【 ဆောင်းပါး 】“ဘယ်လိုလဲ နေကောင်းလား”

【 ဆောင်းပါး 】“ဘယ်လိုလဲ နေကောင်းလား”

ကျွန်တော်တို့ နေ့တစ်ဓူဝ (နိစ္စဓူဝ) ပြောဆိုနေ့ကျတဲ့ စကားတွေထဲက နှုတ်ခွန်းဆက်တဲ့ စကားလုံးလေး တွေနဲ့ ပတ်သက်တဲ့ စဉ်းစားစရာလေးတွေကို ဂျက်ဖ်ကီလာက ဆွေးနွေးတင်ပြထားတာ တွေ့ရတယ်။ စိတ်ဝင်စား စရာကောင်းတာက “ဘယ်လိုလဲ နေကောင်းလား”လို့ ကျွန်တော်တို့ ပေ့ါပေ့ါပါးပါး ပြောဆိုနှုတ်ဆက်နေ တာ အပေါ်မှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေတော့ အလေးအနက် မစဉ်းစားမိခဲ့ဘူး။

သူကတော့ နှုတ်ခွန်းဆက်တာကို တုန့်ပြန်ပြောကြားတဲ့ စကားလုံးတွေကို လေးလေးနက်နက် စဉ်းစား တွေးခေါ်ပြထားတယ်။ ဂျက်ဖ်ကီလာက တုန့်ပြန်ဖြေကြားတဲ့ စကားလုံးတွေကို “အဆိုးမြင်တုန့်ပြန်မှု၊ ကြားနေ တုန့်ပြန်မှုနဲ့ အကောင်းမြင်တုန့်ပြန်မှု” ဆိုပြီး အုပ်စုသုံးစု ခွဲခြားပြီး အဲဒီ တုန့်ပြန်မှုတွေက ဖြေဆိုသူအပေါ်မှာ ဘယ်လို ရိုက်ခတ်မှုတွေရှိတယ်ဆိုတာကို သူ လေ့လာသုတေသန လုပ်ထားတာတွေကို ပြောပြထားပါတယ်။

သူကတော့ ရှေ့ဆောင်းပါးမှာ ပြောပြထားသလို “ကျွန်တော့်တို့က ကိုယ်စိတ်ကူးတဲ့အတိုင်း ကိုယ်ဖြစ် လာတာပါ” ဆိုတာကို ပြန်ချိတ်ဆက်ပြီး အပြုသဘောဆောင်တဲ့ အကောင်းမြင်တုန့်ပြန် ဖြေကြားမှုကသာ လျှင် မိမိအတွက်ရော၊ မိမိနဲ့ ပတ်သက်ဆက်စပ် နေသူများ အတွက်ပါ ကောင်းကျိုးများတာကို တင်ပြပြီး အကောင်းမြင် တုန့် ပြန်မှုများကိုသာ အမြဲပြောမိအောင် လေ့ကျင့်ကြဖို့ တိုက်တွန်းလမ်းပြထားပါတယ်။

ဘယ်လိုလဲ နေကောင်းလား

“သင့်ပါးစပ်ဖျား ဦးတည်တဲ့အတိုင်း သင့်နေ့တွေက ဖြစ်ပျက်သွားရတယ်။”

                                                                                                                        (ရေးသူမသိ)

“ဘယ်လိုလဲ နေကောင်းလား” ဆိုတဲ့ နှုတ်ဆက်စကားလေးအပေါ် ကျွန်တော်တို့ရဲ့ တုန့်ပြန်အဖြေက အသေးအမွှားလေးလို့ ထင်စရာ ဖြစ်မှာပါ။ ဒါပေမယ့် ဒီအမေးကို တစ်နေ့တစ်နေ့ အနည်းဆုံး ၁၀ခါလောက် ဖြေ ရတာဆိုတော့ ဒါဟာ အသေးအမွှားလို့ လုံးဝ မယူဆသင့်တော့ပါဘူး။ ဒါဟာ နေ့စဉ်ဘဝ စကားပြောဆိုမှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပါပြီ။ တစ်ယောက်ယောက်က ဘယ်လိုလဲ နေကောင်းလားလို့ မေးလာတဲ့ အခါ သင့် ဘာပြန်ပြောမှာလဲ။ သင့်အဖြေက ပုံမှန်အားဖြင့်တော့ စကားလုံးနည်းနည်းပဲ ဖြစ်မှာပါ။

