【 ဆောင်းပါး 】“ အောင်မြင်မှုအတွက် သွားမယ့်လမ်းကို ပုံဖော်ပါ ”

【 ဆောင်းပါး 】“ အောင်မြင်မှုအတွက် သွားမယ့်လမ်းကို ပုံဖော်ပါ ”

“မလုပ်ဆောင်ခင် အရင်ဆုံး သင့်စိတ်ကူးထဲကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ပါ။”

                                                                           (အဲလက်စ် မောရစ်ဆင်)

 စိတ်ဓာတ်မြှင့်တင်ရေး စာရေးဆရာ၊ ဟောပြောသူ ဂျက်ဖ် ကီလာ ရဲ့  ”Attitude is Everything” “စိတ်နေသဘောထားသည် အရာရာ” စာအုပ်မှ လက်တွေ့ဘဝအောင်မြင်ရေး၊ ဘဝကို ပျော်ရွှင်စွာနေထိုင်နိုင်ရေးများကို Opinion Leaders စာချစ်သူများအတွက် ကောက်နုတ် တင်ပြခဲ့ပါတယ်။ “သင့် စိတ်နေသဘောထားသည် ကမ္ဘာကြီးကိုကြည့်တဲ့ ပြတင်းပေါက်ဖြစ်တယ်” ဆိုတဲ့ သဘောတရားနဲ့ “အကောင်းမြင်စိတ်ဆိုတာက အခြေအနေကြောင့် မဟုတ်ဘဲ အခြေအနေကို ကျွန်တော်တို့ ဘယ်လို ခံယူတုံ့ပြန်တယ်ဆိုတာက ဒါကို ဖြစ်စေတာပါ”လို့ အကောင်းမြင်စိတ် နဲ့ မကောင်းမြင်စိတ်ကို နှိုင်းယှဉ်ပြီး အကောင်းမြင်စိတ်က ကိုယ့်ဘဝ တိုးတက်ရေးအတွက် ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ဥပမာတွေ၊ ကမ္ဘာကျော် အဆိုအမိန့်တွေ ဝေဝေဆာဆာနဲ့  မျှဝေနည်းလမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။

“ကျွန်တော့်တို့က ကိုယ်စိတ်ကူးတဲ့အတိုင်းကိုယ်ဖြစ်လာတာပါ။” သင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလျင်၊ သင့် စိတ်ကို အကောင်းမြင်မှုအပေါ်မှာ အာရုံစိုက်ထားလျင် သင့်ပန်းတိုင်ကို ရောက်ရှိနိုင်တယ် ဆိုတာကိုလည်း ဝေမျှပေးခဲ့ပြီး ဖြစ်ပါတယ်။ ဂျက်ဖ်ကီလာရဲ့  အကောင်းမြင်စိတ်ကြီးစိုးတဲ့စိတ်ကူးနဲ့ ကိုယ့်ကိုယ်ကို စိတ်ဓာတ်မြှင့်တင်ပြီးနောက်မှာ အောင်မြင်မှုကိုရရှိမယ့် ခြေလှမ်းတွေကို ဘယ်လို ဆက်လှမ်းရမယ်ဆိုတာကိုလည်း သင်ခန်းစာပေးခဲ့ပါတယ်။

အကောင်းမြင်ယုံကြည်မှုစနစ်ဟာ ပန်းတိုင်မှန်သမျှကို အောင်မြင်ပြီးမြောက်နိုင်ဖို့အတွက် စတင်ရမယ့် နေရာဖြစ်တယ်။ သင့်ရဲ့ ကြီးစိုးထားတဲ့ ယုံကြည်မှုက  သင်ဟာ သင့်ပန်းတိုင်ကို မုချပေါက်မြောက် အောင်မြင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်တဲ့အခါ သင်ဟာ ထိုလမ်းကြောင်းကို ရွေ့လျားရောက်ရှိစေဖို့ လိုအပ်မယ့် လှုပ်ရှားလုပ်ဆောင်မှုများကို  စတင်ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။ လက်တွေ့လုပ်ဆောင်မှု မပါဘဲ ရလဒ် မရရှိနိုင်ပါ။ သို့ရာတွင် စိတ်ကူးနဲ့အတွေးတွေက လုပ်ဆောင်မှုကို ဦးဆောင်တယ် ဆိုတာကိုတော့ အသိအမှတ်ပြုထားပါ။

