【 ဆောင်းပါး 】 ကျော်ကြားတဲ့ ဟန်ကျိုး

【 ဆောင်းပါး 】 ကျော်ကြားတဲ့ ဟန်ကျိုး

၂၀၁၈ ခုနှစ်တုန်းကဆိုတော့ နည်းနည်းတော့ကြာပြီ။တရုတ်နိုင်ငံ မြို့ ၃ မြို့ကို ခရီးတစ်ခေါက်ရောက်ဖြစ်တယ်။ပေကျင်း၊ ဟန်ကျိုးနဲ့ ရှန်ဟိုင်း။မြို့ကြီး ၃ မြို့ကို တစ်ပတ်တာ အသော့နှင်ရတဲ့ခရီး။ရန်ကုန်ကနေ ကူမင်း။ကူမင်းကနေ ပေကျင်း။ကူမင်းရောက်ပြီး အချိန် ၃-၄ နာရီလောက်အကြာ ပေကျင်းကို လေယာဉ်ဆက်စီးရမှာမို့ နာမည်ကျော် ၁၂ လရာသီ နွေဦးမြို့တော် ကူမင်းမြို့ကို လေဆိပ်ထဲကနေသာ ငေးရ။ညမိုးချုပ်ပြီဆိုတော့ ပေကျင်းသွားမယ့် လေယာဉ်ပေါ်တက်လိုက်ရ။

ပေကျင်းကိုရောက်တော့ ည ၁၀ နာရီကို ကျော်နေပြီ။လေဆိပ်ကနေ ဟိုတယ်၊ပြောင်ရှင်းနေတဲ့ လမ်းမကြီးတွေပေါ် နာရီဝက်ကျော်ကြာ ကားစီးပြီးရောက်တော့ ခဏတဖြုတ်နားပြီး အိပ်ရာထဲ ခေါင်းပစ်သွင်းရတော့တယ်။

နောက်တစ်ရက်ကျတော့ မနက်တစ်ခင်း အလုပ်သဘောတွေနောက် ခေါင်းခြောက်ခဲ့ပြီး နေ့ခင်း ထမင်းစား။ပြီးတော့ ရထားဘူတာရုံ တန်းသွား။ရှေးဟောင်းနဲ့ ခေတ်သစ် နှစ်နံစပ်ကာ ကြီးကျယ်ခမ်းနားလှပါတယ်ဆိုတဲ့ ပေကျင်းကို ကားပေါ်ကနေ လှမ်းငေးရတာလောက်နဲ့ ကျေနပ်ရ။

ညတုန်းက ၁၀ နာရီကျော်မှာ ကားလမ်းမတစ်လျှောက် ကားမမြင် လူမမြင်နဲ့ ဒါပေကျင်းလားလို့ မေးရလောက်အောင် ပြောင်ရှင်းခဲ့သလောက် နေ့လယ်နေ့ခင်း များလိုက်တဲ့လူတွေနဲ့ များလိုက်တဲ့ကားတွေကို အံ့အားသင့်ရ။ဘူတာရုံရောက်တော့လည်း ဧရာမဘူတာရုံကြီးထဲ ဧရာမလူအုပ်ကြီးက ကြောက်စရာ။သူတို့ဆီက ကျည်ဆန်ရထားဆိုတာကို သူတို့ပြည်သူတွေ အားပြုစီးကြမှန်း သိသာတယ်။

ကျည်ဆန်ရထားခက မြန်မာငွေနဲ့တွက်ရင် ဈေးကြီးတယ်။ကိုယ်တွေစီးရတဲ့အတွဲက ရိုးရိုးတန်းရထားတွဲဆိုပေမယ့် အနောက်ကိုလှဲချလို့ရတဲ့ ဆိုဖာထိုင်ခုံနဲ့ စမတ်ကျကျ။၂ ယောက်တွဲ ထိုင်ခုံတွေနဲ့ လေယာဉ်စီးရသလို ကျနော်တို့ဆီက အဝေးပြေးကားစီးရသလို ကျဉ်းကျဉ်းကျပ်ကျပ်မဟုတ် သက်သောင့်သက်သာရှိပါ့။၂ ယောက် တွဲထိုင်ခုံတိုင်းရဲ့ဘေးမှာ မှန်အလုံပိတ် ပြတင်းတံခါးကျယ်ကျယ်ရှိတာကြောင့် သဘာဝရှုခင်းတွေကိုလည်း စိတ်တိုင်းကျ ငေးခွင့်ရတယ်။ပြီးတော့ ရိုးရိုးတန်းတွဲတွေမှာလည်း ထိုင်ခုံမဲ့ဆိုတာမျိုးမရှိ။

ရထားက သိပ်ကိုမြန်မှန်း ဒီဂျစ်တယ်ဘုတ်နဲ့ပြထားတဲ့ ရထားသွားနေတဲ့နှုန်းကို ကြည့်လိုက်ရုံနဲ့ သိတယ်။ရထားကမြန်ပေမယ့် ရှုခင်းတွေကို ငေးလို့မရအောင် မြန်တာမျိုးမဟုတ်တော့ ရှုခင်းကြိုက်တဲ့ ကျနော့်အတွက် သိပ်လှ။တရုတ်ကျေးလက်အိမ်တွေကို ဖြတ်ခနဲ ငေးခွင့်ရတာ ပန်းခင်းကို မြင်းစီးဖြတ်ရသလိုပေါ့။

