【 ဆောင်းပါး 】“ အရွယ်ရှိတုန်း ရုန်းထွက်ပါ ”

【 ဆောင်းပါး 】“ အရွယ်ရှိတုန်း ရုန်းထွက်ပါ ”

Comfort Zone

ဂျက်ဖ်ကီလာ ဒီအခန်းမှာ ရေးသားတင်ပြလမ်းညွှန်ထားတာက တော်တော်စိတ်ဝင်စားဖို့ ကောင်း တယ်။ အခုတစ်လော ရေပန်းစားနေတဲ့ Comfort Zone အကြောင်းပေါ့။ Comfort Zone ဆိုတာ ကိုယ့်အနေနဲ့ သက်သောင့်သက်သာနဲ့ စိတ်လုံခြုံမှုရှိတဲ့ နေရာလေး၊ အခြေအနေလေးကို ဆိုလိုတာပါ။ ဒီ Comfort Zoneနဲ့ ပတ် သက်ပြီး ပညာရှင်တော်တော်များများ ရေးသားကြတယ်။ အဓိက ပြောကြတာကတော့ ဒီ စိတ်လုံခြုံမှုရှိပြီး မိမိ အ တွက် ဘာစိန်ခေါ်မှုမှ အထွေအထူးမရှိတဲ့ သက်သောင့်သက်သာနဲ့ နေထိုင်လုပ်ကိုင်နိုင်တဲ့ ဝန်းကျင်လေးကနေ အ ပြင်မထွက်ရဲတော့ဘဲ နေနေရင် ဘဝက ထပ်တိုးတက်စရာ မရှိတော့ဘူး၊ Comfort Zone လေးမှာပဲ ရောင့်ရဲ မနေကြနဲ့၊ ကိုယ့်ဘဝတက်လမ်းအတွက် ကြုံလာမယ့်  စွန့်စားမှုအသစ်တွေ စိန်ခေါ်မှုအသစ်တွေကို ရဲရဲရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုမိုတိုးတက်မှု ရှာကြပါလို့ တိုက်တွန်းကြ လှူံ့ဆော်ကြတာတွေ အသံတော်တော် ကျယ်ကျယ် ကြားရပါတယ်။

သူတို့ အဓိကအားမလိုအားမရ ဖြစ်ကြတာကတော့ လခစားဝန်ထမ်းတွေပဲ ဖြစ်မယ် ထင်တယ်။ ကိုယ့်ပုံ မှန်လစာလေးနဲ့ ကျေနပ်ပြီး၊ ကိုယ့်အနေနဲ့ ထမင်းစားရေသောက်သလို အလွယ်တကူလုပ်နိုင်တဲ့ (လွယ်တဲ့ အလုပ် လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ကိုယ့်ကျွမ်းကျင်မှုနဲ့ အံဝင်ခွင်ကျလို့ အထူးထပ်မံသင်ကြား လေ့လာဖို့မလို တော့တဲ့ ပညာနဲ့ စားဝတ်နေရေး အဆင်ပြေတာကို ဆိုလိုတာပါ)၊ အလုပ်ဝန်းကျင်ကလည်း ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား လူတွေ စသဖြင့်ပေါ့လေ၊ သက်တောင့်သက်သာ ဇိမ်ကျကျနေနိုင်တဲ့ ဇုန်နယ်လေးတစ်ခုမှာပဲ အေးအေးလူလူနေ နိုင်တဲ့နေရာကို Comfort Zone လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