လူတွေမှာ ကိုယ့်ကိုကိုယ် အမြဲစကားပြောနေတဲ့ စိတ်တွင်းအသံ ဆိုတာရှိတယ်။ အဲဒီ အသံက အထပ်ထပ် အခါခါ ပြောနေတဲ့ အပေါ်မူတည်ပြီး ရလဒ်တွေဖြစ်ပေါ်လာတာကို ဥပမာလေးတွေနဲ့ ရှင်းပြထားပြီး အကောင်းမြင် စကားတွေကိုပဲ စိတ်ထဲမှာ အထပ်ထပ်ပြောဖို့ တိုက်တွန်းထားပါတယ်။

သင့်စိတ်က သင်ပြောသမျှ စကားတွေကို အကုန်ကြားတယ်။ နောက်ပြီး သင်ဟာ သင့် ကြီးစိုးယုံကြည်မှု အတိုင်း အခြေအနေဝန်းကျင်ကို ဖြစ်ပေါ်လာစေဖို့ သံလိုက်တစ်တုံးလို အကြီးအကျယ် ဆွဲဆောင်နေသလို ဖြစ်နေပါတယ်။ ဒါကြောင့်မို့ သင့်အကြောင်းနဲ့ သင့်ပန်းတိုင် အကြောင်းတွေကို ပြောတဲ့အခါ အကောင်းမြင် စကားလုံးတွေကိုပဲ သေသေ ချာချာ အသုံးပြုပါ။

ဂျက်ဖ်ကီလာ ရှင်းပြတာက တစ်ခုခုကို မဆောင်ရွက်ခင်မှာ ကိုယ်လုပ်ရမယ့်ကိစ္စကို စိတ်ကူးထဲမှာ အရင်ပုံဖော်ရမယ် ဆိုတာပါ။ သူ သာဓကပြတာက နာမည်ကျော် အဆိုတော်၊ ထိပ်တန်းအားကစားသမား စသူတို့ဟာ သူတို့  တကယ့်လက်တွေ့မှာ အောင်မြင်တဲ့ ရလဒ်တွေရဖို့အတွက် သူတို့ရဲ့ စိတ်ထဲမှာ အောင်မြင်တဲ့ လှုပ်ရှားမှုတွေကို အရင်ပုံဖော် မြင်ယောင် ကြည့်ရပါတယ်။ အဲလို စိတ်ကူးပုံဖော်ကြည့်ခြင်းဟာ အဆိုတော်တွေ၊ အားကစားသမားတွေ (သို့မဟုတ်) ရုပ်ရှင်သရုပ်ဆောင်တွေ အတွက်ပဲ လိုအပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်တော့ သင့်အနေနဲ့ ငယ်စဉ်ကလေးဘဝထဲက ကိုယ့်ဘဝရဲ့ အခြေအနေတွေ ဖန်တီးဖို့ သင် အသုံးပြုခဲ့တဲ့အရာပဲ ဖြစ်ပါတယ်လို့ ဆိုပြီး စိတ်ကူးပုံဖော်ခြင်းကို စိတ်ကူးရုပ်ရှင်လို့ တင်စား ဖော်ပြခဲ့ပါတယ်။

