【 ဆောင်းပါး 】ဘတ်စ်ကားစီး စွန့်စားခန်း

【 ဆောင်းပါး  】ဘတ်စ်ကားစီး စွန့်စားခန်း 

မိုးတွင်းသွားရလာရသည်မှာမလွယ်။အသက်လေးထောက်လာတော့ ယခင်ကလို စိတ်သွားတိုင်း ကိုယ်မပါတော့။ ယခင်ကဆို မနက်တိုင်း လမ်းလျှောက်လေ့ရှိသည်။ မနက်ပိုင်းတစ်ဖြတ် ကျူရှင်သွားပြရမည့် နေ့များဆို စောစောထပြီး လမ်းတစ်မှတ်တိုင် နှစ်မှတ်တိုင် ကျနော်လျှောက်သည်။ တစ်ခါတစ်ရံ အိမ်သူပါသည်။ တစ်ခါတစ်ရံ လမ်းထဲက မိတ်ဆွေ တစ်ယောက်စနှစ်ယောက်စနှင့်။ ကျနော်လမ်းလျှောက်သည့်အခါတိုင်း ကားလမ်းကို ဘယ်တော့မှ ကျောပေးပြီး လျှောက်လေ့တော့မရှိ။ မျက်နှာချင်းဆိုင်ကာ လျှောက်လေ့ရှိသည်။ မတော်တဆ ကားဖြတ်ဝင်လာတာ၊ အရှိန်မထိန်းနိုင်တာ ဖြစ်ပါက ကြိုတင်ရှောင်နိုင်ရန် ဖြစ်သည်။

ကိုဗစ်တွေဖြစ် ၊ ကျူရှင်စာသင်တာတွေ နားရသည့်အခါ လမ်းလျှောက်ခြင်းက ပုံမှန်ဖြစ်လာသည်။ အစောပိုင်းကာလတွင်တော့ ကားလမ်းများတွင် ကူးစက်ရောဂါကြောင့် သွားတာလာတာနည်းပါးသည်။ ယခုနောက်ပိုင်းတော့ အရင်ကလောက်မများသော်လည်း  လိုင်းကားတွေ ပြန်ထွက်လာသည်။လိုင်းကားဆိုတော့ လိုင်းကား ထုံးစံအတိုင်း မောင်းကြနှင်ကြသည်မှာ အကြမ်းပတမ်း။ဒီတော့ ကားလမ်းမပေါ်မှာလမ်းလျှောက်ရတာ အန္တရာယ်နှင့် လက်တကမ်း ဖြစ်နေသဖြင့် ကားလမ်းမပေါ်က မလျှောက်ဖြစ်တော့။ ရပ်ကွက်အတွင်း လမ်းမများကိုသာ လှည့်ပြောင်းပြီး လမ်းလျှောက်ဖြစ်သည်။ လိုင်းကားများကိုကြည့်ရင်း အရင်လိုမဟုတ်တော့ဘဲ ယခင်ခေတ်အတိုင်း ပြန်ဖြစ်နေတာကိုမြင်ရသည်။

တစ်ရက်ကျတော့ အိမ်တွင် မီးပြတ်ပါက ထွန်းသည့် LED မီးအိမ်ပျက်သွားသဖြင့် ဝယ်ရန် ကိစ္စပေါ်လာသည်။ ထိုမီးသီးမျိုးက ရပ်ကွက်အတွင်းဝယ်လို့ရနိုင်သော်လည်း ယခင်ဝယ်ခဲ့စဉ်က မြို့ထဲကဝယ်လာတာဖြစ်သဖြင့် ထိုအရည်အသွေးမျိုး၊ ထိုအသုံးခံမှုမျိုးကို ရပ်ကွက်တွင်းကဆိုင်မှာ ရဖို့က  မသေချာ။ ပြီးတော့ ခုနောက်ပိုင်း တံဆိပ်တွေကလည်း စုံကာ မတူကြသဖြင့် မရောက်တာကြာသည့် မြို့ထဲမှာ LED မီးအိမ်ဝယ်ရန်နံနက်စောစော  ထွက်ခဲ့သည်။ တကယ်က နေ့လယ်မှထွက်လျှင် ရသည်မှန်သော်လည်း  နေ့လယ်ဆို ပြန်လာရတာနှင့် ညနေဘက် ရောက်သွားပါက အခက်တွေ့နိုင်သဖြင့် မနက်ဘက် ထွက်ဖြစ်ခြင်းဖြစ်သည်။  