အရွယ်ရှိတုန်း

ဒီ Comfort Zoneကနေ အရွယ်ရှိတုန်း ထွက်ပြီးစွန့်စားကြဖို့  ပိုမြင့်တဲ့ ဘဝရအောင် ကြိုးစားကြဖို့ တိုက် တွန်းလမ်းပြကြတဲ့ အထဲမှာ အခု ဂျက်ဖ်ကီလာ ပြောတဲ့ ရှု​ထောင့်လေးက တော်တော် သဘောကျစရာ ကောင်း တယ်။ သူက Comfort Zone က မထွက်ရဲတာ အကြောက်တရားတစ်ခုပေ့ါ၊ အဲဒီ အကြောက်တရားကို ထိပ်တိုက် ရင်ဆိုင်ပါ။ အဲလိုနဲ့ ထပ်တွေ့လာတဲ့ နယ်ပယ်လေးကလည်း ခဏနေရင် Comfort Zone ဖြစ်လာမှာပါ၊ ဒီလို နဲ့ Comfort Zone နယ်မြေတိုးချဲ့ပါလို့ တိုက်တွန်း လမ်းပြထားတာပါ။

ကဲ..... သူဘယ်လို စိတ်တက်ကြွစရာတွေနဲ့ လမ်းပြဦးမလဲ ဖတ်ရှု​ ခံစားကြည့်လိုက် ကြရအောင်။

အော်... ဒါနဲ့ ... Comfort Zone ကို မြန်မာလို “သက်သောင့်သက်သာ ဇိမ်ကျတဲ့ ဇုန်နယ်” လို့ ရှည် ရှည် လျားလျား ဘာသာပြန်မနေတော့ပဲ၊ မူရင်းလိုပဲ တိုတိုတုတ်တုတ် ဖြစ်အောင် “ဇိမ်နယ်ဇုန်”လို့ သုံးနှူန်းပါမယ်။

သင့် ကြောက်စိတ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် တိုးတက်မှု ရယူပါ

“သင်ကြောက်တဲ့ အရာကိုလုပ်ပါ၊ အကြောက်တရားရဲ့ သေဆုံးခြင်းက သေချာပေါက် ပါပဲ။”  (အကြောက်တရားက သေချာပေါက် သေဆုံးသွားပါလိမ့်မယ်)

                                                                                               ရဲ့ဖ် ဝါဒို အီမာဆန်

ကျွန်တော် ပရိသတ်ထဲမှာ ထိုင်ပြီး စိတ်ဓာတ်မြှင့်တင်ရေး ပောာပြောသူ ဂေအီးဂဲလ်ရဲ့ ဟောပြောပွဲကို နားထောင်တုန်း ကြားလိုက်တဲ့ စာတမ်းလေးတစ်ကြောင်းဟာ ကျွန်တော်ဘဝကို ပြောင်းလဲစေမှာကို သေသေ ချာချာ မရိပ်မိသေးဘူး။

ဂေအီးဂဲလ်က အလွန်ကောင်းတဲ့တင်ဆက်မှုကို လုပ်ခဲ့ပါတယ်။ သူ့မှာ တန်ဖိုးရှိတဲ့ စကားတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အဲဒီတုန်းက စာကြောင်းလေး တစ်ကြောင်းတည်းပါ၊ တကယ့် ကျောက်မျက်ကလေး တစ်လုံး ပါ၊ ထင်ရှားပေါ်လွင်လွန်းတဲ့ အဖိုးတန်လေးပါ။ သူပြောခဲ့တာက “ သင် အောင်မြင်ချင်တယ်ဆိုရင် ဇိမ်ကျကျမနေဖို့ လိုလိုလားလားရှိရမယ်”တဲ့။ အဲဒီ စကားလေးကို တစ်သက်လုံး မမေ့တော့ပါဘူး။  ဂေ ပြောတာက ဒက်ထိမှန်ပါ တယ်။ သင့်ရည်မှန်းချက် ပေါက်မြောက်ဖို့ နဲ့ ကိုယ့်ရဲ့ အလားအလာကို မှန်းဆတဲ့အခါမှာ သင်ဟာ သက်သောင့် သက်သာ ဇိမ်ကျကျ မနေရမှာကို လိုလိုလားလား ရှိရမယ်၊ ကိုယ်လုပ်ဖို့ ရွံ့နေတာကို လိုလိုချင်ချင် လုပ်ရမယ်။ ဒီနည်းနဲ့ သင့် အလားအလားကို ပိုကောင်းလာအောင် လုပ်ရမှာပါ။ ကြားရတာ သိပ်လွယ်တယ် ဟုတ်တယ်မလား၊

