【 ဆောင်းပါး 】သမိုင်းသုတေသနက ပြောတဲ့ ပုဂံ၊ ကျန်စစ်သားနှင့် ရာဇကုမာရ်

【 ဆောင်းပါး 】သမိုင်းသုတေသနက ပြောတဲ့ ပုဂံ၊ ကျန်စစ်သားနှင့် ရာဇကုမာရ် 

 (၁)

ကျန်စစ်သားသည် မြန်မာရာဇဝင်တွင် ထင်ရှားလူသိများသော မင်းဖြစ်၏။ လက်တစ်ဖက်က ပြည်သူတို့ကို ထမင်းပေးပါမည်။ လက်တစ်ဖက်က ပြည်သူတို့၏ မျက်ရည်ကို သိမ်းဆည်းပေးပါမည်ဟု ဆိုခဲ့လေသော မေတ္တာကရုဏာရှင်မင်းကောင်း မင်းမြတ်တစ်ပါးအဖြစ်၊ ကျန်စစ်သားအကြောင်းကို စာကဗျာများကွန့်ညွန့်၍ စာရေးဆရာတို့ ရေးဖွဲ့ခဲ့ဖူးပါသည်။

ရာဇကုမာရ်ကိုမူ၊ ကျန်စစ်သားမင်း၏ သားဖြစ်လင့်ကစား၊ ခမည်းတော်ထံ အလာနှောင်းသဖြင့်၊ အိမ်ရှေ့ဥပရာဇာ မဖြစ်ရရှာသော်လည်း၊ ဖခင်အား စိတ်မကွက်ဘဲ၊ ကျန်စစ်သားမင်းကြီး နာမကျန်းကြီးစွာ ဖြစ်နေချိန်တွင်၊ ဘဝကူးကောင်းစေရန်၊ ရွှေဆင်းတုဘုရား ပူဇော်ဌာပနာ၍ ဖခင်အား ရေစက်ချလှူဒါန်းခွင့် ဖန်တီးပေးသူ၊ စိတ်သဘောထားကြီးရင့် ကျေးဇူးသိတတ်သော၊ သားအဖြစ် မြန်မာအများစုက လက်ခံခဲ့ကြသည်မှာ သမိုင်းခေါက်ရိုးကျိုးနေလေပြီ။

ယခုမူ မောင်ဖေငယ်ရေးသားသည့် “ သမိုင်းနှင့်ဝိရောဓိ ဖြစ်ခြင်း” စာအုပ်ကို၊ အဏ္ဏဝါစာပေတိုက်က ၂၀၀၅ ခုနှစ် ဇွန်လတွင် ထုတ်ဝေဖြန့်ချိခဲ့ပါသည်။ ထိုစာအုပ်အတွက် အမှာစာကို မြန်မာသမိုင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာတိုးလှက ရေးသားထားပါသည်။

“ သမိုင်းနှင့်ဝိရောဓိဖြစ်ခြင်း” မာတိကာတွင်၊ အခန်းကြီး ( ၃) ခန်းခွဲခြားရေးသားထား၏။ ယင်းတို့မှာ

အပိုင်း(က) - ရာဇကုမာရ်ကျောက်စာ

  • ရာဇကုမာရ်ကျောက်စာ မိတ္တူများ
  • ကျောက်စာအမည်သတ်မှတ်ပုံ
  • ရာဇကုမာရ်ကျောက်စာဖြစ်ပေါ်လာပုံ
  • ရာဇကုမာရ်နှင့်ကျန်စစ်သား
  • လေးဘာသာညှိနှိုင်းချက်
  • ပုဂံခေတ်ဘာသာရေးအခြေအနေ
  • ပုဂံခေတ်နိုင်ငံရေးသမိုင်း
  • ပုဂံခေတ်တရားစီရင်ရေးနှင့် ဓမ္မသတ်
  • ပုဂံခေတ်အုပ်ချုပ်ရေး