သို့ပေသော်ငြားလည်း  အဲ့ဒီ စကားလုံးနည်းနည်းလေးက သင့်အကြောင်းနဲ့ သင့်စိတ်နေသဘောထားကို အများကြီး ပြောပြနေပါတယ်။ တကယ်တော့ သင်ပြန်ပြောတဲ့ စကားလုံးတွေက အခြေခံအားဖြင့် သင့် စိတ်နေ သဘော ထားကို ပုံသွင်းနေတာ ဖြစ်ပါတယ်။ ဘယ်လိုလဲ နေကောင်းလားကို ပြန်ဖြေတဲ့ စကားတွေကို ကျွန်တော် လေ့လာကြည့်တော့ အုပ်စုသုံးစု ခွဲနိုင်တာတွေ့ရတယ်။ အဆိုးမြင်၊ ကြားနေနဲ့ အကောင်းမြင် တုန့်ပြန်မှု အဖြေတွေ ဖြစ်တယ်။ အဲ့ဒီ အုပ်စုသုံးစုနဲ့ အဲ့ဒီအုပ်စုအောက်မှာ ပြောလေ့ရှိတဲ့ တုန့်ပြန်မှုတွေကို စိစစ်ကြည့်ရအောင်။

အဆိုးမြင်တုန့်ပြန်မှုအဖြေများ

“ဘယ်လိုလဲနေကောင်းလား” ဆိုတဲ့ အမေးအပေါ် အဆိုးမြင်သဘောထားပါတဲ့ အဖြေတွေ ကတော့ အောက်ပါ သဘောပါတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။

“မစွံဘူး”

“ဆိုးပါတယ်”

“ပင်ပန်းနေပြီဗျာ”

“ဒီနေ့ ကျွန်တော့်နေ့ မဟုတ်ဘူး”

“ဘုရားသခင်ကျေးဇူးတော်ကြောင့် ဒီနေ့က သောကြာနေ့ဖြစ်ပါတယ်”

“တစ်နေ့ ကြီးလာပြီး တစ်ဒေါ်လာ ထပ်ကုန်သွားပြီ”

“မေးမနေပါနဲ့တော့ကွာ”

တစ်ယောက်ယောက်က “မေးမနေပါနဲ့တော့ကွာ” လို့ ဖြေလိုက်ပြီဆိုရင် ပြဿနာရှာမိပြီလို့ ကျွန်တော် ချက်ခြင်းပဲ သိလိုက်ပြီ။ အဲ့ဒီလူက ခိုသံပါအောင် ညည်းတွားတာတွေ ဒလစပ် လွှတ်တော့မယ် ပြီးရင် မေးမိတာ ကိုယ့်အမှားပါ လို့ ကျွန်တော် ခံစားရအောင် လုပ်တော့မယ်ဆိုတာ သိလိုက်ရပြီ။