အရှုံးသမားဗျူဟာ

သို့သော်လည်း‌ပေါ့လေ၊ လူအများစုက သူတို့ ရွံ့ကြောက်တွန့်ဆုတ်တဲ့ ကိစ္စတစ်ခုကို ရင်ဆိုင်ရမယ် ဒါမှ မဟုတ် အသစ်တစ်ခုခုကို လုပ်ရတော့မယ်ဆိုရင် ဘာလုပ်ကြသလဲ။ သူတို့က သူတို့ကြောက်တဲ့ အရာကနေ ရှောင်ပြေး‌တော့တာပဲ။ တစ်ခုခု လုပ်မှာ မဟုတ်ဘူး။ ကျွန်တော် သိတာပေ့ါ၊ ဘာလို့ လဲဆိုတော့ ကျွန်တော်ကို ယ်တိုင် ဘဝရဲ့ အစောပိုင်း နှစ်၃၀လောက် အဲဒီလို လုပ်ခဲ့တာမို့လို့ ပါပဲ။ နောက်ပြီး သင့်ကို မရှက်တန်း ပြောပြနိုင် တာက အဲဒါဟာ အရှုံးသမားဗျူဟာ ဆိုတာ ပါပဲ။ အောင်မြင်တဲ့ လူတစ်ယောက် ကျွန်တော့်ကို ပြပါ၊ ကျွန်တော်က သင့်ကို သူကြောက်တဲ့အရာကို မတွန့်မဆုတ် ထိပ်တိုက် ရင်ဆိုင် လှုပ်ရှားခဲ့တဲ့သူကို ပြနိုင်ပါလိမ့်မယ်။ 

ကျွန်တော်တို့ရဲ့ အကြောက်တရားကို ဆန်းစစ်ကြည့်ပါ

အသစ်အဆန်းတစ်ခု ဒါမှမဟုတ် စိန်ခေါ်မှုတစ်ခုကို ကြိုးစားမလုပ်ကြည့်ခင်မှာ စိတ်ပူပန် ကြောက်ရွံတာမျိုး ဖြစ်ဖူးပါသလား။ ကြောက်ရွံ့စိတ်က သင့်ကို ဘာမှမလုပ်ဖြစ်အောင် ဟန့်တားထားသလား၊ သင့် ဘဝမှာ တစ်ခါ နှစ်ခါတော့ ကြောက်စိတ်ကြောင့် လေဖြတ်သလို ခြေလက်ဆွံ့ သွားတာမျိုး ဖြစ်ဖူး မှာ သေချာတယ်လို့ ကျွန်တော် ပြောရဲတယ်။ ကျွန်တော်ကိုယ်တိုင် ဖြစ်ခဲ့ဖူးလို့ သိနေပါတယ်။ ဒါကလည်း လူသားဖြစ်ခြင်းရဲ့ ရိုးစင်းတဲ့ အစိတ် အပိုင်းတစ်ခုပါပဲ။ လူတိုင်းမှာ သူကြောက်တဲ့အရာတစ်ခု ရှိစမြဲပါ။ တစ်ယောက်သေမလောက်ကြောက်တဲ့အရာ တစ်ခုဟာ အခြားတစ်ယောက်အတွက်တော့ သိပ်မှုစရာမဟုတ်ပဲ ဖြစ်တတ်ပါတယ်။ ဥပမာတစ်ခု ပြောပြရရင် လူကြားမှာ စကားပြောရမှာတို့ စီးပွားလုပ်ငန်းအသစ်တစ်ခုစလုပ်ရမှာတို့က တစ်ချို့လူတွေအဖို့တော့ ကြောက် စရာ ပါ။ တစ်ချို့လူတွေကျတော့ လမ်းမေးရမှာ (သို့မဟုတ် ချိန်းတွေ့ဖို့ ပြောရမှာ) ကြောက်တာတို့  ဖြစ်တတ် ကြပါတယ်။ သင် ကြောက်တဲ့အရာက ဘယ်လောက်ပဲ အသေးအဖွဲ ဒါမှမဟုတ် ရူးပေါပေါ ဆန်တယ်လို့ သင် ထင် ထင် ဒီသင်ခန်းစာက သင့်အတွက် ဖြစ်မှာပါ။

