【 ဆောင်းပါး 】သိပ္ပံပညာက မသိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး

【 ဆောင်းပါး 】သိပ္ပံပညာက မသိတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး

ပြီးခဲ့သည့် ၂၀၀၉ခုနှစ် ဇန်နဝါရီ ၁၇  ရက်က  သမ္မတဟိုတယ်တွင် စိမ်းလန်းကမ္ဘာအဖွဲ့က ကျင်းပသည့်  “ သဘာဝပတ် ဝန်း ကျင်ဆိုင်ရာ ဟောပြောပွဲ” သို့ တက်ရောက်ဖြစ်ခဲ့ပါသည်။

ဒေါက်တာခင်မောင်ညို၊ ဦးကျော်ဦးနှင့် ဆရာကြီးဦးအုန်းတို့က လက်ရှိ ကမ္ဘာ့ရာသီဥတုအခြေအနေ၊ သဘာဝပတ်ဝန်းကျင် အခြေအနေနှင့် လူသားများနေ့စဉ် ရင်ဆိုင်နေကြရသည့် ရာသီဥတုပြောင်းလဲမှုနှင့် နောက် ဆက်တွဲ ဆိုးကျိုးများအကြောင်း ဟောပြောကြပါသည်။

“ ရာသီဉတုပြောင်းလဲမှုကြောင့် ရေကြီးခြင်း မိုးခေါင်ခြင်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း ရောဂါ ဘယ ထူပြောခြင်း စသည်တို့ တစ်နှစ်ထက် တစ်နှစ် ပြင်းထန်လာနေသည်။ ယနေ့ လူသားများသာမက၊ နောက် မျိုး ဆက်သစ်များပါ မလွဲမသွေ ကြုံကြရတော့မည်” ဟူသည့် စာသားများပါသော လက်ကမ်းကြော်ငြာစာရွက်နှင့် “ လူတိုင်းတတ်နိုင်တဲ့ နည်း (၅)ခု” ဟု ခေါင်းစဉ်တပ်ထားသည့် လက်ကမ်းကြော်ငြာစာရွက်ကလေးများကို ဟော ပြောပွဲ တက်ရောက်လာသူများအား ပေးဝေပါသည်။

လူတိုင်းတတ်နိုင်တဲ့ နည်း (၅) ခု ( သို့မဟုတ်) 5-R ဟု ရေးသားလျက် ကာတွန်းရုပ်ကလေးများဖြင့် ပလတ်စတစ်အိတ်အမှိုက် ( ကြွပ်ကြွပ်အိတ်) ပညာပေး သရုပ်ဖော်ထားပါသည်။ ကြွပ်ကြွပ်အိတ်အမှိုက်၏ အန္တရာယ်ကြီးမားပုံကို ရှင်းပြထားပြီး၊ မည်သို့ မည်ပုံလုပ်ဆောင်ခြင်းဖြင့် ကြွပ်ကြွပ်အိတ် အမှိုက် လျော့နည်းစေ မည်ဖြစ်ကြောင်း နည်းလမ်းပေးထားပါသည်။ တိုတိုနှင့် ထိမိပါသည်။ ကျောင်းတိုင်း ဈေးတိုင်း ရပ်ကွက်တိုင်း၌ပင် ကမ်းဝေသင့်သည့် ကြော်ငြာလေးပါ။

သို့မဟုတ်ပါကလည်း စေတနာရှင် တစ်ဦးဦးက ငွေကြေးကုန်ကျခံ၍ တီဗီတွင် ပညာပေးကာတွန်း ဇာတ် လမ်းတိုလေးအဖြစ် ရိုက်ကူးပြနိုင်ပါက၊ မြန်မာတစ်နိုင်ငံလုံးသို့ အကျိုးသက်ရောက်စေမည့်၊ အမြန်ဆုံး အထိ ရောက်ဆုံး  ကြွပ်ကြွပ်အိတ်ပညာပေး ဖြစ်လာမည်ဟု တွေးတောနေမိပါသည်။