ဟန်ကျိုးမြို့ကိုရောက်တော့ ည ၇ နာရီလောက်ရှိပြီ။ဟိုတယ်မသွားခင် လမ်းမှာထမင်းစား၊ သုညဒီဂရီအောက် ရောက်လုရောက်ခင် ဆောင်းကို ဘီယာနဲ့ ခုခံကာကွယ်ရ။ဟန်ကျိုးဟင်းလျာတွေထဲ သူတို့ဒေသထွက် နာမည်ကျော် ၃ ထပ်သား ဝက်သားကို မြည်းစမ်းကြည့်တော့ နာမည်ကျော်မယ်ဆိုလည်း ကျော်လောက်ဖွယ်။တစ်သက်မှာ တစ်ခါမှ မစားဖူးတဲ့ နူးညံ့မှုတွေနဲ့ အရသာရှိပါ့။ဝက်သားဆိုရင် အသားကလွဲ အဆီနဲ့ အခေါက် လုံးဝစားလေ့စားထမရှိတဲ့ နံဘေးက မိတ်ဆွေကို တစ်တုံးလောက်မြည်းစမ်းကြည့်ဖို့ တိုက်တွန်းမိ။ကျနော်ညွှန်းလွန်းလို့ အားနာပြီး စားကြည့်တယ်ဆိုတဲ့ မိတ်ဆွေ ဟန်ကျိုးကနေ မပြန်မချင်း ထမင်းဝိုင်းရောက်ရင် ဝက်သားပန်ကန်မှာ သူ့လက်ချည်း။

ပြီးတော့ ဖြူဖတ်ဖြူရော်နဲ့ ဟင်းတစ်ခွက်ကို ဘာမှန်းမသိလို့ နည်းနည်းမြည်းကြည့်တော့ မျှစ်ကြော်။ဟန်ကျိုးမျှစ်က ကျနော်တို့ဆီက မျှစ်ထက် ပိုကြမ်းနေတာကြောင့် သိပ်ခံတွင်းမလိုက်။ဒါပေမဲ့ အဲဒီမျှစ်ကြော်ကနေတစ်ဆင့် ဟန်ကျိုးမှာ ဝါးပင်တွေ တော်တော်ပေါက်ရောက်မှန်း သိလိုက်ရတယ်။

ခမ်းနားလွန်းလှတဲ့ ဟိုတယ်ပေါ်ရောက်ပြီး မွှေးမွှေးမြမြ ဟန်ကျိုးလက်ဖက်ခြောက်နဲ့ ရေနွေးကြမ်း တစ်ကျိုက်ပြီး တစ်ကျိုက်နဲ့ အရသာခံကာ ဟန်ကျိုးကို ဂူဂဲလ်ခေါက်ကြည့်လိုက်တော့ ဟန်ကျိုးဆိုတာ ကျဲ့ကျန်းပြည်နယ်ရဲ့ မြို့တော် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ ကျော်ကတည်းက တည်ထားတဲ့မြို့လို့ ဆိုတယ်။ ဟန်ကျိုးမြို့ကို ချင်ရှီဟွမ်ဘုရင်လက်ထက်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဝူယွဲ့နိုင်ငံနဲ့ နန်စုန့်နိုင်ငံတို့ရဲ့ မင်းနေပြည်တော်လည်း ဖြစ်ခဲ့ဖူးပါသတဲ့။

ယန်စီမြစ်ဝှမ်းမှာရှိတဲ့ ပြည်နယ်မြို့တော်တစ်ခု။ကျဲ့ကျန်းပြည်နယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဘဏ္ဍာရေး အဓိကကျတဲ့ ဗဟိုမြို့ကြီး။ ၂၀၁၆ ခုနှစ် G20 ထိပ်သီးအစည်းအဝေးကို ဟန်ကျိုးမြို့က ရှီးဟူမှာပြုလုပ်ခဲ့ကြောင်းလည်း ဂူဂဲလ်က ဖော်ပြထားလေတော့ ရှီးဟူဆိုတာ ဘာလဲလို့ ထပ်ရှာမိပြန်တယ်။

ရှီးဟူဆိုတာက နာမည်ကျော် ရေအိုင်ကြီးတစ်ခု။တရုတ်နိုင်ငံရဲ့ နိုင်ငံတော်အဆင့် နာမည်ကျော်ရှုခင်းသာ ၁၀ ခုထဲမှာ ရှီးဟူရေကန်ကလည်း တစ်ခုအပါအဝင်။ပြီးတော့ ယူနက်စကိုစာရင်းဝင်အဆင့်။တရုတ်ပြည်ရဲ့ နိုင်ငံတော်အဆင့် တစ်ခုတည်းသော ရေအိုင်နဲ့ ယဉ်ကျေးမှု ပေါင်းစပ်ထားတဲ့ ရေအိုင်ကြီးလို့လည်း ဆိုတယ်။ပြီးတော့ အဲဒီရေအိုင်ကြီးရဲ့ အရပ် ၃ မျက်နှာမှာ တောင်တွေဝန်းရံထားလေသတဲ့။