နောက်ပြီး “ဒီနေ့ သောကြာ‌နေ့ပါလား ... ကျေးဇူးပါ ဘုရားသခင်” ဆိုတဲ့ အမြင်နဲ့ ဘဝကို ချဉ်းကပ်နေ သူတွေကို သနားမိတယ်။ သူတို့ဘာကို ဆိုလိုတာလဲဆိုတာ စဉ်းစားကြည့်ပါ။ “အပတ်တိုင်းမှာ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေဟာ ဆိုးတဲ့နေ့တွေပါ”တဲ့။ အဲဒီလိုလူတွေအဖို့ သီတင်းတစ်ပတ်တိုင်းရဲ့ ငါးပုံလေး ပုံဟာ ညံ့ဖျင်းတဲ့ နေ့တွေပေါ့။ သောကြာနေ့ကသာ “ခံသာတဲ့နေ့” ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ နောက်လာမယ့် နှစ်ရက်က နားရက်တွေမို့လို့ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေတာပေါ့။ ဒါက သူတို့ ဘဝကို ရှင်သန်ဖြတ်သန်း တဲ့ နည်းလား။ အဲဒီ အဆိုးမြင် စာပိုဒ်တွေက သင့် စိတ်သဘောထားကို ဘယ်လို အဆိပ်သင့်စေနိုင်တယ်၊ အခြားသူ များက သင့် အပေါ် စိတ်ပျက်ငြီးငွေ့အောင် လုပ်သလို ဖြစ်စေတယ်ဆိုတာ သင် အခုမြင်ပြီ မဟုတ်လား။

ကြားနေ တုန့်ပြန်မှုအဖြေများ

ဒီအုပ်စုက တုန့်ပြန်အဖြေတွေက အဆိုးမြင်တုံ့ပြန်တဲ့ အုပ်စုရဲ့ အဖြေတွေထက်တော့ တစ်ဆင့် ပိုမြင့် တယ်။ ဒါပေမယ့် ဒီတုန့်ပြန်မှု အဖြေတွေကလည်း တိုးတက်အောင် အများကြီးမွှမ်းမံဖို့ လိုနေပါသေးတယ်။ ဒီအုပ်စုက ပြောတတ်တဲ့ တုန့်ပြန်အဖြေတွေကတော့-

“ကျွန်တော် အဆင်ပြေပါတယ်”

“သိပ်မဆိုးပါဘူး”

“ပိုဆိုးလာနိုင်တယ်”

“ဟောင်းနေဆဲ၊ နှောင်းနေဆဲပါ”

"အရင်အတိုင်းပါပဲ”

“ကောင်းပါ့”

သင့်အနေနဲ့ ဘဝဆိုတာ “သိပ်တော့မဆိုးပါဘူး”လို့ ထင်တဲ့ လူတစ်ယောက်အပေါ်မှာ အချိန် အများကြီး ပေး ဖို့ တကယ်လိုလားရဲ့လား။ အဲဒီလိုလူဟာ သင် စီးပွားဖက် တစ်ယောက် ဖြစ်ချင်သူလား။ ကျွန်တော်တို့ဟာ ဒီစကားလုံး အသုံးအနှုန်းတွေကို သုံးခြင်းဖြင့် ကျွန်တော်တို့ရဲ့ ခွန်အားတွေကို မှေးမှိန်အောင် လုပ်ရာကျနေပါ တယ်။ လူတစ်ယောက်က လက်မြှောက်ပြီး “ပိုဆိုးလာနိုင်တယ်”လို့ ပြောတဲ့ပုံကို စိတ်ကူးကြည့်ပါလား၊ စိတ်တက် ကြွပြီးပြောတယ်လို့ ထင်သလား။ လုံးဝ မဟုတ်ပါ။ သူတို့ ပြောပုံက နှစ်ရက်လောက် မအိပ်ရသေးတဲ့ လေသံ ပေါက် နေတယ်ဆိုတာကို ဘယ်လိုမှ ဖုံးကွယ်ထား လို့မရပါဘူး။ ကြားနေတုန့်ပြန်မှုအဖြေတွေကို သုံးစွဲသူများဟာ ကြားနေစိတ်နေသဘောထားတွေ တိုးပွားလာမှာ မလွဲပါဘူး။ နောက်ပြီး သင်လိုချင်တာက အဲဒါမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်လေ။