တစ်ချိန်တည်းမှာပင် လမ်းဘေး နေရာတကာ၌ မြင်နေရသည့် ပလတ်စတစ်အမှိုက်များ၊ ကြွပ်ကြွပ်အိတ် များ ကို မြင်ယောင်လာ၏။ ရပ်ကွက်တိုင်း၏ အမှိုက်ပုံများတွင်လည်း အများဆုံး မင်းမူနေသည်က ကြွပ်ကြွပ် အိတ်များ။

ဤပွဲသို့လာဖြစ်ခြင်းကြောင့် ဝမ်းသာရသည်မှာ၊ လူငယ်အတော်များများ လာရောက် နားထောင်ကြ သည်ကို တွေ့ရခြင်းပင်။

နောက်ဆုံးဟောပြောသူ ဆရာကြီးဦးအုန်း၏ ဟောပြောမှုအပြီးတွင်၊ တက်ရောက်လာသူ ပရိသတ်များက မေးမြန်းလိုသည်များအား ပြန်လည်မေးမြန်းခြင်း ကဏ္ဍဖြစ်ပါသည်။ နောက်ဆုံးမေးခွန်းက

“ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း ထိန်းသိမ်းရန် တာဝန်ရှိခြင်း စသည်တို့သည် မည်သည့်လူတန်းစား ပေါ်တွင် မူတည်သနည်း” ဟူ၏။

ဆရာကြီးဦးအုန်းက၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွင်၊ လူတန်းစားခွဲခြားမှု၊ လူမျိုးခွဲခြား မှု၊ တိုင်းပြည်နယ်နမိတ် သတ်မှတ်မှု မရှိကြောင်း၊ လူတိုင်းတွင် တာဝန်ရှိကြောင်း နိုင်ငံတိုင်းလည်း ဆောင်ရွက်ရ မည် ဖြစ်ကြောင်း  ပြန်လည်ဖြေကြားသွားပါသည်။

မေးခွန်းမေးသူက ရွှေဉာဏ်တော်စူးရောက်ပြီး မေးမြန်းခြင်းမဟုတ်ပါ။ ဆရာကြီးဦးအုန်း၏ ဟောပြော ချက်တွင် သဘာဝပတ်ဝန်းကျင် ပျက်စီးလာရခြင်း၏ အဓိက တရားခံကား “လူ” ဟု ထည့်သွင်းပြောကြား သွား ခြင်းအား တန်ပြန်လိုက်သည့် မေးခွန်းသာဖြစ်ပါသည်။

                                                            (၂)

ယနေ့ သိပ္ပံပညာက ဖော်ထုတ်ပေးသည့် တွေ့ရှိချက်များကို ဗုဒ္ဓရှင်တော်မြတ်ဘုရားကြီးက လွန်ခဲ့သော နှစ်ပေါင်း ( ၂၅၀၀) ကပင်၊ ဟောပြောဖော်ပြခဲ့ပြီးဖြစ်သည်ဟု ဗုဒ္ဓဘာသာနှင့် သိပ္ပံပညာကို နှိုင်းယှဉ်လေ့လာသူ ပညာရှင်များက ဆိုကြပါသည်။

ဗုဒ္ဓရှင်တော်မြတ်ဘုရားကြီးက လောကကို သုံးမျိုးခွဲ၍ ဟောကြားပါသည်။ ဩကာသလောက၊ သတ္တ လောက၊ သင်္ခါရလောကဟု ခွဲခြားပြခဲ့ပါသည်။

သစ်ပင်တောတောင်ရေမြေ (ဩကာသလောက) ၊ လူနှင့်တခြားသတ္တဝါအားလုံး (သတ္တလောက) နှင့် ထိုသက်ရှိလောကနှင့် သစ်ပင်တောတောင်ရေမြေ (ဩကာသလောက) နှစ်ခု ပေါင်းစည်းတည်ရှိရာ ဌာနကို သင်္ခါရလောကဟု ဟောကြားခဲ့ပါသည်။