မှတ်တိုင်မှာ ကားစီးဖို့ လိုင်းကားစောင့်ကတည်းက အရင်ကလို မဟုတ်တော့တာကို တွေ့ရသည်။ မှတ်တိုင်ကလည်း အကွဲအပြဲနှင့်။ စီးမည့် ခရီးသည်တွေက အတော်များသည်။ ကားဆက်ကလည်း ကြဲသည်။ ကား စောင့်သူအတော်များများတွင် မျက်နှာဖုံး mask တပ်ထားသည်ကိုမတွေ့ရ။ လိုင်းကားတစ်စီးလာလေတိုင်း  တက်လို့ရဖို့ နေနေသာသာ အချသာရှိပြီး အတက်ကမလွယ်။ ကားကျပ်လူကျပ်နှင့် ဟိုကားမချောင်နှင့် ဒီကား မရပ်နှင့်  နာရီဝက်ခန့် မှတ်တိုင်မှာ ကြာနေသည်။ လာသမျှလိုင်းကားတွေကလည်း ယခင်တုန်းကလို မဟုတ်။ စုတ်ပြတ်နေတာတွေ တွေ့နေရသည်။ ကားက အလာကျဲ၊ ရုံးတက်ချိန်လည်း ဖြစ်နေသဖြင့် ဒီထပ်စောင့်နေရပါက ရောက်နိုင်မည် မဟုတ်တွေးကာ ဒီတစ်ခါဘာကားလာလာ လာသည့်ကားတက်မည့် နှလုံးသွင်းပြီး ရောက်လာသည့်ကားကို ရအောင်တက်သည်။ ကားပေါ်မရောက်ခင် အတက်မှာကတည်းက ဒရိုင်ဘာဘေး မှာထိုင်နေသည့် တက်တူးတွေ နှင့် လူက ကားခလှမ်းယူသည်။ ကိုယ်က ကားခ ၂၀၀ ပေးတော့ တစ်ယောက်၃၀၀ ဟုပြောသည်။ တခြားသူတွေ လည်း ၃၀၀ ပေးနေကြသဖြင့် ကိုတစ်ယောက်တည်းမနေသာတော့ သူတောင်းသည့်အတိုင်း  ၃၀၀ ပြည့်အောင် တစ်ရာထပ်ပေးလိုက်ရသည်။

ဒါတောင် တက်တူးဆရာက ခပ်မာမာလေသံဖြင့် “အ၀မှာ မရပ်နဲ့၊တခြားသူတက်ဦးမှာ အထဲကိုတိုး၊ နည်းနည်းလေး အားလည်းစိုက်ဦး”ဟု ။ဘယ်သူကို ငေါက်မှန်းမသိပေမယ့်  ယခင်ခေတ်ကတည်းက  လိုင်းကား ပေါင်းစုံ စပယ်ယာပေါင်းစုံနှင့် ဖန်တရာတေအောင်ကြုံခဲ့ရသူ ဖြစ်သဖြင့် ဒါငါ့ကို ငေါက်တာဟု အတပ်သိသည်။ထို့ ကြောင့် စကားနဲရန်စဲ အောင့်သက်သက်ဖြင့် အထဲရအောင်တိုးရသည်။ ထိုသို့တိုးသည့်အခါ အင်္ကျီအိတ်ထဲထည့် လာသည့် ပိုက်ဆံ ခါးပိုက်နှိုက်လက်ချက်မမိအောင် လွယ်ထားသည့် အိတ်ကို ရင်ဘတ်ရှေ့ ပိုက်ပြီး လက်တစ် ဘက်က တန်းကိုကိုင်ပြီး တိုးရသဖြင့် ဘေးက ခရီးသည်တွေကို တိုးမိတွန်းမိသည်။ အိတ်ထဲတွင် စာရွက်များနှင့် ထီးတစ်ချောင်းပါသဖြင့် ခပ်မာမာ ဖြစ်ကာ တိုက်မိ တိုးမိသည့် သူတွေက  ဘုကြည့် ကြည့်ကြသလို တချို့ကတော့ ဖုန်းကြည့်နေသဖြင့် ကိုယ်တိုးမိတာလည်း ဂရုစိုက်ဟန်မတူ။

တချို့ကတော့ လူချင်းပူးသည်နှင့် ကိုယ့်ကို ခါးပိုက်နှိုက်အဖိုးကြီးထင်သလားမသိ။ အိတ်တွေကို ဖိထား သလို အရှေ့ဘက် ပို့လိုက်တာလည်းရှိသည်။ ကားပေါ်ပါသည် လူငယ်ကနေ လူရွယ်လူကြီးထိ ကျပ်ညှပ်သပ် နေ သည့်လိုင်းကားထဲ ကိုယ်လုံခြုံရေး ကိုယ်ယူနေရသည့် အနေအထား။ ကျနော်လည်း ဘာထူးသလဲ။ ကိုယ်ဆီက မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးတစ်သောင်း ပါသွားမှာ စိုးသဖြင့် ပတ်ဝန်းကျင်ကို ကျီးကြည့်တောင်ကြည့်။ ကားသမားက တက်ကတည်းက လှမ်းအော်ထားတာရှိသည်။ “ ကိုယ်ပစ္စည်းကိုယ်ဂရုစိုက်၊ပါသွားရင် ရေစက်သာချ၊ကားကို ရဲစခန်း မောင်းပေးမှာ မဟုတ်ဘူး” ဟု။ 

