်လဲဆိုတာ သိခဲ့ကြလို့ပဲဖြစ်ပါတယ်။

ဒါက ရိုးရာအစဉ်အလာ ခွဲစိတ်မှုကနေ သိသိသာသာ ခွဲထွက်လာတဲ့ ခွဲစိတ်နည်းတစ်ခုဖြစ်ပါတယ်။နှိုင်းယှဉ်ကြည့်ရရင် မအောင်မြင်တဲ့အဖွဲ့တွေက ဒီခွဲစိတ်နည်းအသစ်ကို လက်ရှိနည်းလမ်းရဲ့ မူကွဲတစ်မျိုးပဲလို့ သဘောထားပြီး မလေ့လာတဲ့သူတွေဖြစ်ပြီး၊ ဒုတိယအချက်က အောင်မြင်တဲ့အဖွဲ့က သူတို့ရဲ့ သင်ယူမှုကို ကွင်းဆက်ထုံးလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။သူတို့ အစမ်းလေ့ကျင့် စမ်းသပ်ခဲ့ကြသလို အဖွဲ့တွေရဲ့ သုံးသပ်အကြံပေးချက်တွေကို ခံယူခဲ့ကြလို့ပဲဖြစ်ပါတယ်။မအောင်မြင်တဲ့ အဖွဲ့တွေကတော့ သုံးသပ်အကြံပေးချက်တွေကို လုံးဝမရယူခဲ့ဘူး ဒါမှမဟုတ် သေသေချာချာ မရယူခဲ့ကြဘူး။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ပါဝင်တဲ့ စွမ်းဆောင်ရည်မြင့်မားသူတွေဟာ အပိုင်းနှစ်ပိုင်းပါ အလားတူချဉ်းကပ်နည်းကို ကျင့်သုံးကြတယ်။သူတို့ဟာ ပုံစံပြောင်းအလုပ်လုပ်တာရော ကွင်းဆက်ထုံးသင်ယူမှု အလေ့အကျင့်မှာရော ရမှတ်မြင့်ကြတယ်။အဲလို ပုံစံပြောင်းအလုပ်လုပ်တာရော ကွင်းဆက်ထုံးသင်ယူမှု အလေ့အကျင့်မှာရော ကျွမ်းကျင်ပိုင်နိုင်ကြသူတွေဟာ ထိပ်ပိုင်း ၈၃ ခုမြောက် စွမ်းဆောင်ရည်ရာခိုင်နှုန်း ရမှတ်နေရာကို ရရှိကြပြီး၊ နှစ်မျိုးစလုံးကို မကျင့်သုံးကြတဲ့သူတွေရဲ့  ၂၃ ခုမြောက် ရာခိုင်နှုန်းရမှတ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သင့်ကိုယ်သင် ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်ဝန်းကျင်မှာ အောင်မြင်သူတစ်ယောက်အနေနဲ့ ရပ်တည်ချင်တယ်ဆိုရင်တော့ အဖြစ်မှန်နဲ့ အရင်ဆုံးရင်ဆိုင် ကြုံတွေ့ရမှာပါ။တကယ့်ဖြစ်ရပ်ကို မသိကျိုးကျွံပြုမယ် ဒါမှမဟုတ် နည်းပညာအသစ်အဆန်းကို ပစ်ပယ်လိုက်မယ် ဒါမှမဟုတ် တိုးတက်ပြောင်းလဲမှုတွေကို အသေးအမွှား အရေးမထားလောက်တဲ့ ကိစ္စလို့ သဘောထားလိုက်မယ်လို့ လုပ်လို့မရပါဘူး။တကယ်လို့ သင်က ကျောင်းဆရာတစ်ယောက်ဖြစ်မယ်ဆိုရင် အွန်လိုင်းသင်ကြားရေးစနစ်က သင့်ကျွမ်းကျင်မှုနဲ့ နေ့စဉ်ပုံမှန်လုပ်ဆောင်နေကျ နားလည်တတ်ကျွမ်းမှုတွေကို အနှောင့်အယှက်ပေးတော့မယ်ဆိုတာကို အသိအမှတ်ပြု လက်သင့်ခံရတော့မှာပါ။အဲဒီနောက် သင့်ကိုယ်သင် ကောင်းသထက်ကောင်းအောင် ဖြည်းဖြည်းချင်းသင်ယူဖို့ ကွင်းဆက်ထုံးကို ရှာဖွေလေ့ကျင့်ဖို့လိုပါပြီ။ပုံစံသစ်ပြောင်းပြီး ကွင်းဆက်ထုံး လေ့လာသင်ယူလိုက်ပါ။