သာဓကလေးတွေ သူဖော်ပြတာက …

လတ်တလော တီဗွီ အင်တာဗျူးတစ်ခုမှာ အဆိုတော် စီလင်းဒီယွန်ကို မေးပါတယ်။ သူမ အဆိုတော်ဘဝ စတင်ခဲ့စဉ်တုန်းက သူမဟာ တစ်နေ့နေ့ကျရင် ခုလို အသံသွင်းစီဒီ သန်းချီပြီး ရောင်းရမယ်၊ ဖျော်ဖြေရေး ခရီးစဉ်တွေ သွားရမယ်၊ အပတ်တိုင်း ပရိသတ် ထောင်သောင်းရှေ့မှာ သီချင်းဆိုရမယ် စသဖြင့် စိတ်ကူးယဉ် အိပ်မက်မက်ဖူးလားလို့ မေးပါတယ်။ သူမက သူမအဖို့ ဒါတွေက အဆန်းမဟုတ်ပါဘူး။ သူမ ငါးနှစ်သမီးအရွယ်ထဲက ဒါတွေအားလုံးကို စိတ်ထဲမှာ ပုံဖော်ခဲ့ထားပြီးသားမို့လို့ပါလို့ ပြန်ဖြေခဲ့ပါတယ်။

သူမ ဘဝင်မြင့်ပြီး ပြောတာမဟုတ်ပါ။ သူမဟာ သူမရရှိတဲ့ အောင်မြင်မှု မှန်သမျှတို့အတွက် မယုံစရာ ကောင်းလောက်အောင် ကြိုးစားလုပ်ခဲ့တယ်။ သူမ ငယ်ငယ်လေးထဲက တောက်ပခိုင်မာတဲ့ ပုံရိပ်ရဖို့ လုပ်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ သူ့ကိုယ်သူ ကောင်းကောင်း သိခဲ့တယ်။ သူမဖြစ်ချင်တဲ့ တောက်ပတဲ့ ကြယ်တစ်ပွင့်ကို စိတ်ကူးပုံဖော်ခဲ့ပါတယ်။ ကမ္ဘာအဆင့် အားကစားသမားတွေလည်း ဒီလိုပါပဲ။ သူတို့မည်ကဲ့သို့ အတိအကျ စွမ်းဆောင်မယ်ဆိုတာကို စိတ်ကူးပုံဖော်နိုင်စွမ်းနဲ့ ပေါင်းစပ်ပြီး သူတို့ရဲ့ စိတ်အင်အား တိုးတက်အောင် လုပ်ဆောင်ပါတယ်။ ရေခဲပြင်စကိတ်စီး ပြိုင်ပွဲမှာ ပြောင်မြောက်အောင် အခက်အခဲခုန်တာဖြစ်ဖြစ်၊ တင်းနစ်ပြိုင်ပွဲမှာ ထိရောက်တဲ့ စပေးဘောနဲ့ သူ့ပြိုင်ဖက်ကို ယှဉ်ပြိုင်ရာမှာ ဖြစ်ဖြစ်၊ ဂေါက်သမားတစ်ယောက်က ဝေးဝေးနဲ့ အားပြင်းပြင်း ရိုက်ချက်ကို ရိုက်ရာမှာဖြစ်ဖြစ်၊ ထိပ်တန်းအားကစားသမား တော်တော်များများဟာ တကယ့်လက်တွေ့မှာ အောင်မြင်တဲ့ ရလဒ်တွေရဖို့အတွက် သူတို့ရဲ့ စိတ်ထဲမှာ အောင်မြင်တဲ့ လှုပ်ရှားမှုတွေကို အရင် ပုံဖော် မြင်ယောင် ကြည့်ရပါတယ်။