အပိုင်း(ခ) - ရာဇကုမာရ်ကျောက်စာ မြန်မာဘာသာလေ့လာချက်

အပိုင်း(ဂ) - လေးဘာသာမှတ်ချက်

  •    - အက္ခရာဝလိ - တို့ဖြစ်ကြပါသည်။

အက္ခရာဝလိဟူသည် အက္ခရာစဉ်အညွှန်းကို ဆိုလိုပါသည်။ သမိုင်းဟူသည် အတိတ်ဖြစ်ရပ်များကို၊ မှတ်တမ်းတင်ရေးသားထားကြခြင်းဖြစ်ရာ၊ သမိုင်းဆိုင်ရာ အထောက်အထားများအပေါ် သမိုင်းဆရာ၏ ထင်မြင်ယူဆချက် ပေါင်းစပ်ရေးသားခြင်းတွင်၊ အကြောင်းကြောင်းတို့ကြောင့်၊ မှားယွင်းမှုရှိနိုင်ပေသည်။ ထို့ကြောင့် သမိုင်းသုတေသနများလုပ်ဆောင်ပြီး၊ ယခင်ရေးသားခဲ့သော သမိုင်းပါ အချက်အလက်များ မှားယွင်းကြောင်း ခိုင်မာစွာတွေ့ရပါက၊ ပြန်လည်ပြင်ဆင်ရပေသည်။ သုတေသနမရှိဘဲ တိုးတက်မှုမရှိနိုင်။ အထူးသဖြင့် သမိုင်းသုတေသနသည် အရေးကြီးကြောင်း မောင်ဖေငယ်၏ “ သမိုင်းနှင့်ဝိရောဓိဖြစ်ခြင်း” က မီးမောင်းထိုးပြလေသည်။

 (၂)

မည်သည့်သုတေသနလုပ်ငန်းမဆို မိမိလေ့လာလိုသည့် ဘာသာရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဦးစွာစုဆောင်းရပါသည်။ ရရှိထားသော အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခြင်း၊ စဉ်းစားဆင်ခြင်ခြင်း၊ ကောက်ချက်ချခြင်းတို့က၊ နောက်ဆက်တွဲလုပ်ငန်းများဖြစ်သည်။ ထို့ကြောင့် နားလည်တတ်ပွန်သူတို့က၊ “ ကျမ်းကြည့်မခက်၊ ကျမ်းညှိခက်၏” ဟု ဆိုကြလေသည်။ အမှန်ပင် စာအုပ်စာတမ်းများကို ဖတ်ရှုရုံသာကား မခက်။ စာအုပ်ပါအကြောင်းအရာ အချက်အလက်များကို ညှိနှိုင်းတိုက်ဆိုင် စစ်ဆေးရသော အလုပ်ကား မလွယ်ကူပေ။

ဆရာမောင်ဖေငယ်သည် နာမည်ကျော် ရာဇကုမာရ်ကျောက်စာတွင် ရေးထိုးထားသော ဘာသာစကား လေးဘာသာစလုံးကို တိုက်ဆိုင်ညှိနှိုင်း သုတေသနပြုပြီး၊ သမိုင်းကျမ်းများနှင့်လည်း ညှိပြီးနောက်၊ ရာဇကုမာရ်သည် ကျန်စစ်သား၏ ရင်နှစ်သည်းခြာ သားရတနာမဟုတ်ကြောင်း၊ ကျန်စစ်သား၏ ကြည့်ရှုစောင့်ရှောက်ခြင်းခံရသော အမတ်တစ်ဦးသာဖြစ်ကြောင်း၊ ရှေးခေတ်က ဘုရင့်သားတော်များသည် အမတ်လုပ်လေ့လုပ်ထမရှိကြောင်း၊ ခိုင်မာစွာ ဖော်ပြရေးသားထား၏။