ဒီလို ဇွဲလုံလဝိရိယနဲ့ အင်အားရှိရှိ ပုံစံပြောင်း အလုပ်လုပ်ဖို့နဲ့ သင်ယူဖို့ဆိုတာက တော်တော်တန်တန် စိတ်ဝင်စားတက်ကြွမှုနဲ့ မရနိုင်ပါဘူး။စွမ်း‌ဆောင်ရည်ကြီးမားသူတွေက အမြဲတမ်း အားအင်တက်ကြွ လန်းဆန်းပြီး စိတ်အားထက်သန်နေဖို့အတွက် ဘယ်လိုလုပ်ကြသလဲ။ဘယ်အရာက သူတို့ကို နေ့စဉ်နဲ့အမျှ၊ နှစ်စဉ်နဲ့အမျှ ပြောင်းလဲမှုနဲ့ လိုက်ရွေ့ပြီး တိုးတက်နေစေဖို့ တွန်းအားပေး မောင်းနှင်နေတာလဲ။အခု ဆက်ဆွေးနွေးမယ့် ခေါင်းစဉ်က အဲဒီအကြောင်းပဲဖြစ်ပါတယ်။

                                     အဓိက မှတ်သားဖွယ်ရာများ
                                ကွင်းဆက်ထုံး လေ့လာသင်ယူခြင်း

“အလုပ်ကြိုးစားလုပ်” ရှေးရိုးအယူဝါဒ အလုပ်အကိုင် အရည်အချင်းတစ်ခု ကျွမ်းကျင်လာဖို့အတွက် ကျွန်တော်တို့ နာရီပေါင်း ၁၀,၀၀၀ လေ့ကျင့်ဖို့ လိုတယ်။

အထပ်ထပ်အခါခါ လေ့ကျင့်ခြင်း = ပြီးပြည့်စုံမှု။

“ဉာဏ်ပါပါ အလုပ်လုပ်ခြင်း” နည်းစနစ်သစ်၏ ရှုထောင့်အမြင်
ဘယ်နှစ်နာရီ သင်လေ့ကျင့်သလဲဆိုတာနဲ့ မပတ်သက်ပါဘူး။သင် ဘယ်လိုလေ့လာသင်ယူသလဲဆိုတာအပေါ် မူတည်ပါတယ်။အဲဒီ “ဘယ်လို” ဆိုတာလေးကပဲ လုပ်ငန်းခွင်မှာ သင်ယူတာနဲ့ တမင်တကာ တစိုက်မတ်မတ် လေ့ကျင့်ရတဲ့ အားကစားနဲ့ ဂီတတို့မှာ သင်ယူရတာနဲ့ ကွာခြားတာဖြစ်ပါတယ်။

အဓိကအချက်များ

•    အချက်အလက်များနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်အရ ကျွန်တော်တို့ရဲ့ လူ ၅,၀၀၀ ရဲ့ အချက်အလက်စာရင်းအရ ကွင်းဆက်ထုံး လေ့လာသင်ယူမှုနဲ့ သင်ယူသူတွေက မသင်ယူသူတွေထက် စွမ်းဆောင်ရည်များစွာ သာလွန်တယ်လို့ ဖော်ပြနေပါတယ်။
•    လုပ်ငန်းခွင်အတွင်းကနေ ကောင်းစွာသင်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ (တမင်တကာလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး လေ့လာတဲ့ သုတေသနတွေဖြစ်တဲ့) အားကစား၊ တေးဂီတ၊ စစ်တုရင်နဲ့ မှတ်ဉာဏ်စစ်ဆေးမှုတို့မှာ ကြုံတွေ့လာနိုင်စရာမရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရမှာဖြစ်တယ်။
•    ကွင်းဆက်ထုံး သင်ယူမှုဟာ သင့်နေ့စဉ်လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း သင်ယူရမယ့် နည်းစနစ်တစ်ခုဖြစ်ပါတယ် - ချဉ်းကပ်မှုအသစ်ကို သေးငယ်တဲ့နည်းနဲ့ စမ်းလုပ်ကြည့်ရမှာဖြစ်တယ်။ (ဥပမာ - အစည်းအဝေးမှာ မေးခွန်း ဘယ်လိုမေးမလဲ) အဲဒီနောက် ထွက်လာတဲ့ ရလဒ်ကို တိုင်းတာကြည့်ရမယ်၊ နောက် သုံးသပ်အကြံပေးချက် ချက်ခြင်းရအောင်ယူရမယ်၊ ပြီးမှ ကိုယ့်ရဲ့ချဉ်းကပ်ပုံကို အဲဒီ သုံးသပ်အကြံပေးချက်ပေါ် မူတည်ပြီး လှည့်ပြောင်းရမယ်။ (ဥပမာ - နောက်တစ်မျိုး လှည့်မေးကြည့်ခြင်း)
•    ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ကွင်းဆက်ထုံး သင်ယူဖို့အတွက် နည်းစနစ်ခြောက်သွယ်ကို သုံးကြည့်ပါ။