အဲလို စိတ်ကူးပုံဖော်ကြည့်ခြင်းဟာ အဆိုတော်တွေ၊ အားကစားသမားတွေ (သို့မဟုတ်) ရုပ်ရှင်သရုပ်ဆောင်တွေအတွက်ပဲ လိုအပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်တော့ သင့်အနေနဲ့ ငယ်စဉ်ကလေးဘဝထဲက ကိုယ့်ဘဝရဲ့ အခြေအနေတွေ ဖန်တီးဖို့ သင်အသုံးပြုခဲ့တဲ့ အရာပဲ ဖြစ်ပါတယ်။ ကျွန်တော် ဘာကို ဆိုလိုတယ်ဆိုတာကို ထပ်ဖြည့် ရှင်းပြပါရစေ။ စိတ်ကူးပုံဖော်ခြင်းကို တစ်ခါတရံ “စိတ်ရုပ်ရှင်” “စိတ်တွင်းကပုံရိပ်များ” သို့မဟုတ် “ပုံရိပ်ယောင်များ”လို့လည်း တင်စားဖော်ပြတတ်ကြပါတယ်။ ကျွန်တော်တို့အားလုံးဟာ ပုံရိပ်တွေကို စိတ်ထဲမှာ သိုလှောင်သိမ်းဆည်း ထားတတ်ပါတယ်။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ လူမှုဆက်ဆံရေးပုံစံ၊ အလုပ်ထဲမှာ ကျွန်တော်တို့ ရရှိမယ့် အောင်မြင်မှု အတိုင်း အတာ၊ ကျွန်တော်တို့ရဲ့ ဦးဆောင်နိုင်စွမ်း၊ ကျွန်တော်တို့ရဲ့ နောင်ရရှိလာမယ့် ဝင်ငွေပမာဏ နဲ့ ထပ်ဆောင်းငွေ စသဖြင့်ပေါ့။

အဲဒီ “စိတ်ရုပ်ရှင်” “စိတ်တွင်းကပုံရိပ်များ” သို့မဟုတ် “ပုံရိပ်ယောင်များ”တို့ဟာ ဘယ်က ဘယ်လိုဖြစ်လာတာလဲ။ ထို စိတ်ကူးရုပ်ရှင်များဟာ ကျွန်တော်တို့ ငယ်ငယ်ထဲက ပုံဖော်ကူးယူပြီးသားဖြစ်နေတဲ့ “ငယ်စဉ်ဘဝထဲက စိတ်ကူးရုပ်ရှင်”ဖြစ်ပါသတဲ့။ ကျွန်တော်တို့ဟာ လူငယ်ဘဝမှာ အဝေဖန်ခံရတာ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားရတာဖြစ်ဖြစ် အဲဒီအချိန်က အဖြစ်အပျက်တွေကိုရော၊ အဲ့ဒီ အဖြစ်အပျက်နဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်တွေကိုရော  ပုံရိပ်အဖြစ် စိတ်ထဲမှာ မှတ်တမ်းတင် ကူးယူသိမ်းဆည်းထားလိုက်ပါတယ်။

ကျွန်တော်တို့ဟာ ထိုပုံရိပ်တွေကို (သိစိတ်နဲ့ပဲ ဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲ ဖြစ်ဖြစ်) မကြာခဏ ပြန်ထုတ်ကြည့်ပြီး ထိုပုံရိပ်တွေကြားမှာ တဝဲလည်လည် ရှင်သန်နေထိုင်တတ်လေ့ ရှိပါတယ်။  ကျွန်တော်တို့ရဲ့ ဘဝအခြေအနေတွေကို ဖန်တီးရာမှာလည်း ထိုမူလပုံရိပ်တွေကို ကိုယ်စားပြုတဲ့ အနေအထားကိုပဲ ဖန်တီးချင်စိတ် ဖြစ်နေမိတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