ဆရာမောင်ဖေငယ်က ကျောက်စာပါ အသုံးအနှုန်းများတွင် သမ္ဗူလ( ဝဋံသကာဒေဝီ) ကို မိခင်အဖြစ်ဖော်ပြထားသော်လည်း၊ ကျန်စစ်သားကိုမူ ထိုခေတ်အသုံး အာဖ(အဖ) နှင့် ခမည်းနှစ်မျိုးစလုံး ရေးသားသုံးစွဲထားခြင်း မရှိကြောင်း ဖော်ပြထားပါသည်။ ပါဠိဘာသာဖြင့် ရေးထိုးထားသော ကျောက်စာတွင်၊ “ တရားမင်း၏ ကြီးမြတ်စွာသော ဂုဏ်အစုကို အောက်မေ့သည်ဖြစ်၍” ဟုသာ ဖော်ပြထားကြောင်း၊ သုတေသီမောင်ဖေငယ်က ကောက်ချက်ဆွဲပြပါသည်။

“မိမိကို ကျွေးမွေးခဲ့သောမင်း” ဟူသည် မိမိကို မွေးဖွားခဲ့သော ဖခင်ဟု ဆိုရာမရောက်ကြောင်း၊ ရာဇကုမာရ်ကျောက်စာ လေးဘာသာစလုံးကို ကိုင်ပြီး၊ မောင်ဖေငယ်က ယခင်ရှေးအဆက်ဆက်က လက်ခံခဲ့ကြသည့် ရာဇကုမာရ်သည် ကျန်စစ်သား၏ သား ဟူသော အယူအဆကို တော်လှန်လိုက်ပါသည်။

သုတေသီဆရာမောင်ဖေငယ်က ကျန်စစ်သားသည် တစ်ခုလပ်သားသည် မိခင် သမ္ဘူလနှင့် မေတ္တာမျှခဲ့သည်ဟု ဆိုချင်သော်လည်း၊ အထောက်အထား သိပ်မခိုင်လုံဟု ဆိုပါသည်။ ဆက်လက်သုတေသနပြု၍ ခိုင်လုံသော အထောက်အထားများ ရခဲ့ပါမူ၊ သမိုင်းနောက်ခံ ဝတ္ထုရေးဆရာတို့အတွက် ရေးကွက်အသစ်များ ပေါ်ထွက်လာပေဦးတော့မည်။

စာရေးသူက “ ရာဇကုမာရ်နှင့် ကျန်စစ်သား” အခန်းငယ်တွင်၊ ရာဇကုမာရ်သည် ကျန်စစ်သား၏ အမတ်သာဖြစ်ကြောင်း၊ သားမဟုတ်ကြောင်း ဖော်ပြသကဲ့သို့၊ ကျန်စစ်သားသည် အိန္ဒိယနွယ်ဖွား ဝေသာလီမင်းသမီး၏ အဖေမပေါ်သောသား ဖြစ်ကြောင်း လိမ္မာပါးနပ်စွာ တင်ပြထားပါသည်။

ထို့ပြင် ပုဂံခေတ်တွင် “ ရွှေအိမ်သည်” နှစ်ယောက်ရှိခဲ့ပြီး၊ တစ်ဦးကား ကျန်စစ်သားနှင့် အပယ်ရတနာတို့၏ သမီးတော်၊ နောက်တစ်ဦးကား နရပတိစည်သူ၏ သမီးတော်ဖြစ်ကြောင်း သမိုင်းအကိုးအကားများကို ဆုပ်ကိုင်ပြီး၊ ရေးသားထား၏။ ကျန်စစ်သား၏ သမီးတော် ရွှေအိမ်သည်မှာ စောလူးမင်း၏ သားတော် စောလူးနှင့် လက်ဆက်ရသူဖြစ်ပြီး၊ နရပတိစည်သူ၏ သမီးတော် ရွှေအိမ်သည်ကား၊ မနူဟာမင်း၏ မြစ်တော် နာဂသမန်းနှင့် လက်ဆက်ရသူဟု ဂဃနဏ ခွဲခြားဖော်ပြထားပါသည်။

(၃)