အကောင်းမြင် တုန့်ပြန်မှု အဖြေများ

နောက်ထပ်တွေ့ရတာတော့ အကောင်းမြင် ချည်းကပ်မှုပါပဲ။ စိတ်တက်ကြွသူများ ပါဝင်တဲ့ ဒီအုပ်စုက ပြောတတ်တဲ့ တုန့်ပြန်မှု အဖြေများ ကတော့ …

“သိပ်မိုက်တယ်”

“လုံးဝ ရှယ်ပဲ”

“ကောင်းတယ်ဗျာ”

“ထူးရှယ်ပဲ”

“အတိုင်းထက်အလွန်ပဲ”

“ငါက ကမ္ဘာ့ထိပ်သီးပဲ”

“ဒါထက် ပိုကောင်းတာ မရှိနိုင်တော့ဘူး”

အဲဒီလို အကောင်းမြင်တုန့်ပြန် စကားပြောသူတွေဟာ ခြေသွက်လက်သွက် တက်ကြွသူတွေ ဖြစ်ပြီး သူတို့ နဲ့ အတူနေရတာဟာ သင့်အတွက် စိတ်သက်သာစရာ ဖြစ်တယ်လို့ ခံစားရမှာ ဖြစ်တယ်။ အမှန်အတိုင်း ဖြေပါ။ အ ပေါ်က အကောင်းမြင်တုန့်ပြန်အဖြေတွေကို ဖတ်ရတာ သင်ဘယ်လို ခံစားမိပါသလဲ။ သင် ဘယ်လိုနေလဲတော့ မပြောတတ်ဘူး၊ ကျွန်တော့် အနေနဲ့တော့ အဲဒါတွေ တွေ့ရတာ အားတက်ပြီး စိတ်တက်ကြွပါတယ်။ အဲဒီလို ပြော တဲ့သူတွေက ကျွန်တော် ဒီနေ့ တွေ့ချင်တဲ့ သူတွေပါပဲ။  အဲဒီလူတွေပဲ အလုပ်အပ်မယ်ဆိုရင် ကျွန်တော်ဆီက အ လုပ်ရမယ့် သူတွေပါ။  အဆိုးမြင်နဲ့ ကြားနေ တုန့်ပြန်မှု အဖြေတွေကို တစ်ခေါက် ပြန်ဖတ်ကြည့်ပါ။ အသံထွက် ဖတ် ကြည့်ပါ။ ဘယ်လို စိတ်ခံစားမှုကို ဖြစ်စေသလဲ။ စိတ်ပျက်မိမှာ အသေအချာပါပဲ။

သိတယ်မလား .... ရွေးချယ်ခွင့်သာရှိမယ်ဆိုရင် ကျွန်တော်ကတော့ အကောင်းမြင် သက်ဝင်လှုပ်ရှားတဲ့ သူတွေနဲ့ ဝန်းရံနေတာကိုသာ လိုချင်ပါတယ်။ တနည်းပြောရရင် အဆိုးမြင် ညည်းငွေ့စိတ်ပျက်စရာ ကောင်းတဲ့ သူတွေနဲ့ မနေချင်ပါဘူးလို့ ပြောချင်တာပါ။ ပြောစကားတစ်ခုလို တစ်ချို့လူတွေ အခန်းထဲ ဝင်လာရင် (ဒါမှမဟုတ် တစ်ချို့လူတွေ အခန်းထဲက ထွက်သွားရင်) တစ်ခန်းလုံး သက်ဝင်လှုပ်ရှား ပျော်ရွှင်သွားကြတယ် ဆိုသလိုပေါ့။ သင်ကတော့ သင်ဝင်လာရင် တစ်ခန်းလုံး သက်ဝင်လှုပ်ရှား ပျော်ရွှင်သွားစေတဲ့လူပဲ ဖြစ်ချင်လိမ့်မယ် ထင်ပါ တယ်။