ဥပမာပြရရင် သင် သူငယ်တန်းတုန်းက ဆရာမရဲ့ ဝေဖန်အပြစ်တင်ခြင်း ခံခဲ့ရတဲ့ ပုံရိပ်ကို သင်ခုထိ ထင်ထင်ရှားရှား မြင်ယောင်နေတုန်း ဖြစ်နေနိုင်တယ်။  တစ်တန်းလုံးရှေ့မှာ အရှက်ခွဲခံရတယ်လို့ သင့်အနေနဲ့ ခံစားခဲ့ရတယ်။ နောက်ပိုင်းကျတော့ သင့်အမြင်ကို ကျောင်းမှာ သို့မဟုတ် လူအုပ်စုရှေ့မှာ ပြောခိုင်းတယ်ဆိုပါတော့။ သင် နောက်တွန့်ပြီး နုတ်ဆွံ့ပြီး နေပါလိမ့်မယ်။ အဲဒီ တစ်ချိန်လုံး သင့်အနေနဲ့ အပြစ်တင်ခံခဲ့ရချိန်တုန်းက ဘယ်လိုနာကျင်ခံစားခဲ့ရတယ်ဆိုတာကို (မသိစိတ်ထဲမှာ ကိန်းနေတဲ့ အနေအထားမှာပင် ဖြစ်လင့်ကစား) သင် သတိရနေမှာ ဖြစ်ပါတယ်။ ထိုပုံရိပ်က သင့် စိတ်ထဲမှာ ကျန်ရှိနေပြီး သင့်လက်ရှိ လှုပ်ရှားလုပ်ဆောင်မှု အပေါ်မှာ အကြီးအကျယ် လွှမ်းမိုးခြယ်လှယ်နေတာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ  ကျွန်တော်တို့ တစ်တွေဟာ ကျွန်တော်တို့ရဲ့ ကလေးဘဝရုပ်ရှင်ကို အသစ်ဖြည့်စွက်တာတို့ ပြန်ပြင်တာတို့ မလုပ်ခဲ့မိကြပါဘူး။ အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အစွမ်း အပြည့်အဝ မပါရှိတဲ့ ရလဒ်တွေကိုပဲ ထပ်ခါတလဲလဲ ထုတ်ပေးနေမိတာပေါ့။

ဆက်လက်ဖော်ပြမှာကတော့ စိတ်ကူးထဲမှာ မြင်ကြည့်ခြင်းရဲ့အစွမ်းနဲ့ ကျွန်တော်တို့ဘဝကို အဖက်ဖက်က တိုးတက်အောင် အသုံးချမယ့် နည်းစနစ်တွေ ဖြစ်ပါတယ်။ ဂျက်ဖ်ကီလာ စိတ်ကူးရုပ်ရှင်နဲ့ ပတ်သက်ပြီး ဆက်လက်ပြောပြတာက “သင့်ကိုယ်ပိုင် ရုပ်ရှင်အတွက် ကိုယ်တိုင်တာဝန်ယူပါ”။ ကျွန်တော်တို့ အားလုံးဟာ ငယ်ဘဝ အဖြစ်အပျက်တွေကိုသာမကဘဲ လူမှုပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်းအတွေ့အကြုံနဲ့ အခြား အဖြစ်အပျက်တွေပေါ်မူတည်ပြီး တစိုက်မတ်မတ် စိတ်ကူးရုပ်ရှင် ထုတ်လုပ်နေမှာ ဖြစ်ပါတယ်တဲ့။ ဘယ်ပေါ်မှာ အခြေခံတဲ့ စိတ်ကူးရုပ်ရှင်ပဲဖြစ်ဖြစ် သူအဓိက ဦးတည်ပြောလိုတာက - “သင်...ဟုတ်တယ် သင်သာလျင် -  သင့် ရုပ်ရှင်များကို ထိန်းချုပ်ကြိုးကိုင်သူ ဖြစ်တယ် ဆိုတာကိုပါပဲ”။

အဲဒါနဲ့ ပတ်သက်ပြီး ဂျက်ဖ် ကီလာ ဆက်ရှင်းပြတာက -

စမ်းသပ်ချက် အတိုလေးလုပ်ကြည့် ကြရအောင်။ သင့် စိတ်ကြိုက် အနံ့အရသာ ထည့်ထားတဲ့ ရေခဲမုန့်တစ်ခုကို စဉ်းစားကြည့်ပါ။  အဲဒါက သင့်စိတ်ထဲမှာ ပုံရိပ် သို့မဟုတ် ရုပ်ပုံတွေကို ဖြစ်ပေါ်စေလား၊ ဖြစ်မယ်ဆိုတာ ကျွန်တော် ကျိန်းသေ ပြောရဲပါတယ်။