ရာဇကုမာရ်ကျောက်စာပေါ်ထွန်းသည့် ပုဂံခေတ်ကိုလည်း ဘာသာရေး၊ နိုင်ငံရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးရှုထောင့်များမှ သုံးသပ်တင်ပြထားပါသည်။ ပုဂံခေတ်သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော ခေတ်ဖြစ်ပေရာ၊ ထိုခေတ်တွင် ဘာသာရေး၊ နိုင်ငံရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးများ စနစ်တကျရှိခဲ့ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။ သက်ဦးဆံပိုင် ဘုရင်ခေတ်ဟု ဆိုငြားသော်လည်း၊ မင်းတို့က တရားစောင့်ကြောင်း၊ မင်းတစ်ဦးတည်း ထင်ရာမလုပ်နိုင်စေရန်၊ ဝန်ကြီးလေးပါးနှင့် လွှတ်တော်တို့က ဘုရင်ကို ထိန်းချုပ်ထားကြောင်း ရေးသားထား၏။

ဘာသာရေးတွင် ဟိန္ဒူအယူဝါဒ၊ မဟာယာန၊ ထေရဝါဒ၊ နတ်ကိုးကွယ်မှုများ အဦးပိုင်းတွင် ရောထွေးခဲ့သော်လည်း၊ နောက်ပိုင်းတွင် ထေရဝါဒဘက်သို့ အလေးသာသွားကြောင်း ဖော်ပြထားသည်။

ပုဂံခေတ် နိုင်ငံရေးသည် အနော်ရထားနှင့်စပြီး၊ ရွှေနန်းရှင်နှင့် အဆုံးသတ်ကြောင်းလည်းပါရှိ၏။

ပုဂံခေတ် တရားစီရင်ရေးနှင့် ဓမ္မသတ်တွင် လွတ်လပ်စွာ ဥပဒေပြုခြင်း၊ လွတ်လပ်စွာတရားစီရင်မှုရှိခြင်း၊ တရားဥပဒေစိုးမိုးခြင်းတို့ကို ဖော်ပြထားပေသည်။ တရားစီရင်ရေးတွင် အဖွဲ့နှင့် ဆောင်ရွက်ကြောင်း၊ အမျိုးသမီးများလည်း တရားစီရင်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားရာ၊ ပုဂံခေတ်၏ ခေတ်ရှေ့ပြေးပုံကို မြင်နေရပေသည်။

ထိုခေတ်မင်းတို့သည် ဘာသာရေးဘက် တိမ်းညွှတ်သဖြင့် တရားစောင့်စည်းကြရကာ၊ မတရားပြုလုပ်ရန် လက်တွန့်ပုံကို ကျစွာမင်းလက်ထက်တွင် “ မင်းနှင့်သံဃာ” ထိပ်တိုက်တွေ့မှု၌ စုံစမ်းရေးအဖွဲ့က သံဃာကို အနိုင်ပေးခဲ့ခြင်းအား ထောက်ပြ ဥပမာပေးထားလေသည်။ ထို့ပြင် ပုဂံခေတ်တွင် ပြည်သူအများ တရားစောင့်ကြကြောင်းကို ပုဂံခေတ်၍ သာမန်အငြင်းပွားမှုများနှင့် မြေယာအမှုများသာရှိခဲ့သည်ဟု ဆိုထားခြင်းက ဖော်ပြနေပေသည်။

ထို့နောက် ရာဇကုမာရ်ကျောက်စာ ( မြန်မာဘာသာ) ကို အထူးလေ့လာတင်ပြထား၏။ မြန်မာစာသည် ပျူစာကို အခြေခံ၍ပေါ်ပေါက်ခဲ့ကြောင်း၊ ပုဂံသို့ မနူဟာမင်းနှင့် သထုံပညာရှင်များ ရောက်ပြီးမှ ပေါ်ပေါက်လာခြင်း မဟုတ်ကြောင်း၊ အကိုးအကားများနှင့် တင်ပြထားပေသည်။