ရှင်တော်မြတ်ဘုရားကြီး၏ ဂုဏ်တော် ကိုးပါးတွင် လောကဝိဒူဟူသော ဂုဏ်တော်သည် ဖော်ပြခဲ့သော လောကသုံးပါးအား အကြွင်းမရှိ အလုံးစုံသိမြင်သော ဂုဏ်တော်ဖြစ်ပါသည်။

ဘူမိဗေဒပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ မနူဿဗေဒပညာရှင်များကလည်း သူတို့ တတ်ကျွမ်းသော ပညာများဖြင့် ကမ္ဘာနှင့်သတ္တဝါများ မည်သို့မည်ပုံ စတင်ပေါ်ပေါက်လာကြသည်။ သက်တမ်း အားဖြင့် မည်မျှကြာမြင့်ခဲ့ပြီ စသဖြင့် ဖော်ထုတ်ပြောကြ၊ သက်သေထူကြပါသည်။

သိပ္ပံ၏ ဖော်ထုတ်ရှာဖွေမှုနှင့် သုတေသနလုပ်ငန်းများက ပြောသည့်အဖြေများမှာ ရပ်တံ့နေသည်မဟုတ်။ ထပ်မံရှာဖွေ တွေ့ရှိခြင်းက ခိုင်လုံနေပါက၊ ရှေးကတွေ့ရှိ လက်ခံထားသည်များကို ပစ်ပယ်၍ နောက်ဆုံးတွေ့ရှိမှု ကို ထပ်မံလက်ခံရပါသည်။ ထို့ကြောင့် ကမ္ဘာ၏ အစ၊ လူ၏ အစကို ယနေ့ထိတိုင် သိပ္ပံပညာကရော၊ ဝိဇ္ဇာပညာ ကပါ ဆက်လက်လေ့လာကြဆဲ ဖြစ်ပါသည်။

ဗုဒ္ဓရှင်တော်မြတ်ဘုရားကြီးက သက်ရှိ သက်မဲ့အပေါင်းတို့ တည်နေရာဌာနအား သင်္ခါရလောက ( ဖြစ် ပျက် ပြုပြင် ပြောင်းလဲနေသော လောက) ဟု ထိထိမိမိ ပြောဆိုသုံးစွဲခဲ့ပါသည်။

မှန်ပါပေ၏။ သက်ရှိသက်မဲ့ အားလုံး ဖြစ်ပျက် ပြုပြင် ပြောင်းလဲနေကြပါသည်။ ဗုဒ္ဓတရားတော်အရ ဖြစ် လာသောအရာမှန်သမျှ ပျက်ခြင်း၌ ဆုံးခန်းတိုင်ရမည်သာဖြစ်ပါသည်။

သိပ္ပံပညာကပြောသည့် ပရိုတွန်၊ နျူထရွန်များနှင့် မနေ့တစ်နေ့က အပြောကြီးပြောလာသည့် နာနို ( Nano) ကိုလည်း၊ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် ရှင်တော်မြတ်ဘုရားကြီးက သက်ရှိသက်မဲ့အပေါင်း တို့၏ အစုအဝေးကို ခွဲခြမ်းစိတ်ဖြာလိုက်လျင် ပရမာဏုထိတိုင် သေးငယ်၏ဟု ပြောကြားခဲ့ပြီးဖြစ်ပါသည်။

သဘာဝပတ်ဝန်းကျင်ကို မထိမ်းသိမ်းပါက၊ ရေကြောင့်ဖြစ်မည့် အန္တရာယ်၊ လေကြောင့်ဖြစ်မည့် အန္တရာယ်၊ မီးကြောင့်ဖြစ်မည့် အန္တရာယ်တို့ကို ကမ္ဘာသူ ကမ္ဘာသားများ ရင်ဆိုင်ကြုံတွေ့ရမည်ဟု ဆရာကြီးဦးအုန်း က ဆွဲထုတ်ပြောကြားသွားပါသည်။

