【 ဆောင်းပါး 】“ လူစိတ်ရှိသူများအတွက်သာ ”

【 ဆောင်းပါး 】“ လူစိတ်ရှိသူများအတွက်သာ ”        

ကလေးငယ်များ စွန့်ပစ်ခံရသည့် သတင်းများ၊ အဓမ္မကျူးလွန်ခံရသည့် သတင်းများ၊ ကလေးသူငယ်များ အကြမ်းဖက်သတ်ဖြတ်ခံရသည့် သတင်းများ၊ သက်ကြီးရွယ်အိုများနေအိမ်တွင် အသတ်ခံရသည့်သတင်းများ  မကြာခဏဆိုသလို ကြားနေရသည်။ ထိုသတင်းများကြားရသည့်အခါတိုင်း စိတ်မသက်မသာဖြစ်ရသလို ယနေ့ ခေတ် လူထုအဖွဲ့အစည်းမှာ အကြင်နာတရား၊ကိုယ်ချင်းစာတရားရှိကော ရှိရဲ့လားဆိုတာ ကြောက်လန့်တကြား တွေးမိသည်။

တစ်ခုခုဖြစ်တိုင်း တခြားသူကို အပြစ်တင်သည့် ယဉ်ကျေးမှုကို မွေးမြူခဲ့သည့် ဓလေ့ကြောင့် ယခုအခါ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ အပြစ်ကင်းစင်ပြီး တခြားသူကတော့ တရားခံဆိုသည့် စိတ်ဖြင့် ကြည့်ခဲ့ကြသည်။ ထို အကျိုးဆက်က မိမိအဝန်း၀ိုင်းအတွင်းဖောက်ပြန်သော လူမဆန်သောစိတ်ရှိသူများကို  မမြင်တတ်၊ မမြင်မိစေ သ ဖြင့် လူစိတ်မရှိသူများကို အကာအကွယ်ပေးသလို ဖြစ်ခဲ့ရသည်။ ယနေ့ ဖြစ်နေသည့် လူမဆန်သော အကြမ်းဖက်မှု တွေကိုကြည့်လျှင် ၈၀ ရာခိုင်နူန်းမှာ ကျူးလွန်ခံရသူနှင့် ကျူးလွန်သူမှာ တနည်းနည်းဖြင့် သွေးသားတော် စပ်သူ၊ ထိတွေ့ဆက်ဆံနေသူများထဲမှ ဖြစ်နေသည်ကို တွေ့ရမည်။ထိုသည်ကပဲ မူခင်းအတော်များများမှာ အတွင်းစည်းထဲ မှာ ဖြစ်နေခြင်း ဖြစ်သည်ကို သိနိုင်မည် ဖြစ်ပြီး ရွှေသမင်ဘယ်ကထွက် မင်းကြီး တာက ထွက်လို့ဆိုသည့် ဆိုရိုး စကား ဘာကြောင့် ဖြစ်လာသလဲဆိုသည်ကို သဘောပေါက်လာမည်ဖြစ်သည်။

တစ်ဦးနှင့် တစ်ဦးစောင့်ရှောက်ကြ၊ ငတ်သော်လည်း ကိုယ်ကျင့်တရားကို မဖျက်ကြဆိုသည် ကောင်းမွန် သည့် အစဉ်အလာနှင့် ဓလေ့ထုံးတမ်းမှာ ယနေ့ခေတ်တွင် မြင်ရခဲသွားပြီ ဖြစ်သည်။ တကယ်စဉ်းစားကြည့် သည့် အခါ ခေတ်စနစ်၏ တိုက်စားချမှုနှင့် ကျနော်တို့၏ စာရိတ္တရေချိန်နိမ့်ကျလာမှုက အဖြေတစ်ခုဖြစ်သည်။ သို့သော် ဒီတစ်ခုတည်းကြောင့် လည်းမဟုတ်။  နည်းလမ်းပေါင်းစုံဖြင့် ဥစ္စာဓနရှိလာသူ၊မကောင်းသော အသက်မွေးမှုဖြင့် ကြီးပွားလာသူ၊ ဖြတ်လမ်းနည်းဖြင့် ရာထူးအာဏာ ရလာသူများကို ကျနော်တို့လူ့အဖွဲ့အစည်းက နေရာပေး လာခြင်း (ဝါ) နေရာတွင်ကျယ်ခွင့်ပြုခြင်းက  ယနေ့ဖြစ်နေသည့် ပျက်စီးခြင်းကို ရေလာမြောင်းပေးဆိုသလို လက်ယက်ခေါ်လိုက်ခြင်းကြောင့် ဖြစ်သည်။ အဓိကအားဖြင့် တရားခံဟု တထစ်ချပြောနိုင်သည်မှာ ထိုသူများကို နေရာပေးခဲ့သည့် ပျော့ညံသော ယနေ့လူအဖွဲ့အစည်း၏ မခိုင်မာသော စာရိတ္တရေချိန်ကိုပဲ ဖြစ်သည်။