မြစေတီကျောက်စာဟု အများသိကြသော ရာဇကုမာရ်ကျောက်စာ တစ်ခုတည်းတွင်သာ ပျူ၊ မြန်မာ၊ မွန်၊ ပါဠိ လေးဘာသာဖြင့်ရေးထိုးထားရာ၊ ထိုကျောက်စာများအပေါ် မြန်မာစာပေပညာရှင်၊ သမိုင်းပညာရှင်များ၏ ထင်မြင်သုံးသပ်ယူဆချက်များကိုလည်း၊ ဤအခန်းတွင် ဖတ်ရှုရပါသည်။ ဘာသာလေးရပ်မှ ခေတ်သုံးမြန်မာဘာသာသို့အသီးသီး ပြန်ဆိုခဲ့ကြသော ပညာရှင်အမည်များကိုလည်း ဖော်ပြထားပါသည်။

ရာဇကုမာရ်အား ကျန်စစ်သားမင်း၏ သားအဖြစ် လက်ခံထားသူများနှင့် လက်မခံသူများ ကွဲပြားခြားနားနေစေကာမူ၊ ရာဇကုမာရ်သည် အိမ်ရှေ့မင်း မဖြစ်ရမှုအတွက် မငြိုငြင်ပုံ၊ ကျန်စစ်သားအပေါ် ကျေးဇူးတုံ့ပြန်သည့် လေးစားအပ်သော စိတ်ဓာတ်ပိုင်ရှင်ဖြစ်ပုံကို ချီးကျူးဂုဏ်ပြုကြရာ၌ ပညာရှင်အားလုံး တစ်စိတ်တစ်သဘောတည်း ရှိကြောင်း ဤစာအုပ်တွင် တွေ့ရှိရပေသည်။

ထို့ပြင် ပုဂံခေတ် ဘုရား ပုထိုးများဆိုင်ရာ၊ ဗိသုကာပညာ၊ ကျွန်အမျိုးအစားများ၊ စဏ္ဍာလဟူသည် အဆင့်မြင့် မင်းခွန်ပေးရသော လူတန်းစားဖြစ်ကြောင်း၊ ပုဂံခေတ်ကျွန်စနစ်တွင် အတင်းအကျပ် စေခိုင်းနှိပ်စက်ခြင်းများ မရှိကြောင်း၊ ကျွန် (၁၅) မျိုးရှိကြောင်း သိမှတ်စရာများ ဝေဝေဖြာနေပါသည်။ ထို့ပြင် ပုဂံခေတ်ကျွန်စနစ်ထက် ဥရောပခေတ် ကျွန်စနစ်က များစွာဆိုးဝါးရက်စက်ခဲ့ကြောင်း ဖော်ပြထားပေသည်။

ထို့ကြောင့် မောင်ဖေငယ်၏ “ သမိုင်းနှင့် ဝိရောဓိဖြစ်ခြင်း” သည် ရာဇကုမာရ်အား ကျန်စစ်သားမင်း၏ သားတော်မဟုတ်ကြောင်း ဖော်ပြသည်ကလွဲ၍ ပုဂံခေတ်အထူးပြု သမိုင်းသုတေသနတစ်စောင်သာဖြစ်ပါသည်။ စင်စစ် မောင်ဖေငယ်သည် ပုဂံခေတ်ကို ဂုဏ်ဖော်ချီးမွမ်းပြထားခြင်းပင်ဖြစ်၏။ ပုဂံခေတ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ ဗြဟ္မစိုရ်တရားထွန်းကားခဲ့ကြောင်း မီးမောင်းထိုးပြထား၏။ ထိုကြောင့် ပုဂံသည် စေတီပုထိုးမြောက်မြားစွာ ကျန်ခဲ့ခြင်းနောက်ကွယ်တွင်၊ ခေတ်ရှေ့ပြေး တရားမျှတ ယဉ်ကျေးခဲ့ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မြင့်မားခဲ့ကြောင်း ပေါ်လွင်စေပါသည်။