ဗုဒ္ဓရှင်တော်မြတ်ဘုရားကြီးက သက်ရှိသက်မဲ့အရာ အားလုံးသည် ဓာတ်ကြီးလေးပါး အဖွဲ့အစည်း သာဖြစ် သည်။ ပထဝီ(မြေဓာတ်) ၊ အာပေါ (ရေဓာတ်) ၊ တေဇော (မီးဓာတ်) ၊ ဝါယော (လေဓာတ်) တို့သည် သက်ရှိ သက်မဲ့တို့၏ ကလာပ်စည်းတိုင်း၌ ပါဝင်ဖွဲ့စည်းထားသည်ဟု ဟောပြောဖော်ပြထားပါသည်။ ဓာတ်လေးပါး၏ အချုပ်ကို တချို့က တေဇောဟု ယူဆကြပြီး၊ တချို့က ဝါယောဟု ယူဆကြပါသည်။

မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာအရလည်း၊ လူတစ်ဦး၊ သတ္တဝါတစ်ဦးတွင် ဓာတ်ကြီးလေးပါး ညီညွတ် မျှတနေပါက၊ ထိုလူ ထိုသတ္တဝါသည် ကျန်းမာနေသည်ဟု ခံစားရမည်ဖြစ်ပြီး၊ ဓာတ်တစ်ပါးပါးဖောက်ပြန်ခဲ့ပါက၊ ဖောက်ပြန်မှုအတိုင်းအတာပေါ် မူတည်ပြီး၊ ရောဂါဝေဒနာ ခံစားရမှုဟူ၍ ဖြစ်ပေါ်လာမည်ဟု ဆိုပါသည်။

ယခုလည်း သိပ္ပံပညာရှင်များက ကမ္ဘာကြီးပူနွေးလာမှုကြောင့် ( တေဇောဓာတ်လွန်ကဲခြင်း) နောက်ဆက် တွဲ သဘာဝနှင့် ရာသီဉတု ဖောက်ပြန်ပြောင်းလဲမှု ဆိုးကျိုးများကို ဖြစ်ပေါ်စေမည်ဟု အခိုင်အမာ ထောက်ပြနေ ကြပါသည်။ ၂၀၀၈ မေလ ၂ ရက်နေ့က ဧရာဝတီတိုင်းတွင် တိုက်ခတ်သွားသော နာဂစ်မုန်တိုင်းမှာ ကြောက်မက် ဖွယ် အံ့ဩဖွယ်ဖြစ်ရပ် တစ်ခုဖြစ်ကြောင်း မုန်တိုင်းဒဏ်ခံ ဒေသခံပြည်သူများက ပြောပြကြပါသည်။

“ နေ့ခင်းကြီးမှာပဲ၊ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်လာပြီး၊ တိုက်လာတဲ့လေကလဲ ပြင်းထန်လွန်းလို့၊ တဝှီးဝှီးအသံတွေတောင်မြည်နေတယ်။ တက်လာတဲ့ လှိုင်းလုံးကြီးတွေက ဆယ့်ကိုးပေ ပေနှစ်ဆယ်လောက် မြင့် ပြီး၊ ကြောက်စရာကောင်းလိုက်တာ။ သိပ်အရပ်မြင့်တဲ့ လူမည်းမည်းကြီးတွေ ပြေးတက်လာသလိုပဲ။ လှိုင်းတစ် ချက်ရိုက်လိုက်တိုင်း သင်္ဘောတွေ လှေတွေ နစ်သွားတာ၊ အိမ်တွေပြိုပြီး ရေထဲထိုးကျ မျောပါသွားတာတွေက၊ စက္ကူစ တွေ ရေထဲမျောပါသွားသလိုပဲ” ဟု ပြန်ပြောပြကြသည်ကို အမှတ်ရစေပါသည်။

သူတို့ပြောသည့် ဖြစ်စဉ်မှာပင် ရေ၊ လေ တို့ ကြောက်မက်ဖွယ် ဖောက်ပြန်ခြင်းကို ရှင်းလင်းစွာ မြင်‌နေရပါသည်။

                                                                        (၃)