ယနေ့လမ်းပေါ်တွင် တောင်းစားနေသည့် ကလေးသူငယ်များ၊လေလွင့်နေသည့် ကလေးသူငယ်များကို အ များအပြားတွေ့ရမည် ဖြစ်သည်။ ထိုကလေးသူငယ်များကို ပိုက်ဆံပေးလိုက်ရုံဖြင့် တာဝန်ကြေပြီဟု လူတိုင်းတွေး ထင်ကြသည်။ တကယ်က ထိုကလေးငယ်များ၏ဘ၀ကို တခဏတာသာ အဆင်ပြေစေပြီးတကယ်တန်းတွင် စာရိတ္တကိုဖျက်လိုက်သကဲသို့ ဖြစ်ပြီး ထိုကလေးငယ်များကို လွယ်လွယ်နှင့်ငွေရသည့် လူစည်းကမ်းလူ့ကျင့် ဝတ္တရားအပြင်ဘက်သို့တွန်းပို့လိုက်ခြင်းသာ ဖြစ်သည်။ တကယ်တမ်းအားဖြင့် ထိုကလေးငယ်များ နောက်ကွယ် တွင် မိသားစုပြဿနာများ ရှိကြသည်။ အများအားဖြင့် ထိုပြဿနာများမှာ ကိုယ်ကျင့်တရားပျက်ပြားခြင်းကနေ ဆင်းသက်လာသည့် ပြဿနာ များဖြစ်သည်။ ထိုပြဿနာများကို မဖြေရှင်းဘဲ တစ်ကိုယ်ကောင်းဆန်ကြသည့်အခါ နောက်ဆုံးမိသား စုတွေ ပြိုကွဲ၊ မျိုးစုံသော အကြမ်းဖက်မှုများမှာ မခုခံမကာကွယ်နိုင်သည့် ကလေးသူငယ်များ လမ်းပေါ်သို့ ရောက်လာကြခြင်း ဖြစ်သည်။   

ယခင်က မိသားစုများပြိုကွဲသည့်အခါ၊ အားကိုးအားထားမဲ့သည့်အခါ  အရပ်က ၀ိုင်းစောင့်ရှောက်ကြသည့် ဓလေ့ကောင်း မှာလည်း ဒီနေ့ခေတ်တွင် မြင်ရခဲသွားပြီ ဖြစ်သည်။ မဖြစ်သင့်တာ မဖြစ်အောင်၊မိသားစုမကွဲ မကွာ အောင် ထိန်းပေးကြသည့် စိတ်ဓာတ်ကောင်းလည်း ရှားပါးလာနေပြီ ဖြစ်သည်။ထိုအစား မဖြစ်ဖြစ်အောင်တွန်း ပို ကြသည့် ကိုယ်အနေချောင်ဖို့ တခြားမိသားစုဘာဖြစ်ဖြစ်ဆိုသည့် လူစားတွေသာ များများလာနေသည်ကို တွေ့ နေရသည်။ ယနေ့ခေတ်တွင် ကယ်တင်သလိုလိုနှင့် အမြတ်ထုတ်သည့်သူတွေကများလာသည်။

တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီခြင်းဆိုသည့်က မြန်မာတိုင်းရင်းသားများ၏အခြေခံစိတ်ရင်း ပင်ဖြစ်သည်။ ယခုတော့ဒီလိုမဟုတ်တော့။တားဆီးရမည့် အရာတွေ၊အခြေအနေတွေကို တားဆီးကန့်ကွက်ရန် ပျက်ကွက်နေ ကြပြီး မတားဆီးရမည့်အရာတွေကို တားဆီးနေကြသည့် ဖြစ်ရပ်တွေ ကိုတွေ့မြင်နေရသည်။ လမ်းပေါ်မှာ အဘိုး ကြီးအဘွားကြီးဘဲဖြစ်ဖြစ် လူငယ်လူရွယ်ဘဲဖြစ်ဖြစ် ကျန်းမာရေးကြောင့် သို့မဟုတ် တစ်စုံတစ်ခုသော အကြောင်း တစ်ခုကြောင့် မူးလဲနေလျှင်ပင်  သွားရောက်ကူညီမည့်သူဆိုတာ ရှားလှပြီး အများစုက နေစိမ့်နေကြပြီ ဖြစ်သည်။

