【 ဆောင်းပါး 】မြန်မာလူငယ်တွေကြား နေရာယူလာတဲ့ တရုတ်ရိုးရာအစားအစာ မာလာရှမ်းကော

【 ဆောင်းပါး 】မြန်မာလူငယ်တွေကြား နေရာယူလာတဲ့ တရုတ်ရိုးရာအစားအစာ မာလာရှမ်းကော 

မြန်မာလူငယ်တွေကြားထဲ အခုနောက်ပိုင်းခေတ်စားလာတဲ့ အစားအစာတစ်မျိုးရှိပါတယ်။ အဲတာကတော့ တရုတ် အစားအစာတစ်မျိုးဖြစ်တဲ့ မာလာရှမ်းကော (Mala Xiang Guo) ပါ ။

သူငယ်ချင်းတွေ ဆုံလိုက်တိုင်း "ဟဲ့ ငါတို့ မာလာရှမ်းကော သွားစားရအောင်၊ ငါ မာလာရှမ်းကော ကောင်းတဲ့ဆိုင် တွေ့ထားတယ်" လို့ မြန်မာလူငယ်တွေ ပြောလေ့ရှိကြတာ မကြာခဏကြားဖူးကြမယ် ထင်ပါတယ်။လူငယ်စုံတွဲလေးတွေမှာလည်း ကောင်မလေးက ကောင်လေးကို မာလာရှမ်းကောဆိုတဲ့ အစားအစာကို ဝယ်ကျွေးဖို့ လူမှုကွန်ရက် Facebook ပေါ် ပို့စ်တင်ပူဆာတာတွေကိုလည်း မကြာခဏတွေ့ဖူးကြပါလိမ့်မယ်၊ အဲတာနဲ့ မြန်မာလူငယ်တွေရဲ့ ရင်ထဲကို အရှိန်အဟုန်နဲ့ ဝင်ရောက်နေရာယူလာတဲ့ မာလာရှမ်းကောအကြောင်းကိုရေးသားဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

မာလာရှမ်းကောကို 'အစပ်နဲ့ အထုံ အရသာတွေကို ရောမွှေပြီး ကြော်ထားတဲ့ အစားအစာ' လို့ လူသိများပါတယ်။ တရုတ်နိုင်ငံအတွင်း ချုံကင်းဒေသကနေ ပေါက်ဖွားလာတဲ့ တရုတ်ရိုးရာအစားအစာတစ်မျိုးဖြစ်တယ်လို့လည်း မှတ်သားရပါတယ်။

မာလာရှမ်းကော ပေါ်ပေါက်လာတဲ့ အချိန်ကာလကို လိုက်လံခြေရာခံကြည့်တဲ့အခါမှာ ၁၉ ရာစုနှောင်းပိုင်းလောက်မှာ မှတ်တမ်းမှတ်ရာတွေကို ‌တွေ့ရှိခဲ့ပါတယ်။အဲဒီအချိန်ကတော့ တရုတ်ပြည်မှာ ချင်းမင်းဆက် အုပ်စိုးနေချိန်ပါ။ ကျွန်တော်တို့က တရုတ်နိုင်ငံကို အေးတဲ့ ရာသီဥတုရှိတယ်လို့ သိကြပေမယ့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ချုံကင်းဒေသကတော့ မြန်မာနိုင်ငံလိုပဲ ပူ‌နွေးစိုစွတ်တဲ့ ရာသီဥတုရှိပါတယ်။ရာသီဥတုပူတဲ့အတွက် လူတွေဟာ အစားအသောက် စားသုံးချင်စိတ် လျော့ကျနေတာကြောင့် လျှာကိုအရသာခံနိုင်စေဖို့နဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်နိုင်ဖို့ ချုံကင်းသားတွေဟာ စပ်တဲ့ ထုံတဲ့ အရသာတွေ ပေါင်းစပ်ထားတဲ့ ဟင်းလျာတစ်မျိုးကို တီထွင်ခဲ့ကြပါတယ်။ဒီဟင်းလျာဟာ လက်ရှိအချိန်မှာ မာလာရှမ်းကောလို့ ကမ္ဘာကျော်စေမယ့် တရုတ်ရိုးရာအစားအစာရဲ့ အဦးအစဖြစ်ပါတယ်။

'မာလာ' ဆိုတဲ့ စာသားရဲ့ အဓိပ္ပာယ်ကတော့ 'အရသာများနဲ့ ခံစားချက်တွေကို ပေါင်းစပ်ထားမှု' လို့ ရည်ညွှန်းထားတာဖြစ်ပါတယ်။အခြားသော တရုတ်ရိုးရာအစားအစာတွေဖြစ်တဲ့ မာလာမောက်ချိုက်၊ မာလာငါးကင်နဲ့ မာလာတုတ်ထိုးတို့ဟာ စပ်တဲ့ထုံတဲ့ အရသာတွေဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းမှာလည်း ခေတ်စားလျက်ရှိပါတယ်။ ဒီ အစားအစာတွေကို နောင်များမှ အလျဉ်းသင့်သလို ဆက်လက်ဖော်ပြပေးသွားပါမယ်။