ဟန်ကျိုးဆိုတာ ကမ္ဘာကျော်တယ်။ဟန်ကျိုးမြို့ ကျော်ကြားရခြင်းမှာ သဘာဝရှုခင်းပေါများခြင်းနဲ့ တောတောင်ရေမြေ စိမ်းစိုလှပခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့လည်း ဆိုတယ်။ပြီးတော့ ဟန်ကျိုးဆိုတာ ရှေးခေတ်ကတည်း ပိုးထည်ယဉ်ကျေးမှု၊ လက်ဖက်ယဉ်ကျေးမှု၊ ဟန်ကျိုးဝိသေသရှိတဲ့ ယဉ်ကျေးမှုတို့ကို ကိုယ်စားပြုထားတယ်လို့ လည်း ဆိုတယ်။

နောက်ထပ် ဟန်ကျိုးမြို့ရဲ့ ထူးခြားချက်တစ်ခုက ကမ္ဘာ့အရှည်လျားဆုံး တူးမြောင်းတစ်ခုကို ပိုင်ဆိုင်ထားခြင်းလို့ ဆိုပြန်တယ်။ကျင်းဟန်တူးမြောင်းကြီးလို့ ခေါ်သတဲ့။ကမ္ဘာ့အရှည်ဆုံး တူးမြောင်းဖြစ်ရုံမက ကမ္ဘာ့ရှေးအကျဆုံး တူးမြောင်းလည်းဖြစ်သတဲ့။တကယ့် လူလုပ်တူးမြောင်းကြီး။ရှေးအခါက တရုတ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ချိတ်ဆက်ပေးထားတဲ့ တူးမြောင်းဖြစ်လို့ တရုတ်မြောက်နဲ့ တောင်ကို စီးပွားရေးအရရော ယဉ်ကျေးမှုအရပါ ကူးလူးဖလှယ်ပေးခဲ့တဲ့ တူးမြောင်းဖြစ်ခဲ့ပါရဲ့။ဒါကြောင့် ကျင်းဟန်တူးမြောင်းကို တရုတ်မဟာတံတိုင်းကြီးနဲ့ တန်းတူခိုင်းနှိုင်းဖော်ပြခံရတယ်လို့လည်း ဂူဂဲလ်က မှတ်တမ်းပြုထားလေတယ်။

အဲဒီလို ကျော်ကြားတဲ့ ဂုဏ်ရည်တွေကြောင့်လည်း ဟန်ကျိုးဆိုတာ ခရီးသွားဧည့်တွေ ပြည့်နှက်နေသလို ခရီးသွားလုပ်ငန်း စီးပွားရေးဟာလည်း ဟန်ကျိုးမှာ မင်းမူနိုင်တယ်လို့ ဆိုတယ်။ကျနော်တို့ အဲဒီလို ဟန်ကျိုးမြို့ကို ၃ ရက်တာ လည်ပတ်ခွင့်ရခဲ့တယ်။

မနက်ခင်းချမ်းချမ်းစီးစီးနဲ့ ရှီးဟူရေကန်ကြီးဆီလည်းရောက်၊ကျင်းဟန်တူးမြောင်းဆီလည်းရောက်၊ ဟန်ကျိုးမြို့ရဲ့ ပိုးယဉ်ကျေးမှုနဲ့ လက်ဖက်ခင်းတွေဆီလည်းရောက်။ဟန်ကျိုးရဲ့ ကျော်ကြားတဲ့နေရာ ခပ်များများဆီလည်းရောက်။ဒါပေမဲ့ အချိန်အကန့်အသတ်အရ တစ်နေရာကို ခဏတဖြုတ်သာ ရောက်ရှိခဲ့တာမို့ ရောက်ဖူးတယ်ဆိုရုံ အားမလို အားမရ။

ဖြစ်နိုင်ရင် ဟန်ကျိုးမြို့မှာ ၁၀ ရက်လောက်နေပြီး စိတ်ကြိုက်လည်ခွင့်ရရင် သိပ်ကောင်းမှာပဲလို့ မကြာခဏဆိုသလို တွေးမိတယ်။ဖြစ်နိုင်မယ်ဆို ဟန်ကျိုးမြို့ဆီ နောက်တစ်ခေါက် စိတ်ကြိုက်လည်ပတ်ချင်စိတ်ဟာ ဟန်ကျိုးမြို့ကနေ ပြန်လာပြီးကတည်းက ချဉ်ခြင်းဖြစ်ခဲ့တယ်။

အဲဒီချဉ်ခြင်းနဲ့ပဲ အခု ဒီဆောင်းပါးကိုရေးကာ ပြန်ငေးကြည့်မိတယ်။

ငြိမ်းဆက်