【 ဆောင်းပါး 】ရှေးအခါက ပိုးလမ်းမကြီးဖြတ်သန်းရာ ကန်းစုပြည်နယ်

【 ဆောင်းပါး 】ရှေးအခါက ပိုးလမ်းမကြီးဖြတ်သန်းရာ ကန်းစုပြည်နယ်

ကန်းစု(Gan Su) ပြည်နယ်ဟာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အနောက်မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး ကုန်းတွင်းပိတ်ဒေသတစ်ခု ဖြစ်ပါတယ်။  တိဘက်ကုန်းပြင်မြင့်နှင့် ဟွမ်းထူကုန်းပြင် မြင့်များအကြားတွင်တည်ရှိပြီး မြောက်ဘက်တွင် မွန်ဂိုလီးယားနိုင်ငံ၊ အတွင်းမွန်ဂိုလီးယားပြည်နယ်၊ နင်ရှပြည်နယ်၊ အနောက်ဘက်တွင် ရှင်းကျန်းပြည်နယ်၊ ချင်းဟိုင်ပြည်နယ်၊ တောင်ဘက်တွင် စစ်ချွမ်းပြည်နယ်၊ အရှေ့ဘက်တွင် ရှန်းရှီးပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။  မြစ်ဝါမြစ်ကတော့ ကန်းစုပြည်နယ်တောင်ပိုင်းကို ဖြတ်သန်းစီးဆင်းသွားတာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် စာရင်းအရ ကန်းစုပြည်နယ်တွင် လူဦးရေ ၂၉ သန်းကျော်ရှိပြီး ဟွေလူမျိုးများနေထိုင်ရာ ဒေသတစ်ခု ဖြစ်ပါတယ်။  ကန်းစုပြည်နယ်တောင်ပိုင်းဒေသများတွင် တိဘက်လူမျိုးများ နေထိုင်ကြပြီး မြို့တော်မှာ လန်ကျိုးမြို့ဖြစ်ကာ ပြည်နယ်ရဲ့အရှေ့တောင်ဘက်တွင် တည်ရှိပါတယ်။

တရုတ်နိုင်ငံထဲမှာရှိတဲ့ ကန်းစု(Gan Su) ပြည်နယ်ဟာ ရှေးအခါက ပိုးလမ်းမကြီးဖြတ်သန်းရာနေရာဖြစ်ပြီး ယခုအချိန်မှာတော့ ထူးခြားလှသော ယဉ်ကျေးမှုအကြွင်းအကျန်များစွာ ကျန်ရှိနေတဲ့ဒေသတစ်ခု ဖြစ်ပါ တယ်။ကန်းစုပြည်နယ်တွင် မိုင်သုံးထောင်ရှည်လျားသော ပိုးလမ်းမကြီးနှင့် နှစ်ပေါင်းရှစ်ထောင်ကျော် ကြာမြင့်နေပြီဖြစ်သော တရုတ်ယဉ်ကျေးမှုကို လေ့လာခံစားနိုင်တဲ့နေရာတွေများစွာ တည်ရှိပါတယ်။

ကန်းစု ပြည်နယ်သည် ကုန်းပြင်မြင့်ထက်တွင် စီခြယ်မြှုပ်နှံထားသော အဖိုးတန် ကျောက်မျက်ရတနာ တစ်ပါးနဲ့ တူတယ်လို့ တင်စားမှုတွေလည်းရှိပါတယ်။ ထို့အတူ နတ်တို့ဖန်တီးထားသော တစ်မူထူးခြားသည့် မြေမျက်နှာသွင်ပြင်နှင့် ခမ်းနားတောက်ပသော သမိုင်းယဉ်ကျေးမှုများကို ပိုင်ဆိုင်ထားသောနေရာဖြစ်တယ်လို့ လည်း တင်စားကြပါသေးတယ်။

ဒီဒေသမှာ အခုလက်ရှိအချိန်ထိ တည်ရှိနေသော သမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ နေရာအများအပြားလည်း ရှိပါတယ်။  ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် Dunhuang ရှိ Mogao လိုဏ်ဂူများသည် ၎င်းတို့၏ ရှေးဟောင်း ဗုဒ္ဓဘာသာ အနုပညာနှင့် ပန်းချီကားများကြောင့် ကျော်ကြားလှပါတယ်။

အခြားထင်ရှားသောနေရာများတွင် ကမ္ဘာပေါ်ရှိအခန့်ညားဆုံးသော တောင်ကြားဂိတ်ဝလို့ ခေါ်ဆိုတဲ့ Jiayuguan မဟာတံတိုင်းကြီးလည်း ရှိပါတယ်။