ဘဝမှာ ဘာကမှ ကြောက်စရာ မဟုတ်ပါဘူး၊ နားလည်အောင်လုပ်ဖို့ပဲ လိုတာပါ။

                              (မာရီ ကူရီ)

ဒီနေရာမှာ အကြောက်တရားလို့ ပြောတာဟာ သင့် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တို့၊ ကိုယ်ခန္ဓာ ကို ထိခိုက် မှာတို့၊ ကျန်းမာရေးထိခိုက်မှာတို့၊  အာကာပူလို ချောက်ကမ်းပါးကနေ ဒိုင်ဗင်ထိုးချတာတို့၊ ခြေထောက်မှာ ကြိုး ချည်ပြီး ဒိုင်ဗင်ထိုးချတာတို့ ကို ဆိုလိုတာ မဟုတ်ပါဘူးနော်၊ အဲဒါတွေတော့ ကျွန်တော်လည်း ကြောက်တာ ပေါ့။ ဒါမျိုးလုပ်ဖို့ တစ်ခါမှ စိတ်တောင် မကူးဖူးဘူး။

 

ကျွန်တော်ပြောနေတာက သင့် ဘဝနဲ့ အလုပ်အကိုင်စွမ်းရည်  ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ပိတ် ဆို့မယ့် စိန်ခေါ်မှုမျိုးကို ဆိုလိုတာပါ။ အဲဒါတွေက သင့်ကို ‌ကြောက်ရွံ့စေလိမ့်မယ် ဒါပေမယ့် သင့်ဘဝမှာ သင် လိုချင်တာကို ရဖို့အတွက်ဆိုရင် အဲဒါတွေကို ရင်ဆိုင် ဖြတ်သန်းဖို့ လိုအပ်မှာပါ။

ဇိမ်နယ်ဇုန် (သက်သောင့်သက်သာ ဇိမ်ကျတဲ့ ဇုန်)

ကြောက်ရွံ့ခြင်းနဲ့ စိတ်ပူပန်ခြင်းရဲ့ ကိုင်ဆုပ်ခံရတာဟာ ဘာကြောင့်လဲဆိုတော့ သင်ဟာ သင့်သက်သောင့် သက်သာနဲ့ ဇိမ်ကျတဲ့ဇုန် ကနေ အပြင်ကို ခြေလှမ်းလိုက်မိလို့ ပါပဲ။ အချိန်နည်းနည်း ယူပြီး ဒါက သင့် အောင်မြင်မှု နဲ့ သင့်ရှေ့အလားအလာကို တိုးတက်စေဖို့ ဘယ်လို ဆက်နွယ်မှုရှိလဲ ဆိုတာ ဆွေးနွေးကြရအောင်။ ကျွန်တော်တို့ အားလုံးမှာ ကိုယ်နဲ့ကျွမ်းဝင်မှုရှိတဲ့၊ နေထိုင်ရတာ သက်သောင့်သက်သာနဲ့ လုံခြုံတဲ့၊ သက်တောင့်သက်သာနဲ့ ဇိမ် နယ်ဇုန် ဆိုတဲ့ နေရာလေး ကိုယ်စီ ရှိကြတယ်။ စက်ဝိုင်းထဲမှာရှိတဲ့ သင့်ရဲ့ ဇိမ်နယ်ဇုန်ကို စဉ်းစားကြည့်ပါ။