ဟုတ်ပြီ ။ အခု ဆင်တစ်ကောင်ကို စဉ်းစားလိုက်ပါ။ မြင်ရလား။ ဆင်အရောင်ကို ပန်းရောင် ပြောင်းကြည့်လိုက်ပါဦး။ စက္ကန့်ပိုင်းလေးအတွင်းမှာ သင် ဆင်ပန်းရောင်တစ်ကောင်ရဲ့ ပုံရိပ်ကို ဖော်ကျူးခဲ့ နိုင်ပါပြီ။ သင် ရေခဲမုန့်လေးရဲ့ ရုပ်ပုံကို ပြန်ယူလို့ရသေးလား။ ရတာပေါ့။

သင် ကျွန်တော် ဘာကို ဆိုလိုချင်တာလဲဆိုတာ မြင်ပြီလား။ သင့်စိတ်ထဲမှာ နေရာယူထားတဲ့ ပုံရိပ်များကို သင် ထိန်းချုပ်နိုင်ခဲ့တယ်။ သို့သော်လည်း သင် ဘယ်ရုပ်ရှင်ကားကို ဖွင့်မယ်ဆိုတာ စိတ်ထဲက မဆုံးဖြတ်သေးရင် သင့် စိတ်က စိတ်စာကြည့်တိုက်ထဲမှာ သိမ်းထားတဲ့ ရုပ်ရှင်ဟောင်းတွေထဲက တွေ့တဲ့ ရုပ်ရှင်ဟောင်းတွေကို ထပ်ခါထပ်ခါ ပြန်ဖွင့်နေမှာ ဖြစ်တယ်။

ဂျက်ဖ်ကီလာက ကျွန်တော်တို့ အားလုံးရဲ့ စိတ်ကူးရုပ်ရှင်တွေဟာ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ နာကျင်ခါးသည်းမှုတွေကိုပဲ အခြေခံတာ များပါတယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုတော့ ပြင်ဆင်ငြင်းပယ်လို့ မရနိုင်ပေမယ့် အဖြစ်အပျက်အပေါ် အဓိပ္ပါယ်ကောက်ယူတာကိုတော့ ပြင်ဆင်လို့ရတယ်လို့ ထောက်ပြထားပါတယ်။ ခုနက ပြောပြခဲ့တဲ့ ဥပမာအရ ဆရာမက ပြစ်တင်ဝေဖန်ခံရချိန်မှာ အဲ့ဒီ အတွေ့အကြုံပေါ်မှာ သင် အဓိပ္ပာယ်ကောက်လိုက်တာက “ငါက သိပ်မတော်ဘူး” ဒါမှမဟုတ် “ငါ့အကြံဉာဏ်တွေက ဘာမှ အသုံးမကျဘူး” လို့ ဖြစ်မယ်။ အဲ့ဒါက ကလေးတစ်ယောက်ရဲ့ အဓိပ္ပာယ် ကောက်ယူမှုဖြစ်ပေမယ့် သင်က မရည်ရွယ်ပဲ သင့် လူကြီးဘဝထဲအထိ သယ်လာခဲ့မိတယ်။ အဲ့ဒါကို ဒီနေ့ ဒီတစ်ချိန်မှာ သင်အနေနဲ့ အဲဒီတုန်းက အခြေအနေနဲ့ မတူအောင် ခုလို ရွေးချယ်ရှုမြင် သုံးသပ်လို့ ရနိုင်ပါပြီ။

“ဆရာမက သင့်အမြင်ကို သဘောမတူတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊  ဒါပေမယ့် ဒါက သင့် ဉာဏ်ရည် သို့မဟုတ် သင့်ရဲ့ လူတစ်ယောက်အနေနဲ့ အလုံးစုံ အသုံးကျမှုအပေါ် ဝေဖန်ပြောဆိုတာ မဟုတ်ပါဘူး” ။ ဒါနဲ့ ပတ်သက်ပြီး သူ အကြံဉာဏ်ပေးတာက- “ရုပ်ရှင်ကားဟောင်းတွေရဲ့ အဓိပ္ပါယ်ကို ပြင်ပါ”။ ပြီးရင် “ပုံသစ်များ ဖန်တီးပါ”။