၁။ ၁၅ ကို ဖြတ်ထုတ်ပါ
၂၊ ထူထဲ ခိုင်ခန့်အောင် ခုတ်ပိုင်းပါ
၃။ သိမ်မွေ့မှုကို တိုင်းတာပါ
၄။ ဖျတ်လတ် ပေါ့ပါးသွက်လက်တဲ့ တုံ့ပြန်အကြံပေးမှုကို မြန်မြန် ရယူပါ
၅။ နက်နက်တူးပါ
၆။ ရပ်တန့်သွားမှာကို ရဲရဲ ရင်ဆိုင်ပါ

•    ထိ‌ရောက်အောင် သင်ယူတတ်တဲ့သူတွေဟာ သူတို့ဆီမှာရှိတဲ့ အရည်အချင်းအားလုံးထဲကတချို့ကို Micro-behaviors (အကျင့်ပါအောင် လုပ်ယူရမယ့် အမူအကျင့်) (အရည်အချင်းတစ်ခု တိုးတက်လာစေဖို့အတွက် သင်နေ့စဉ် နည်းနည်းစီ စွဲမြဲစွာ မပျက်မကွက်ဆောင်ရွက်သော လုပ်ဆောင်မှု) အဖြစ် ပြောင်းလဲပစ်နိုင်တယ်။အဲဒီဆောင်ရွက်မှုဟာ တစ်နေ့ကို တစ်ဆယ့်ငါးမိနစ်ထက် ပိုလုပ်စရာမလိုဘဲ လုပ်ကြည့်လိုက် ပြန်စိစစ်သုံးသပ်လိုက်နဲ့ အရည်အချင်းမြှင့်တင်ရေးအတွက် တကယ်သိသိသာသာ ထိရောက်တဲ့ အကျိုးကျေးဇူးဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။
•    နည်းပညာအသစ်တွေက သင့်မှာ နဂိုရ်ကရှိတဲ့ အစဉ်အလာ အလုပ်အကိုင် အရည်အချင်းတွေကို ခေတ်နောက်ကျသွားအောင်လုပ်မယ့် ခြိမ်းခြောက်မှုကြောင့် နောက်ကျမကျန်ရစ်ဘဲ ခေတ်နဲ့အညီ လိုက်မီအောင် ဘယ်လိုလုပ်မလဲ - အရှေ့ကဆောင်းပါးမှာပါတဲ့ ကွင်းဆက်ထုံးသင်ယူမှုနဲ့ အလုပ်ပုံစံပြောင်းလဲလုပ်ခြင်းတို့ကို ပေါင်းလုပ်လိုက်ပါ။

မိမိအလုပ်ထဲမှာ ဉာဏ်ပါပါ အလုပ်လုပ်ပြီး အစွမ်းပြနိုင်ဖို့အတွက် မော်တန် တီ ဟန်ဆန်က “သင်ရုံတင်မသင်ပါနဲ့ ချိတ်ဆက်ပါ” ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်ကနေ နည်းစနစ်တွေကို အသေးစိတ်ရှင်းလင်းချက်တွေရော၊ သူ့ရဲ့ လူပေါင်း ၅,၀၀၀ နဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာမှုကနေ တွေ့ရှိခဲ့တဲ့ ကိုယ်တွေ့အဖြစ်အပျက်တွေကို နမူနာအနေနဲ့ ပြောပြရှင်းလင်းချက်တွေရော၊ အနှစ်ချုပ် လမ်းညွှန်ချက်တွေရောနဲ့ ရှင်းပြခဲ့တာ ဒီနေရာမှာ ပြီးဆုံးပါပြီ။

သူနောက်ထပ်အလားတူ ထုတ်နှုတ် လမ်းညွှန်တင်ပြတာတွေကလည်း နည်းယူ ပညာယူစရာ ကောင်းလှတဲ့အတွက် ဆက်လက်စောင့်မျှော်ဖတ်ရှုကြပါဦး Opinion Leaders စာချစ်ပရိသတ်ကြီးခင်ဗျား။

ကိုယ့်အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဉာဏ်ပါပါနဲ့ အစွမ်းပြလုပ်ကိုင်နိုင်သူများ ဖြစ်ကြပါစေ။

(ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)