 

စက်ဝိုင်းထဲမှာ ဖြစ်နေတဲ့ လှုပ်ရှားမှုနဲ့ အခြေအနေတွေဟာ စိုးရိမ်ထိတ်လန့်စရာ မရှိသလို ကိုယ်နဲ့ ရင်းနှီး ကျွမ်းဝင်ပြီးသားလည်း ဖြစ်ပါတယ်။ အဲဒီမှာ  ခေါက်ရိုးကျိုးနေတဲ့ သင့်ရဲ့ နေ့တဒူဝ (နိစ္စဓူဝ) လုပ်ဆောင်မှုတွေ၊ သင့်အနေနဲ့ အသာလေး လွယ်လွယ်ကူကူ လုပ်နိုင်တဲ့ အလုပ်ကိစ္စတွေပါဝင် ပါတယ်။ အဲဒီ အစုအဖွဲ့ထဲမှာ ပါဝင်တဲ့ ဆောင်ရွက်ဖွယ် တာဝန်တွေကတော့ သင့် မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရတာ၊ ကိုယ့်အလုပ် နဲ့ ပတ်သက်တဲ့ ရုံးစာရွက်စာတမ်း အလုပ်တွေ ပါဝင်ပါတယ်။

သို့ပေမယ့် တစ်ခါတရံတော့ သင့်အနေနဲ့ သင့် ဇိမ်နယ်ပယ်ကနေ အပြင်ထွက်ရမယ့် အတွေ့အကြုံ ဒါမှမဟုတ် စိန်ခေါ်မှူတွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ အဲ့ဒါကတော့ အပေါ်ကပုံမှာပါတဲ့ “X” တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ “X” တွေက စက်ဝိုင်း နဲ့ ဝေးလေလေ သင့်အနေနဲ့ အဲ့ဒီ လှုပ်ရှားမှုတွေကို ပါဝင်လုပ်‌ဆောင်ရဖို့ ပိုကြောက် လေလေ ဖြစ်မှာပါ။

သင့် ဇိမ်နယ်ပယ်ရဲ့ အပြင်က ကိစ္စတစ်ခုခုနဲ့ ကြုံရတိုင်း သင် ရုတ်တရက် တုန်လှုပ်မိမှာ ဖြစ်ပါတယ်။ သင့်လက်ဖဝါးတွေမှာ ချွေးပြန်ပြီး နှလုံးတွေလည်း တစ်ဒုန်းဒုန်းခုန် လာမှာပေါ့။ သင့်ဆီကို အတွေးတွေဝင်လာမယ် …..

“ငါလုပ်မှ လုပ်နိုင်ပါ့မလား”

“လူရယ်စရာများ ဖြစ်နေမလား”

“ငါ့ သူငယ်ချင်းနဲ့ အမျိုးတွေ ဘာပြောကြမလဲ”

အပေါ်က ပုံလေးကို ပြန်ကြည့်လိုက်ပါ အဲဒီက “X”က သင့်အဖို့ ဘာကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတလဲ။ တနည်းပြောရရင် သင့်ရဲ့ အောင်မြင်မှူ နောက်တဆင့် တက်ဖို့ရာမှာ ဒါမှမဟုတ် သင့်ရဲ့ ပိုမိုပြီး ပြည့်စုံဖို့ အတွက်တက်လှမ်းရာမှာ ဘယ် အကြောက်တရားက သင့်ကို ဟန့်တားနေသလဲ။