ရှေးမြန်မာတို့တွင် စာပေကျမ်းဂန် တတ်ပွန်သူများ မြောက်မြားစွာ ရှိပါသည်။ကမ္ဘာတည်ပုံ၊ ကမ္ဘာပျက်ပုံ ကို စစ်ကဲကြီး ဦးရွှေနော်က “ အာဒိကပ္ပ ကမ္ဘာဦးကျမ်း” အမည်ဖြင့် ပြုစုရေးသားခဲ့ပါသည်။ ထိုစာအုပ်ကို ၁၉၅၈ ခုနှစ်တွင် ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်ကို ဦးရွှေနော်က သူ၏ ကိုယ်ပိုင်ဉာဏ် ဖြင့် ရေးသားထုတ်ဝေထားခြင်းမဟုတ်ကြောင်း၊ နိဒါန်းတွင် ဤသို့ဖော်ပြထားပါသည်။

“ လောကသုံးအင်၊ ဘုံတစ်ခွင်ကို၊ ကုန်စင်အောင် သိတော်မူတတ်၊ ယင်းသကတ်ကြောင့်၊ လောကဝိဒူ ဂုဏ်တော်ယူသည့်၊ သယမ္ဘူထွဋ်ထား သဗ္ဗညုမြတ်စွညဘုရားသည်၊ သတ္တလောက၊ သင်္ခါရလောက၊ ဩကာ သလောကဟူသော ကမ္ဘာကြီး၏ ဖြစ်ပျက်ပုံ၊ တည်ရှိပုံ၊ အကြောင်းစုံကို၊ သုတ်ပါထေယျ၊ အဂ္ဂညသုတ်တွင် အထင် အရှားဟောကြားတော်မူခဲ့လေသည်။ ပါရာဇိကဏ် အဌကထာ၊ သုတ်ပါဌေယျ အဌကထာ၊ သာရတ္ထဒီပနီဋီကာ၊ ဇိနာလင်္ကာရဋီကာကြီးတို့၌လည်း၊ ကမ္ဘာကြီး၏ အကြောင်းအရာကို အကျယ်တဝင့် ဖွင့်ဆိုရေးသား တော်မူခဲ့ကြသည် . . .”

ထိုစာအုပ်တွင် အခန်းပေါင်း (၇၁) ခန်းပါဝင်ပြီး၊ ရေးသားထားသည်များမှာ ခက်ခဲနက်နဲပါသည်။ ကမ္ဘာ တည် ခြင်း၊ ပျက်ခြင်းကို ပြသော အခန်း၌၊ ကမ္ဘာပျက်ခြင်း အကြောင်း သုံးပါးရှိ၏။ သုံးပါးဟူသည်ကား မီး၊ ရေ၊လေ သုံးပါးဖြစ်၏ဟု ဖော်ပြထားပါသည်။

ယနေ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက၊လည်း၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် မီးတောင်များပေါက်ကွဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း နှင့် မုန်တိုင်းများ ဖြစ်ပေါ်ခြင်းဟူသော ဆိုးကျိုးများ ဖြစ်ပေါ်ရသည်ဟု ဆိုပါသည်။

သိပ္ပံပညာက ဖြစ်ပေါ်လာမှုအပေါ် နောက်က လိုက်၍ အဖြေရှာရသည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားကြီဂကမူ ကြိုတင်ဟောပြောဖော်ပြခဲ့ပါသည်။ အာဒိကပ္ပကမ္ဘာဦးကျမ်း၌ ကမ္ဘာပျက်အံ့အချိန်တွင် လေးကျွန်းလေးရပ်သို့ နတ်မင်းကြီးလေးပါးသည် -

“ အကျင့်သီလရှိကြစေ။ ဗြဟ္မစိုရ်တရားများ ပွားများနှလုံးသွင်းကြစေ” ဟူ၍ မိုးကြိုး လောင်မီးစက် ထစ် ချုန်း သော အသံကဲ့သို့ ဆုံးမဩဝါဒပေးပြီးလျှင် ကိုယ်ထင်ပြလျက် လူ၊နတ်၊ တိရစ္ဆန်၊သတ္တဝါ၊ ဗြဟ္မာအပေါင်းတို့ ကြားသိကြရအောင် ဟစ်ကြွေးကြော်ကုန်၏ . . .” ဟု အခန်း ၃၄၊ စာမျက်နှာ ၁၄၃ တွင်  “ ကမ္ဘာပျက်မည်ကို လောကဗျူဟာနတ်တို့ ကြွေးကြော်သည်ကို ပြသောအခန်း” ဟု ခေါင်းစဉ်ထိုးလျက် ဖော်ပြထားပါသည်။