ကျွန်တော်တို့ဟာ ကိုယ် လုပ်ချင်တဲ့အချိန်မှာ စိတ်ကူးရုပ်ရှင်အသစ်တွေကို ဖန်တီးနိုင်ပါတယ်။ ထို့နောက် ကျွန်တော်တို့ ပုံဖော်တဲ့အချိန်မှာ (အာရုံစူးစိုက်ထားတဲ့အခါ) ပုံရိပ်သစ်တွေက ပြင်းပြတဲ့ခံစားချက်နဲ့ နိုးကြားတက်ကြွမှုတွေကို နှိုးဆွပေးပြီး ထိုပုံရိပ်သစ်တွေက လှုံ့ဆော်တဲ့အတိုင်း ကျွန်တော်တို့ လှုပ်ရှားကြတယ်။ ဒီတော့ ပထမအဆင့် လုပ်ရမှာက သင်လိုချင်တဲ့ အကျိုးရလဒ်ဖြစ်စေမယ့် ပုံရိပ်ကို ဖန်တီးပါ။ သင့်ကို သင့် စိတ်ကူးနိုင်စွမ်းကသာ သင့်ကို ကန့်သတ်မှာ ဖြစ်ပါတယ်။

သင်သိတဲ့အတိုင်း များသောအားဖြင့် လူတွေက  လူထုပရိသတ်ရှေ့မှာ စကားပြောရမှာ ကြောက်ကြတယ်။ စစ်တမ်းတွေ တစ်ခုပြီးတစ်ခု လုပ်ပြီးတဲ့အခါ လူထုရှေ့စကားပြောခြင်းဟာ လူတွေကြောက်တဲ့အရာ နံပတ် (၁) - သေခြင်းထက် ပိုကြောက်သော အကြောက်တရား ဖြစ်တယ်တဲ့။ ဒါကြောင့် လူများစုကို လူထုရှေ့စကားပြောဖို့ တောင်းဆိုတဲ့အခါ၊ သို့မဟုတ် သူတို့ စကားပြောရတော့မယ်လို့ စဉ်းစားတဲ့အခါ သူတို့စိတ်ကူးထဲမှာ ဘာပုံရိပ်တွေ ဖြတ်သန်းသွားတယ် ထင်သလဲ။ သူတို့ကိုယ် သူတို့ ပရိတ်သတ်ရှေ့မှာ ကတုန်ကရီနဲ့ ရပ်နေပုံကို တန်းကနဲ ပြေးမြင်ကြတာပါ။ သူတို့ ဘာကို ပြောချင်တယ်ဆိုတာကို မှတ်မိဖို့တောင် ခက်ခဲကောင်းခက်ခဲနေပါလိမ့်မယ်။ ဒီလိုပုံရိပ်တွေ သူတို့ရဲ့ စိတ်ပိတ်ကားမှာ ထပ်ခါထပ်ခါ ပြေးလွှားမြင်ယောင် နေမှာပါ။ ဆိုတော့ သင့်အနေနဲ့  သင်ဟာ ဟောပြောသူ တစ်ယောက်အနေနဲ့  အောင်မြင်ဖို့ သိပ်မဖြစ်နိုင်ဘူးဆိုတာ အတပ်ပြောနိုင်ပါတယ်။