ကျွန်တော်ကတော့ တစ်ယောက်ယောက်က ဘယ်လိုလဲ နေကောင်းလားလို့ မေးလာရင် “အရမ်းကောင်း တယ်”လို့ တုန့်ပြန်ဖြေတတ်ပါတယ်။ အဲလိုဖြေခြင်းဖြင့် အခြားသူတွေကို အကောင်းမြင် စိတ်နေသဘောထား ဖြစ် စေသလို၊ ကျွန်တော့်အတွက်လည်း ဖြေပါများလေ “အရမ်းကောင်းတယ်”လို့ ပိုခံစားလာရလေ ဖြစ်ပါတယ်။

အကောင်းမြင်သူများအဖွဲ့ထဲကို ဝင်ပါ။

ကောင်းပါပြီ၊ သင့်အနေနဲ့ အကောင်းမြင်၊ အဆိုးမြင်နဲ့ ကြားနေ တုန့်ပြန်မှု အဖြေတွေကို သုံးသပ်ကြည့်ဖို့ အခွင့်အရေး ရခဲ့ပါပြီ။ အဲဒီထဲက ဘယ်စကားလုံးတွေကို သင် အသုံးအများဆုံး မကြာခဏ သုံးဖြစ်သလဲ။ သင့် မိသားစုနဲ့ မိတ်ဆွေတွေကရော ဘယ်တုန့်ပြန်မှုကို အသုံးပြုသလဲ။ တကယ်လို့ သင်က အဆိုးမြင် ဒါမှမဟုတ် ကြား နေတုန့်ပြန်မှု အုပ်စုထဲမှာ ပါနေတယ်ဆိုရင်တော့ သင့်ကို အမြန်ဆုံး သင့်တုန့်ပြန်မှုတွေကို ပြင်ဆင်လိုက်ပြီး အ ကောင်းမြင် အဖွဲ့ထဲကို အမြန်ဆုံးဝင်လိုက်ပါလို့ အကြံပေးပါရစေ။ ဘာလို့လဲ ဆိုတော့၊ ဘယ်လိုလဲ နေကောင်း လားလို့ အမေးခံရလို့ သင်က “မစွံဘူး” ဒါမှမဟုတ် “သိပ်မဆိုးပါဘူး” လို့ တုန့်ပြန်ဖြေကြားခဲ့မယ်ဆိုရင် သင့် ခန္ဓာ ဗေဒအပေါ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်ပါတယ်။ သင့် ခေါင်းနဲ့ ပုခုံးတွေကို ကျုံ့ထားမိပြီး စိတ်ဓာတ်ကျ နေတဲ့ ကိုယ်နေဟန်ကို လုပ်မိပြီး ဖြစ်နေပါတယ်။

သင့် စိတ်လှုပ်ရှားခံစားမှုကကော ဘယ်လိုနေမလဲ။ သင့်က “ညံ့တယ် မစွံပါဘူး” လို့ ဖြေပြီးတဲ့နောက်မှာ သင်စိတ်ခံစားမှု ပိုကောင်းလာပါသလား။ ဘယ်ဟုတ်ပါ့မလဲ။ သင့်ဟာ ပိုစိတ်ညစ်စိတ်ဓာတ်ကျသလို ခံစားလာရ ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဆိုးမြင်စကားလုံးတွေနဲ့ အတွေးတွေက မကောင်းတဲ့ခံစားချက်ကို ဖြစ်စေလို့ပဲ အဲဒီက တဆက်တည်း ရလာဒ်ဆိုးတွေကိုသာ ရလာစေမှာ ဖြစ်ပါတယ်။