အဲ့ဒါက အခွင့်အလမ်းအသစ်ကို ချဉ်းကပ်ရမှာ ကြောက်တဲ့စိတ်လား။

အဲ့ဒါက အလုပ်အကိုင် လိုင်းအသစ်ပြောင်းရမှာ ကြောက်တဲ့စိတ်လား။

အဲ့ဒါက တတ်ကျွမ်းမှု အသစ်ကို လေ့လာရမှာ ကြောက်တဲ့စိတ်လား။

အဲ့ဒါက ကျောင်းပြန်တက်ရမှာ ကြောက်တဲ့စိတ်လား။

အဲ့ဒါက ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာကို သူများကို  ပြောပြရမှာ ကြောက်တဲ့ စိတ်လား။

အဲ့ဒါက လူအများ ရှေ့မှာ စကားပြောရမှာ ကြောက်တဲ့စိတ်လား။

အဲဒီ “X” က သင့်အဖို့ ဘာကို ကိုယ်စားပြုတဲ့ သင်္ကေတပဲဖြစ်ဖြစ် ရိုးရိုးသားသား ဝန်ခံလိုက်ပါ။ ကျွန်တော် ခန့်မှန်းကြည့်ရတာတော့ လူ တစ်သန်း မဟုတ်ရင်တောင် ထောင်ပေါင်းများစွာက သင်ကြောက်တဲ့ အရာတွေကို ထပ်တူထပ်မျှ ကြောက်ကြတယ် ဆိုတာပဲ။ တခြားလူ အများစုဟာ ဘာကို  ကြောက်ကြသလဲဆိုတာ လက်တွေ့ အနီးကပ် ကြည့်ကြရအောင်။

လူအများဖြစ်တတ်တဲ့ အကြောက်တရားများ

ကျွန်တော့်ရဲ့ ပောာပြောပွဲ တော်တော်များများမှာ ကျွန်တော်က ပရိသတ်ကို ကဒ်ပြားတွေပေးပြီး သူတို့ကို သူတို့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ ပညာရှင်ဘဝ တက်လမ်းတွေကို အဟန့်အတားဖြစ်စေတဲ့ အကြောက်တရားက ဘာလဲ ဆိုတာကို အမည်မဖော်ပဲ ရေးချ ခိုင်းပါတယ်။ ပြီးတော့ အဲ့ဒီကဒ်ပြားတွေကို ပြန်ယူပြီး ဖတ်ပြတယ်။

ကဒ်ပြားပေါ်မှာ လူတွေ ဘာရေးကြတယ် ထင်သလဲ။

များသောအားဖြင့် ပရိသတ်တွေက ဘယ်အရပ်မှာ နေတဲ့သူဖြစ်ဖြစ်၊ ဘာအလုပ်လုပ်တဲ့ သူဖြစ်ဖြစ် အားလုံး တပြေးညီ ခဏခဏ ပြောကြတဲ့ အဖြေက အတူတူပဲ ဖြစ်နေတယ်။

အောက်မှာရေးထားတာတွေက ဖြေနေကျ အဖြေတူတွေဖြစ်ပါတယ်။

၁။ လူရှေ့မှာ စကားပြောရတာ ဒါမှမဟုတ် သရုပ်ပြတင်ပြခြင်း ပြုရတာ - အခြေခံအားဖြင့် လူအုပ်စုအားလုံးအတွက် ဒါက နံပတ် #၁ ကြောက်တဲ့အရာ ဖြစ်ပါတယ်။ အရေအတွက် များပြားလှတဲ့လူတွေဟာ အများအားဖြင့် လူအုပ်စုတစ်စုရှေ့မှောက်မှာ စကားပြောရမှာကို အဓိက ကြောက်ကြ ပါတယ်။

၂။ “မဟုတ်ဘူး” လို့အပြောခံရတာ ဒါမှမဟုတ် သူတို့ရဲ့ အကြံဉာဏ်တွေကို ကန့်ကွက်ငြင်းပယ်ခံရတာ -  ဒီလိုဖြေကြသူအများ စုက အရောင်းသမားတွေဖြစ်ပါတယ်၊ အထူးသဖြင့် ကြိုတင်ချိန်းဆိုထားခြင်းမရှိဘဲ အစိမ်းသက်သက် ဝင်ရောင်းရတဲ့အခါတွေမှာ ဖြစ်ပါတယ်။