နောက်ပြီး တိဗက်ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီး (၆)ကျောင်းအနက် တစ်ကျောင်းဖြစ်သော Labuleng ဘုရား ကျောင်း (Labrang Monastery) တို့လို ခရီးသွားဧည့်သည်တွေ အကြိုက်တွေ့စေမယ့် ရှေးဟောင်းအမွေ အနှစ်နေရာများနှင့် ရှုခင်းသာနေရာများစွာလည်း ရှိနေပါတယ်။

ကန်းစုပြည်နယ်သို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်တိုင်းသည် ကြီးမားကျယ်ပြောလှပသော သဲကန္တာရပြင်ကြီးကို လာရောက်ကြည့်ရှုခံစားနိုင်ပြီး အမြင့်ဆုံးနေရာသို့ တက်ရောက်၍ အဆက်မပြတ် နိမ့်ချည်မြင့်ချည်ဖြစ်နေသော မိုင်ထောင်ချီကျယ်ဝန်းသည့် သဲသောင်ပြင်ပင်လယ်နှင့် နေရာအနှံ့ ပြန့်ကျဲနေသော ရေကန်များကို တွေ့မြင်ခံစားနိုင်မှာဖြစ်ပါတယ်။

တစ်ခါတစ်ရံ နားထဲတွင် ကြည်လင်ပြတ်သားစွာကြားရတဲ့  ကုလားအုတ်ချူသံများကိုလည်း ခံစားနိုင်မှာ ဖြစ်ပြီး ကန်းစုပြည်နယ်တွင် အံ့မခန်းဖွယ် Danxia landform (မတ်စောက်သောချောက်ကမ်းပါးများရှိသည့် အနီရောင် မြေမျက်နှာသွင်ပြင်)လည်းရှိပြီး ကမ္ဘာတစ်ဝန်းရှိ မေ့မရနိုင်ဆုံးသော ရှုခင်းနေရာများထဲမှ တစ်ခုအဖြစ် ခေါ်ဝေါ် ကြပါတယ်။

ဒါ့အပြင် ရောင်စဉ်ခုနစ်သွယ် Danxia landform သည် အနီရင့်‌ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင်၊ မီးခိုးနက်ရောင်၊ မီးခိုးဖြူရောင် အစရှိသည့် တောက်ပသောအရောင်များဖြင့် လှိုင်းလုံးကြီးသဖွယ် နိမ့်ချည် မြင့်ချည်ဖြစ်နေကာ တောက်ပဝင်းလက်နေတဲ့ သဘာဝအလှတရားတွေလည်း တည်ရှိနေတဲ့ဒေသဖြစ်ပါတယ်။

ကန်းစုပြည်နယ်တွင် သမိုင်းအရှည်ကြာဆုံး မြင်းပြိုင်ကွင်းရှိပြီး "ပိုးလမ်းမကြီး၏ မြစိမ်းရောင်ကျောက်မျက်ရတနာ"ဟု တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီနေရာမှာတော့ စိမ်းစိုနေသော မြစိမ်းရောင် မြက်ခင်းကြီးများ၊ ထောင်သောင်းချီသောမြင်းများ ပြေးလွှားခုန်ပေါက်နေသော ရင်ခုန်စိတ်လှုပ်ရှားစေသည့်မြင်ကွင်း၊ ကြီးကျယ်ခမ်းနားလှသော ရှေးဟောင်းမြို့နေရပ်အကြွင်းများနှင့် ရိုးရှင်းသော တိုင်းရင်းသားရိုးရာ ဓလေ့ထုံးစံများမှာလည်း ခရီးသွား တွေအတွက် လာရောက်ကြည့်ရှုရကျိုးနပ်စေမယ့်နေရာတွေ ဖြစ်ပါတယ်။ 

အရေးပါသော သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များစွာရှိနေတဲ့ ကန်းစုပြည်နယ်မှာ မိုင်သုံးထောင် ရှည်လျားသော ပိုးလမ်းမကြီးနှင့် နှစ်ပေါင်းရှစ်ထောင်ကျော်သော တရုတ်ယဉ်ကျေးမှုများ၊ ကြွယ်ဝသော ခရီး သွားအရင်းအမြစ်၊ ပိုးလမ်းမကြီးယဉ်ကျေးမှု၊ မြစ်ဝါမြစ်ယဉ်ကျေးမှု၊ တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများကြောင့်  ခရီးသွား ဧည့်သည်များအတွက် အဖိုးတန်နေရာတစ်ခုပဲ ဖြစ်ပါတယ်။

ခန့်မောင်