ယနေ့ သိပ္ပံပညာရှင်များက၊ လူသားတို့ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်လာရခြင်းမှာ တောပြုန်းမှု၊ သဘာဝ သယံဇာတပစ္စည်းများကို ထင်သလို ထုတ်ယူသုံးစွဲနေမှုနှင့် စက်ရုံအလုပ်ရုံများက ထွက်ရှိသည့် ကာဗွန် ဒိုင်အောက်ဆိုဒ်များကြောင့် လေထုညစ်ညမ်းစေမှု စသည့် အချက်များအား ထောက်ပြကြပါသည်။ သို့သော် လူတို့ ၏ လောဘ၊ ဒေါသ၊ မောဟ ထူပြောလာမှု၊ တနည်းအားဖြင့် လူသားအများစုတို့ ကိုယ်ကျင့်တရား စာရိတ္တပျက် ပြားလာမှုနှင့် ရာသီဉတုဖောက်ပြန်ခြင်း ဆက်စပ်မှုရှိကြောင်း သိပ္ပံပညာရှင်များ နားမလည်ကြပါ။ ထိုကြောင့် သူတို့သည် ရုပ်ပိုင်းဆိုင်ရာများအပေါ်၌သာ မှီတည်အဖြေရှာနေကြပါသည်။ လူတို့၏ စိတ်ပူ စိတ်လောင်များကို ထည့်သွင်းစဉ်းစားခြင်းအား မည်သည့် သိပ္ပံပညာရှင်ကမှ ထောက်မပြကြပါ။

ဗုဒ္ဓတရားတော်၌ကား၊ ကမ္ဘာပျက်အံ့အချိန်တွင် လူသားများ တရားစောင့်ထိန်းရမည်။ ဗြဟ္မစိုရ်တရား ပွားများရမည်ဟု ညွှန်ပြခဲ့ပါသည်။

ယနေ့ကမ္ဘာတွင် အံ့မခန်း တိုးတက်ဖြစ်ထွန်းလာသည့် သိပ္ပံနှင့်နည်းပညာကြောင့်၊ လူသားတို့၏ လူနေမှု အဆင့်အတန်း မြင့်မားတိုးတက်လာပါသည်။ သွားလာနေထိုင်မှု၊ စားသောက်ရမှု၊ ဆက်သွယ်ရမှု လုပ်ငန်းအဝဝ သက်သာလွယ်ကူခြင်း စသည့် အကျိုးတရားများကို ခံစားကြရပါသည်။ ဆစ်ဖက်တွင်မူ ခေတ်မီလက်နက်များကို အပြိုင်အဆိုင် ထုတ်လုပ်ကြလျက်၊ စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း အသက်အိုးအိမ် စည်းစိမ်များစွာကို၊ ခြွေဖျက်နေ ကြဆဲဖြစ်ပါသည်။ လက်နက်အားကိုးနှင့် ကြီးနိုင်ငယ်ညှဉ်းပြုနေဆဲ ဖြစ်ကြောင်း ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပွားနေ သည့် စစ်ပွဲများက သက်သေပြနေကြပါသည်။

သိပ္ပံနှင့်နည်းပညာကို လောဘ၊ ဒေါသ၊ မောဟ ကြီးသူတို့က ကိုယ်ကျိုးအတွက် အသုံးချကြသည်တွင်၊ အပြစ်မဲ့သော ပြည်သူလူထု အသက်ဆုံးရှုံးရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အိုးအိမ်တိုက်တာ တောတောင်ရေမြေများ ပျက်စီးရခြင်းကို မည်သည့် သဘာဝပတ်ဝန်းကျင် ပညာကမျှ ထောက်မပြသေးပေ။