မာလာရှမ်းကော (သို့) ချုံကင်းဟင်းလျာကို လွှမ်းမိုးမှုကြီးမားခဲ့တဲ့ ဟင်းလျာကတော့ တရုတ်ရိုးရာ ကမ္ဘာကျော် စီချွမ်ဟင်းလျာဖြစ်ပါတယ်။စီချွမ်ဟင်းလျာဟာ အနံ့အရသာစုံလင်ပြီး ပြီးပြည့်စုံတဲ့ ဟင်းလျာဖြစ်ပါတယ်။ မာလာရှမ်းကောမှာပါဝင်တဲ့ မာလာအရည်ကိုလည်း နာမည်ကျော် စီချွမ်ငရုတ်ကောင်း၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ထားတာဖြစ်ပါတယ်။

 ချုံကင်းဒေသကနေ ဖန်တီးခဲ့တဲ့ ဟင်းလျာဟာ တစ်မုဟုတ်ချင်းဆိုသလို နာမည်ကြီးသွားပြီး တရုတ်နိုင်ငံတွင်း အခြားသောဒေသတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။‌အနယ်နယ်အရပ်ရပ်က ဒေသခံလမ်းဘေးဈေးသည်တွေဟာ ချုံကင်း ဟင်းလျာကို မိမိတို့ဒေသ ဒေသခံတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် လမ်းဘေးအစားအစာအဖြစ် ပြုလုပ်ရောင်းချခဲ့ကြပါတယ်။ချုံကင်းဟင်းလျာမှာ ပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဟာ ပုံသေမရှိဘဲ ရောင်းချသူအလိုကျ ပြုပြင်ပြောင်းလဲနိုင်တာကြောင့် နာမည်ကျော်ကြားပြီး လူကြိုက်များလာခဲ့ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာလည်း လူငယ်တွေဟာ ဟင်းခတ်အမွှေးအကြိုင်အသုံးပြုတာ ပိုမိုကောင်းမွန်တဲ့ မာလာရှမ်းကော‌ဆိုင်တွေကို တကူးတက ရွေးချယ်စားသောက်ကြသလို၊ လူငယ်တွေအချင်းချင်း စားကောင်းတဲ့ဆိုင်တွေကို ညွှန်းဆိုပေးကြတာကိုလည်း မြင်တွေ့ရပါတယ်။

မကြာသေးမီနှစ်တွေမှာတော့ တရုတ်ရိုးရာအစားအစာ မာလာရှမ်းကောဟာ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး၊ ကမ္ဘာကျော်အစားအစာတစ်မျိုးဖြစ်လာခဲ့ပါတယ်။ကမ္ဘာတစ်ဝှမ်းက စားသောက်ဆိုင်တွေရဲ့ Menu မှာလည်း မာလာရှမ်းကောဟာ နေရာဝင်ရောက်ယူလာခဲ့ပါတယ်။မာလာရှမ်းကောရဲ့ စပ်တဲ့ ထုံတဲ့ အရသာကို အချိုးကျစွာ ပေါင်းစပ်ထားမှုနဲ့ တရုတ်ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေက စွဲမက်ဖွယ်အရသာကိုဖြစ်ပေါ်စေပြီး၊ အစားအစာ နှစ်သက်သူတွေကို စွဲစွဲမက်မက် နှစ်သက်စေခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ မာလာရှမ်းကောအစားအစာဟာ မူကွဲပုံစံသစ်တွေ ပေါ်ပေါက်နေပါပြီ။စားသုံးသူအနေနဲ့ မတူညီတဲ့ အရသာတွေကို ရွေးချယ်နိုင်သလို၊ ကြိုက်နှစ်သက်ရာ အသားအမျိုးမျိုး၊ ပင်လယ်စာတွေနဲ့ အသီးအရွက်တွေ ပေါင်းစပ်ပြီးလည်း မှာယူစားသုံးလို့ရပြီဖြစ်ပါတယ်။မာလာရှမ်းကောမှာ ကွဲပြားမှုတွေရှိနေပေမယ့် စတင်ပေါက်ဖွားလာတဲ့ အစပ်နဲ့ အထုံ အရသာပေါင်းစပ်မှုကတော့ မပြောင်းလဲဘဲ တရုတ်ရိုးရာ ချုံကင်းဟင်းလျာရဲ့ အဓိကအရသာတွေအဖြစ် ဆက်လက်ပါဝင်နေပါတော့တယ်။

မိုးသီဟန်