ယခု စနစ်တစ်ခု ယိုယွင်းသည်ဖြစ်စေ၊ပြိုလဲသည်ဖြစ်စေ ပြန်လည်တည့်မတ်ကြရသည့်တာဝန်မှာကောင်း မွန်သော လူမှုဝန်းကျင်ကို တည်ဆောက်လိုသည့် လူများ၏ တာဝန်ဖြစ်သည်။ ခေတ်ကြောင့် စနစ်ကြောင့် လက် ညှိုး ထိုးနေလို့လည်း အလုပ်မဖြစ်ပေ။ ကောင်းမွန်သော လူမှုဝန်းကျင် ၊တာဝန်ခံမှုရှိသော လူမှုပတ်ဝန်းကျင် ရရှိ ရန် ကိုယ်ကိုယ်တိုင်က စတင်ပြောင်းလဲကျင့်သုံးမှ ယနေ့ခေတ်တွင်ဖြစ်နိုင်ပေမည်။ ယနေ့ဖြစ်နေသည့် ဆိုးရွား သည့် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ပြုကျင့်မှုတွေ ဒင်းကြမ်းဖြစ်ရသည်ဆိုသည်က တားမည့်သူမရှိသည့်ပြဿနာ၊ တစ်နည်းအားဖြင့် မဖြစ်သင့်သည့်အရာကိုမဖြစ်အောင် တားဆီးရမည့်အရာကို မဖြစ်ဖြစ်အောင် တားဆီးမည့်သူ (ဝါ)မတရားမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်မည့်သူတွေ  ဆယ်စုနှစ်နှင့်ချီကာ အတော်ကို နည်းပါးလာခဲ့၍သာဖြစ် သည်။

ယနေ့ခတ်တွင် မဟုတ်တာကို အဟုတ်၊ဂုဏ်မယူသင့်တာကို ဂုဏ်ယူနေကြသည့်ခေတ်ဖြစ်နေသည်။ နှစ်ဘက်စလုံးနစ်နာရသည့် လူသတ်မှုတွေ၊နှစ်ဘက်စလုံးဆုံးရှုံးရသည့် ရာဇဝတ်မှုတွေ ၊တားဆီးကာကွယ်နိုင် စွမ်းရှိပါလျှက်နှင့် ကြောင်တောင်တာဝန်မဲ့နေမိသဖြင့် ဘဝပျက်ခဲ့ရသည့် ကလေးသူငယ်တွေ ဒုနဲ့ဒေးဆိုသလိုပင် အဘယ်မျှရှိခဲ့သလဲဆိုတာ ယနေ့ခေတ်တွင် တွက်၍ပင် ရလိမ့်မည်မဟုတ်ပေ။

လူကို သားကောင်လို့မြင်နေသည့် လူမှုပတ်ဝန်းကျင်တွင် ကျနော်တို့ သားသမီးတွေကို ထားမလားဆို သည်မှာ ကျနော်တို့ တရားမျှတမှုဘက်တွင်ရပ်တည်သလား၊ မတရားမှုဘက်တွင်ရပ်တည်သလားဆိုသည့် ဆုံးဖြတ်ချက် ပေါ်တွင်မူတည်ပေသည်။ ယနေ့ ကျနော်တို့ပတ်ဝန်းကျင်မှာဖြစ်နေသည့်အရာတွေ မျှတမှုရှိ စေဖို့၊ မတရားမှုတွေ ကင်းစင်ဖို့၊ အားကိုးရာမဲ့နေသူတွေအတွက် အားကိုးရာရှိစေဖို့၊ကျောခင်းဖို့နေရာတစ်နေရာ စာမဲ့နေ သူတွေ ကြောင့်ကြမဲ့ စွာ ကျောခင်းစရာနေရာတစ်ခုရှိစေဖို့၊ ထိထိရောက်ရောက်အကာအကွယ် ပေးနိုင်ဖို့ တာဝန် ယူစိတ်ရှိသည့် လူမှုရေးစိတ်အပြည့်ရှိသည့်၊လူစိတ်အပြည့်ရှိသည့် လူတွေ ကျွန်တော်တို့လူ့အဖွဲ့ အစည်းထဲ နေရာ ရလာဖို့၊လူမှန်နေရာမှန်ရောက်လာကြဖို့ မှန်ကန်စွာဖေးမကူညီဖို့ အသက်တမျှ အရေးကြီးနေပြီဆိုသည်ကို အား လုံးသဘောပေါက်ကြမည်ထင်ပါသည်။     

ကောင်းမွန်သော လူဆန်သော စိတ်ဓာတ်ထွန်းကားမှသာ ကျွန်တော်တို့ ၏လူမမည် ကလေးငယ်များ အတွက် ၊ကျွန်တော်တို့မျိုးဆက်များအတွက် ခိုင်မာမှုရှိသည့် ဘဝအာမခံချက်ကို  ပေးနိုင်မည်ဖြစ်သည်။ ဒါက ကောင်းမွန်သောပတ်ဝန်းကျင်ဖြစ်တည်စေချင်သူတို့ အနည်းဆုံးသိထားသင့်သည့် အသိပင်ဖြစ်လေသည်။

 

 ဖြိုးဝေလှ