ဗုဒ္ဓရှင်တော်မြတ်ဘုရားကြီးက လောဘ၊ ဒေါသ၊ မောဟတို့ကို ထိန်းချုပ်၍ ဗြဟ္မစိုရ်တရားပွားများမှ သာ လျင်၊ လောကြီးအေးချမ်းမည်ဟု ညွှန်ပြခဲ့ပါသည်။ မေတ္တာ၊ဂရုဏာ။ မူဒိတာ၊ ဉပေက္ခာတည်းဟူသော ဗြဟ္မစိုရ် တရား များအနက် ပွားများရန်ခက်သည့် မုဒိတာနှင့်ဥပေက္ခာကို အသာထားဦး။ ကြိုးစားပွားလျင်ဖြစ်နိုင်သည့် မေတ္တာနှင့်ဂရုဏာကိုပင် မမွေးမြူနိုင်၍ ယနေ့ ခေတ်မီ ယဉ်ကျေး တိုးတက်နေသည်ဆိုသော ကမ္ဘာ၌ အီရတ်စစ်ပွဲ၊ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် မဆိတ်သုဉ်းသေးခြင်း ဖြစ်ပါသည်။

ခေတ်မီလက်နက်များကြောင့် ထွက်လာသည့် အခိုးအငွေ့များက သဘာဝပတ်ဝန်းကျင်အပေါ် မည်သို့ ဆိုးကျိုးသက်ရောက် စေနိုင်ကြောင်း၊ ပညာရှင်များက သုတေသနပြု ထောက်ပြသင့်သည့် ကာလဖြစ်ပါသည်။

အာဇာနည် ၉၁၉) ဦးတွင် တစ်ဦးဖြစ်သည့် ဆရာကြီး ဒီးဒုတ်ဦးဘချိုသည် မြန်မာစာပေ၊ အင်္ဂလိပ်စာပေ၊ ဗေဒင် ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ သမိုင်း၊ နိုင်ငံရေး ပညာရပ်မျိုးစုံ ကျွမ်းကျင်သူဟု သူနှင့် လက်တွဲ အလုပ် လုပ်ခဲ့ ဖူးသူတို့က ဆိုကြသည်။

ရောကြီး ရေးသားပြောဆိုခဲ့သည်များထဲတွင်၊ သက်ရှိ သက်မဲ့လောက ဆက်စပ်မှုနှင့် စပ်လျဉ်း၍ ပြောဆို ခဲ့သည်ကို၊ သခင်တင်ရေးသည့် “ လွတ်လပ်ရေးတိုက်ပွဲ” ဆောင်းပါး၌ အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။

“ လူသားများသည် ဤလောကမှလည်း မလွတ်မြောက်နိုင်ကြသေးဘဲ၊ လူနှင့်လူ အချင်းချင်း တရားမျှ တစွာ  ဆက်ဆံနေထိုင်ရေးကို အလိုရှိခဲ့ပါမူ၊ သက်ရှိ သက်မဲ့တို့၏ အခြေခံအကြောင်းကြီးများကို လေ့လာရန် လိုအပ်လေသည်။”

                                                            ( ၄)

မိရိုးဖလာ ဗုဒ္ဓဘာသာ မြန်မာအများစုသည်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုလို၍ တရားအားထုတ်သည်ဟု ဆိုကြ၏။ အနောက်တိုင်းသား တချို့ကမူ၊ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြောင့် မဟုတ်ဘဲ၊ တရားအား ထုတ် မှုအပေါ် လက်တွေ့လေ့လာ သုတေသနပြုကြသူများ ရှိပါသည်။

တရားထိုင်ခြင်း အစတွင် စိတ်ကို တည်ငြိမ်အောင်ကြိုးစားအားထုတ်ရစမြဲ ဖြစ်ပါသည်။ ထိထိမိမိ တရား ထိုင်သူ၏ ခန္ဓာမှ တရားထိုင်ချိန် ၄၅ မိနစ်ကျော်လျင် ထွက်လာသည့် ဓာတ်တစ်မျိုးသည်၊ ကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ဆရာတော် ဦးဇောတိက က မိန့်ကြားဖူးပါသည်။