အဲဒါကို ချိုးဖောက်ထွက်ဖို့ကတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ်။ သင့်ဘဝရဲ့ တကယ့်အဖြစ်အပျက် တွေက သင့်ကိုသင် “ညံ့တယ်မစွံဘူး”လို့ သတ်မှတ်ပြောကြားဖို့ ဖန်လာရင်တောင်မှ  ကိုယ်ကတိပြုထားတဲ့ စီးပွား လုပ်ငန်း သဘောတူညီချက်ကို ကတိပျက်မိ သွားတာတို့ (ဒါမှမဟုတ်) သင့်ကလေးက ကျောင်းမှာ အမှတ်နည်း တာတို့  ဖြစ်နေရင် သင့် မှိုင်းညစ်နေတဲ့ စိတ်အနေအထားက လက်ရှိအခြေအနေကို ပိုကောင်းအောင် ဘာမှလုပ် ပေးနိုင်မှာ မဟုတ်ပါဘူး။ ပိုဆိုးစေမှာက သင့် အဆိုးမြင် (သို့မဟုတ်) ကြားနေ တုန့်ပြန်ပြောဆိုချက်တွေက အ ခြားသူတွေကနေ သင့်အပေါ် စိတ်ပျက်ငြီးငွေ့အောင် လုပ်လိုက်သလို ဖြစ်သွားမှာပါ၊ သူတို့ကို သင့်အနားမှာ အတင်းနေခိုင်းပြီး သင့်ရဲ့ အဆိုးမြင်သဘောထားတွေကို နားထောင်ခိုင်းသလို ဖြစ်နေမှာပါ။

အကျင့်သစ် ကို လေ့ကျင့်တည်ဆောက်ပါ။

အဆိုးမြင်တုန့်ပြန်စကားလုံးတွေကနေ အပျက်အကျိုးဆက်တွေ ဖြစ်ပေါ်လာတယ်ဆိုတော့ သင့်ဘာဖြစ် လို့ အဲ့ဒီစကားလုံးတွေကို ဆက်ပြောနေဦးမှာလဲ။ တကယ်တော့ သင်ဟာ သင့်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးချယ် စရာ ရှိတယ်ဆိုတာ သင်သတိမပြုမိတာ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီလို ရွေးချယ်ပြောဆိုမယ့်အစား သင်က သင်နှစ် ပေါင်း များစွာ အကျင့်ပါနေတဲ့ (သင့်ကိုလည်း အကျိုးမပြုတဲ့)  အလေ့အကျင့်ကိုပဲ ဆက်လုပ်နေမိတာပါ။

အဆုံးသတ်ကျတော့ သင့် ကိုယ်ပိုင်စကားလုံးတွေဟာ သင့် အလိုကို ဖြည့်ဆည်းပေးမယ့် နိမိတ်ဖတ် စကားတွေပဲ ဖြစ်ပါတယ်။ ဆိုတော့ သင်က အားလုံးဟာ စိတ်ပျက်စရာတွေချည်းပဲ လို့ ပြောပြောနေရင် အဲ့ဒီ စကားအတိုင်းဖြစ်စေမယ့် လူတွေ၊ အခြေအနေတွေ တကယ်ဖြစ်လာအောင် သင့်စိတ်က ညှို့ငင်ယူသလို ဖြစ်လာ ပါတယ်။ ဆိုတော့ အခြားတစ်ဖက်ကကြည့်ရင် သင်က “ငါ့ဘဝက တကယ် ကောင်းပါလား” လို့ ထပ်ခါတလဲလဲ ပြောမယ်ဆိုရင် သင့် စိတ်က သင့်ကို အကောင်းမြင် လမ်းကြောင်းပေါ်ကို ဆွဲခေါ်သွားတော့ မှာပါ။ ဥပမာပြရရင် သင်က အရမ်းမိုက်တယ်၊ ရှယ်ပဲ လို့ တုန့်ပြန်ပြောကြားမယ်ဆိုရင် သင့် ကိုယ်ဟန် အမူအရာက အဲ့ဒီ အကောင်း မြင် စကားလုံးတွေနဲ့ လိုက်ဖက်ညီစွာ တက်ကြွလန်းဆန်းနေမယ်။ အခြားလူတွေကိုလည်း သင့် တက်ကြွမှုနဲ့ အားရှိမှုတွေက ဆွဲဆောင်ပြီးသား ဖြစ်လာပါလိမ့်မယ်။ သင့် လူမှုစီးပွားဆက်ဆံရေးတွေလည်း တိုးတက် လာပါ လိမ့်မယ်။ သင့် ဘဝရဲ့ ပြဿနာတွေ အခက်အခဲတွေ က မျက်လှည့်ပြလိုက်သလို အလိုလို ပျောက်သွားမှာလား။ မဟုတ်ပါ။ ဒါပေမယ့် သင်ဟာ “ကျွနှ်ုပ်တို့ မျှော်လင့်တဲ့ အတိုင်း ရနိုင်တယ်” ဆိုတဲ့ အရမ်း အရေးပါတဲ့ မူတစ်ခုကို အသက်သွင်း လိုက်ပြီးသား ဖြစ်နေပါပြီ။