သုတေသနဟူသည် သာမန် ဝတ္ထု ကဗျာ ဆောင်းပါးရေးခြင်းနှင့် မတူ၊ အရေးကြီးလှသော ကိစ္စရပ်ဖြစ်၏။ ထို့ကြောင့် စာအမှားကင်းရန် လိုအပ်လှပေသည်။ ဤစာအုပ်တွင် ပရုဖ် ဖတ်ခြင်း အားနည်းမှုကြောင့်မမှားသင့်သော စာလုံးပေါင်းအမှားများ အတော်များများ ပါဝင်နေခြင်းကား၊ တန်ဖိုးကြီးလှသော သုတေသနစာအုပ်အတွက် စိတ်ပျက်စရာကောင်းလှ၏။

ဥပမာ Proper name ဖြစ်ရမည့်အစား propen name ဟု ထပ်တလဲလဲ မှားယွင်းဖော်ပြခြင်း၊ ထုတ်ပြန်ပြဌာန်းထားသော ဥပဒေများ ( Legislation ) ကို Lrgislection ဟုဖော်ပြခြင်း၊ Church ကို Churl ဟုဖော်ပြခြင်း၊ Loan word ( မွေးစားဝေါဟာရ) ကို၊ Laon word ဟု ဖော်ပြထားခြင်းတို့သည်၊ ကွန်ပျူတာစာစီသူ၏ အင်္ဂလိပ်စာ အားနည်းမှုအပေါ် ပရုဖ်စာပြင်ခြင်း မရှိကြောင်းဖော်ပြနေပေသည်။

စာအုပ်၏ ရှေ့အခန်း ၂ ခန်းတွင် စာတချို့ထပ်တူထပ်မျှတူကာ၊ အကြောင်းအရာတစ်ခုတည်းကို ၂ ကြိမ်ဖော်ပြထား၏။ ဤသို့သော ချို့ယွင်းချက် အနည်းအကျဉ်းပါသည်ကလွဲ၍ တင်ပြချက်ခိုင်လုံသော သမိုင်းသုတေသနဆိုင်ရာ၊ ကျမ်းတစ်စောင်ဖြစ်ပါသည်။

မောင်ဖေငယ်သည် ကလောင်သက်မနုသော ကလောင်တစ်ချောင်းဖြစ်လင့်ကစား၊ ဒေါက်တာသန်းထွန်းကဲ့သို့၊ သမိုင်းသုတေသီအဖြစ် ရေပန်းစားသူ မဟုတ်ပါ။ ဤသို့သော ကလောင်၏ သုတေသနဆိုင်ရာ သမိုင်းစာအုပ်ကို ထုတ်ဝေပေးသော အဏ္ဏဝါစာပေတိုက်၏ ကျေးဇူးကား မသေးငယ်ပါ။

ဆရာမောင်ဖေငယ်သည် “ သမိုင်းနှင့် ဝိရောဓိဖြစ်ခြင်း” ကို ၁၉၆၅ ခုနှစ်ကပင် ရေးသားပြီးစီးသော် လည်း၊ စာဖတ်သူတို့လက်သို့ မြည်းစမ်းခွင့် ယခုမှ ( ၂၀၀၅) ပြုနိုင်ရှာ၏။ သမိုင်းသုတေသန ပညာရှင်ဒေါက်တာ သန်းထွန်း အသက်အရွယ်ကြီးရင့်လာချိန်တွင် မောင်ဖေငယ်ကဲ့သို့ သတ္တိပြောင်မြောက်သော၊ သမိုင်း အကိုးအကား အထောက်အထား ခိုင်ခိုင်မာမာနှင့် သုတေသန စကားပြောဝံ့သော သမိုင်းဆရာများ ထပ်မံပေါ်ပေါက်စေလိုပါသည်။ ဆရာမောင်ဖေငယ်ကို ကြိုဆိုပါ၏။ သမိုင်းသုတေသနများ ဆက်လက်တင်ပြနိုင်ပါစေဟု ဆန္ဒပြုပါ၏။

ခင်နှင်းဦး

(ဆရာမဒေါ်ခင်နှင်းဦး ၏ ခွင့်ပြုချက်အရ စာအုပ်လောက၊ စက်တင်ဘာ ၂၀၀၅ ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်)