ဆရာတော် ဦးဇောတိကသည် ဗုဒ္ဓဘာသာ ကျမ်းဂန်များကိုသာမက၊ ပညာရပ်မျိုးစုံကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာစလုံးဖြင့် နှံ့စပ်စွာ ဖတ်ရှုလေ့လာထားသူဖြစ်သဖြင့်၊ တရားထိုင်စဉ် လူြခန္ဓာ ပြောင်းလဲဖြစ်စဉ်များကို၊ သုတေသနနည်းကျ ဟောပြောနိုင်သူ ဖြစ်ပါသည်။

လူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အရေပြားဖြင့် ဖုံးအုပ်ထားပြီး၊ ထိုအရေပြားပေါ်တွင် မရေမတွက်နိုင်သည့် အပေါက်ငယ်များ ( မွေးညှင်းပေါက်များ)ရှိနေသည်ကို လူတိုင်း သိကြပါသည်။ သို့သော် ထိုအပေါက်ငယ်များမှ အခိုးအငွေ့များ ထွက်နေကြောင်းကိုမူ၊ သတိထားမိသူ သိသူ နည်းပါးပါသည်။

လောဘ၊‌ ဒေါသ၊ မောဟ ထူပြောသူတို့၏ ခန္ဓာကိုယ်မှ ထွက်သောအခိုးအငွေ့များသည် အပူဓာတ် ( တေ ဇောဓာတ်) များပြားပါသည်။ ယနေ့ကမ္ဘာတွင် လူဦးရေ မတန်တဆတိုးပွားနေပြီး၊ လူများစုက နေ့စဉ်နှင့်အမျှ သာမန်ထက် လွန်ကဲသော လောဘ၊‌ ဒေါသ၊ မောဟများဖြင့် နေထိုင်လှုပ်ရှားနေကြသည်။ ဤအချက်က သဘာဝ ပတ်ဝန်းကျင်အား လွန်စွာထိခိုက်စေပါသည်။

လူသားတို့၏ ကိုယ်ကျင့်တရား ပျက်ပြားခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးရခြင်းသည် ဆက်စပ်မှုရှိ ကြောင်း၊ ဗုဒ္ဓတရားတော်က ထောက်ပြပါသည်။

ဆရာကြီးဦးအုန်းက သဘာဝဘေးအန္တရာယ်ကို ကာကွယ်ရန် လူတိုင်းတွင် တာဝန်ရှိသည်ဟုဆိုပါသည်။ နောက်နောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲများ ကျင်းပပါက၊ ဆရာတော် ဦးဇောတိက ကဲ့သို့ ဓမ္မဓိဌာန်ကျကျ ဗုဒ္ဓဘာသာနည်းဖြင့်  ကမ္ဘာကြီးအားထိန်းသိမ်းစောင့်ရှောက်နိုင်ကြောင်း၊ လူတို့ ကိုယ်ကျင့်တရား ကောင်းမွန်ပါက၊ တစ်ဖက် တစ်လမ်းမှ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက် ခြင်းပင်ဖြစ် ကြောင်း ပင့်ဖိတ်ဟောပြောစေသင့်ပါသည်။

သို့ဖြင့် သိပ္ပံပညာက မသိရှိသော သဘာဝလျှို့ချက်များကို လူသားအားလုံး သိရှိလာပြီး၊ လိုက်နာဆောင် ရွက် နိုင်မည်ဆိုပါက၊ ကမ္ဘာမြေကြီး တစ်ခုတည်းသာ စိမ်းလန်းစိုပြေလာမည် မဟုတ်ဘဲ၊ လူနှင့် သက်ရှိ သတ္တဝါ အားလုံး အေးချမ်းပျော်မွေ့ဖွယ် ဘဝကို ပိုင်ဆိုင်နေထိုင်ခွင့် ရရှိကြမည်ဖြစ်ပါသည်။

ခင်နှင်းဦး

စတိုင်သစ် မဂ္ဂဇင်း ( မတ် ၂၀၀၉) ပါ ဆောင်းပါးအား စာရေးသူခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြခြင်း။