ထိုအစား သင့် စိတ်ကူးရုပ်ရှင်ထဲမှာ သင်ဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဟောပြောတင်ဆက် နေတယ်လို့ မြင်ကြည့်လိုက်ပါ။ သင့် ပရိသတ်ကြီးက သင့် စကားလုံးတိုင်းကို နားထောင်နေတယ်ပေါ့။ သင်ကလည်း ထက်မြက် သွက်လက်တဲ့ပုံပေါက်နေမယ်ပေါ့။ သင် ပြောဆိုတာတွေက အရမ်းညက်နေမယ်။ တစ်ခါတစ်ရံ ရယ်စရာလေးတွေ ညှပ်ပြောတဲ့အခါ ပရိသတ်က တဝါးဝါး ပွဲကျတယ်ပေါ့။ အားလုံးလည်း ပြီးရော လက်ခုတ်ဩဘာသံ တွေ ဟီးထသွားပြီး ပရိသတ်က သင့်ကို နောက်မှာလာပြီး ဂုဏ်ပြု ချီးကျူးစကားတွေပြောကြမယ်ပေါ့။ ခုလို စိတ်ကူးပုံရိပ်တွေက သင့်ကို ပိုတော်ပိုကောင်းတဲ့ ဟောပြောသူ ဖြစ်လာအောင် ကူညီနိုင်တယ်ဆိုတာ သင်တွေ့ပြီ မဟုတ်လား။ သင့်စိတ်ကူးပုံရိပ်တွေက နေ့တွင်းချင်းပြည့်စုံလာတာ  မဟုတ်ဘူးဆိုတာကိုတော့ အသိအမှတ်ပြုထားပါ။ သို့ရာတွင် စိတ်ရှည်ရှည်နဲ့ တစိုက်မတ်မတ် အာရုံစိုက်ထားမယ် ဆိုရင်တော့ သင့်မြင်ကွင်းတွေကို ပံ့ပိုးပေးမယ့် နည်းလမ်းတွေကို အလိုလို စလုပ် နေမိလာမှာပါလို့  သင့်စိတ်ကူးပုံရိပ် (စိတ်ကူးရုပ်ရှင်) တွေကို ဘယ်လို ပြောင်းလဲ ပြီး အသုံးချနိုင်မလဲ ဆိုတာ အကြံပြု ရေးသားထားပါတယ်။

နောက်တစ်ခု ဥပမာ အနေနဲ့  သင်ဟာ အရောင်းသမား တစ်ယောက်ဖြစ်မယ်ဆိုရင် သင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သင့် အောင်မြင်မှုကို စဉ်ဆက်မပြတ် မြင်ယောင်ကြည့်နေဖို့ မဖြစ်မနေ လိုအပ်ပါတယ်တဲ့။  သင်လိုလားတဲ့ ရလဒ်ကို မရခဲ့ဘူးဆိုရင် သင့် စိတ်ကူးပုံရိပ်ဟာ အရောင်းအောင်မြင်ရေးနဲ့ ဆန့်ကျင်ဖက် ဝါးတိုးဝါးတား အရောင်းပုံရိပ်ကို (သို့မဟုတ်) စိတ်ပျက်စရာ ရောင်းအားပုံရိပ်တွေပဲ ဖြစ်နေပြီး၊ အဲဒါကိုပဲ ကိုင်စွဲနေမိတယ်ဆိုတာ မေးစရာတောင်မလိုပဲ သိနိုင်ပါတယ်လို့ ထောက်ပြထားတယ်။ နောက်ထပ် ဂျက်ဖ်ကီလာ သုံးသပ်အကြံပေးထားတာက …

“အောင်မြင်မှုအတွက် သွားမယ့်လမ်းကို ပုံဖော်ပါ” ဆိုတဲ့ အကြံပြုချက်လေးတွေကလည်း စိတ်ဝင်စားစရာ တော်တော်ကောင်းတယ်မလား။ တောက်ပသစ်လွင်တဲ့ စိတ်ကူးရုပ်ရှင်ကို သင်ကိုယ်တိုင် ရိုက်ကူးပုံဖော်ရင်း ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို မလွဲမသွေ၊ မမှိတ်မသုန် တက်လှမ်းနိုင်သူများ ဖြစ်ကြပါစေ။

သက်ထွန်း (သျှမ်း)