ကျွန်တော် ဦးဆုံးကြုံခဲ့ဖူးတဲ့ အတွေ့အကြုံအရ ပြောပြရရင် ဘဝမှာ တစ်ချို့ အသေးအဖွဲလေးတွေက ကြီး မားတဲ့ အပြောင်းအလဲကို ဖြစ်စေနိုင်တယ် ဆိုတာပါပဲ။ လွန်ခဲ့တဲ့ ၁၅ နှစ်ကဆိုရင် တစ်ယောက်ယောက်က “ဘယ် လိုလဲ နေကောင်းလား” လို့မေးလာရင် ကျွန်တော်က “အဆင်ပြေပါတယ်”လို့ အားမပါတဲ့ အဖြေနဲ့ တုန့်ပြန်တတ်ပါ တယ်။ ကျွန်တော် ဘယ်လိုလုပ်ခဲ့လဲ သိလား၊ ကျွန်တော်က သူများတွေနဲ့ ဆက်ဆံတဲ့ နေရာမှာ အဆင်ပြေရုံ လောက် ဖြစ်အောင်၊ အဆင်ပြေရုံ အောင်မြင်မှုလေးရအောင် ကိုယ့်ကိုယ်ကို ပရိုဂရမ် သွင်းလိုက်မိသွားတာပါ။ အဆင်ပြေရုံ ဆိုတဲ့ စိတ်နေသဘောထားဖြစ်အောင် ပရိုဂရမ် သွင်းလိုက်မိတာပါ။ ဆိုတော့ အဆင်ပြေရုံဘဝကိုပဲ ရခဲ့တာပေါ့။

အဲဒီနောက်တော့၊ တော်ပါသေးရဲ့ ဘုရားသိကြားမလို့၊ ကျွန်တော့်က ငါ ဒီအဆင်ပြေရုံ ဆိုတဲ့ ဘဝမှာ ကျေနပ်နေလို့ မဖြစ်ဘူးဆိုတာ သုံးသပ်မိလာခဲ့တယ်။ အဲ့တော့ ကျွန်တော်က ကျွန်တော့် တုန့်ပြန်မှုကို နည်းနည်း မြှင့်လိုက်ပြီး “အရမ်းမိုက်တယ်”လို့ အားနည်းနည်းပိုထည့် ပြီးပြောကြည့်တယ်။ စစချင်းမှာတော့ နည်းနည်း နှုတ် မရဲဘူး။ ဒါပေမယ့် တစ်ပတ်ကျော်ကျော်လောက် နေတော့ အသားကျလာပါတယ်။ အဲဒီနောက် အံ့သြစရာ တွေ့ လာတာက ကျွန်တော့်အနေနဲ့ စိတ်ခံစားမှု ပိုကောင်းလာသလို လူတွေကလည်း ကျွန်တော်နဲ့ လိုလိုလားလား ပို ပြောဆိုလာကြတယ်။

                           (ဆက်လက်ဖော်ပြပါမည်)

                                                                                   သက်ထွန်း (သျှမ်း)