၃။ အလုပ်အသစ်ပြောင်းတာ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေး စလုပ်တာ  နှစ်ကြာလာတဲ့အမျှ ဒီအချက်ကို ကြောက်တယ်လို့ ဖြေတဲ့သူတွေ များများ လာပါတယ်။ ယနေ့အချိန်မှာ လုပ်ငန်းခွင်မှာ မပျော်တဲ့ အလုပ်သမားတွေ အမေရိကရဲ့ကော်ပိုရိတ်တွေမှာ အများကြီး ရှိလာပါတယ်။ သူတို့က ပိုပြီး စိတ်ကျေနပ်စရာကောင်းတဲ့  လုပ်ငန်းဝန်းကျင်ကို တမ်းတလာကြတယ်။ ဒါပေမယ့် အဲ့ဒါကို ရဖို့အတွက် လုပ်ဆောင်ရမှာကိုတော့ ကြောက်ကြတယ်။

၄။ မန်နေဂျာ သို့မဟုတ် အမှူဆောင် အရာရှိကို (သူတို့ မကြားချင်တဲ့) သတင်းဆိုးပေးရတာ-  ဒါကတော့ မပြောလည်း သိနိုင်တဲ့ အချက်ပါ။

၅။ အထက်အရာရှိတွေနဲ့ စကားပြောရတာ အလုပ်ဝင်ကာစ လူတွေနဲ့ အချို့မန်နေဂျာတွေတောင် ကိုယ့်ကုမ္ပဏီက အလုပ်အမှူဆောင်အရာရှိတွေကို စကားပြောရမှာ၊ ဥက္ကဌတို့ စီအီးအိုတို့နဲ့ အသေးအမွှား  ထမင်းစား ရေသောက် ပြောရမှာကိုတောင် ကြောက်ကြတယ်။ ဘာကိုကြောက်တာလဲဆိုတော့ တစ်ခုခု ကြောင်တောင်တောင် လုပ်မိမှာ ဒါမှမဟုတ် အူကြောင်ကြောင် ရုပ်ပေါက်မှာ ကြောက်တာပါတဲ့။ 

၆။ ကျဆုံးမှာ ကြောက်တဲ့ စိတ် -  တစ်ချို့ သူတို့ လုပ်နိုင်ပါ့မလားလို့ စိုးရိမ်စိတ်နဲ့ အသစ် တစ်ခုခုကို စမ်းလုပ်ကြည့်ဖို့ကိုတောင် ကြောက်ကြတယ်တဲ့။ (ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ထဲထဲ ဝင်ဝင် ဆွေးနွေးပါမယ်)

ကဲ... Opinion Leaders ပရိသတ်ကြီးရော ဒီ အကြောက်တရားစာရင်းကို ကြည့်ပြီ အံ့အားသင့်မိသလား။ သင်ရော ဒီလို ကြောက်စိတ်မျိုး အခု သို့မဟုတ် အရင်က ဖြစ်ခဲ့ဖူးလား။ အမှန်တော့ လူတိုင်းလိုလို ဒီ အကြောက်တရားတွေကို သူတို့ရဲ့ ဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန် ကြုံဖူးကြတာချည်း ပါပဲ။

အကယ်လို့ ဒီစာရင်းထဲမှာ မပါတဲ့ အခြားတစ်ခုခုကို သင့် ကြောက်နေတယ်ဆိုရင်လည်း စိတ်မပူပါနဲ့၊ သင်က ဘယ်အကြောက်တရားထက်မဆို ပိုသန်မာလို့ပါပဲ၊ ဒါကြောင့် သင်က ဒါတွေကို ကျော်လွှားနိုင်မှာပါ။

 (ဆက်လက်​ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)