ကားက စတက်ပြီးကတည်းကမောင်းလိုက်သည်မှာ ကားပေါ်မှာ လူကျပ်ညှပ်နေတာ ထပ်တင်လို့ရအောင် ဆောင့်ဆောင့်ထည့်သလိုပင်။ ကားပေါ် ယိမ်းထိုးနေရသည်။ လူများသဖြင့်သာတော်တော့သည်။ လူနည်းသည်ဆို ဒီလိုမောင်းပုံ၊ဘရိတ်အုပ်ပုံနှင့် သက်သာမည် မထင်။ အမောင်းကောင်းသဖြင့်  ဆင်းရမည့် မှတ်တိုင်ကျော်သွားသည့် ခရီးသည်က ထအော်သည်။  ကားဒရိုင်ဘာက “ ရှေ့မှတ်တိုင်မှ ဆင်း ၊ ကားချင်းဖိုက်လာတာမမြင်ဘူးလား။ ဟေ့ရောင် ..အဲခရီးသည် ကားခပြန်ပေးလိုက်”ဟု ပြန်အော်သည်။ ခရီးသည်က ဆင်းရင်း မအေနှင့် ကိုင်တုပ်သည်။ ကားပေါ်ပါလာသည့်တက်တူးနှင့် လူက ဆင်းထိုးမယ်လုပ်သည်။ ထိုနေရာတွင် ခဏကြာသွားသည်။ ကျနော်ဘက်က လမ်းမဘက်ရပ်နေတာဖြစ်သဖြင့် မှတ်တိုင်ဘေးဖြစ်တာ မမြင်ရ၊ ကြားဘဲ ကြားရသည်။

ကားပေါ် ပြန်တက်လာတော့ ကားသမားက တက်တူးသမားကို “မင်းတီးလိုက်ရမှာ ၊ခွေးမသား အပေါ်ကတည်းက ပြောရင် အသေလုပ်တယ်”ဟုပြောရင်း ကားထဲကို “ဆင်းမယ်သူတွေ အခုထဲက မှတ်တိုင်ပါရင် ကြိုအော်၊ ဘဲလ်တီးလို့ မကြားရရင် မရပ်ပေးဘူး။ နောက်မှ အဆိုးမဆိုနဲ့”ဟု လှမ်းအော်သည်။ ကျနော်မှာ ကားစီးရတာ ဘုရားတနေရပါလားဟု စိတ်မသက်မသာဖြစ်မိသည်။ ပြီးခဲ့သည့်နှစ်တွေက လိုင်းကားပေါ် အဲကွန်းလေးနှင့် လူလိုသူလို စီးရတာ အိပ်မက်ပမာ။ ယခု ကားစီးရတာ ခုပ်ကုပ်ကုပ် ကြောက်ကြောက်ရွံ့ရွံ့နှင့် စီးနေရသည်။ ကားသမားလည်းကြောက်ရ၊ ကားသမားခေါ်လာသည့်လူမိုက်လည်းကြောက်ရ။နောက် ကားထဲ ပါလာနိုင်သည့် ခါးပိုက်နိုက်လူမိုက်အဖွဲ့ကိုလည်း ကြောက်ရနှင့်။ ကားဘယ်လိုမောင်းလာသလဲမသိ။သခင်မြပန်းခြံရောက်သည်နှင့် ခပ် မြန်မြန်ဆင်းရသည်။ ဒါတောင် ကားပေါ်ကအဆင်း ကားပြန်ထွက်သဖြင့် မလဲတာ အတော်ကံကောင်းပင်။

ကျနော်ထိုကားနံပါတ်ကို အသေအချာမှတ်သည်။တစ်ခုခုလုပ်ဖို့ တိုင်ဖို့ တောဖို့တော့မဟုတ်။ အပြန်ထိုကားကို ပြန်စီးမိမှာ စိုးသဖြင့်ပင်။ သခင်မြပန်းခြံကနေ ၅၇ ကို ပြန်စီးသည်။ ကားပေါ်မှာ လူကအကျပ်။ သို့သော် လာတုန်းက ကားထက်ပိုကောင်းပြီး စပယ်ယာလို ကောင်မပါသဖြင့် တော်သေးသည်။ မြို့ထဲရောက်တော့ လာတိုင်း ထိုင်နေကြဆိုင်တွင် ထိုင်ရင်း ပြန်စဉ်းစားမိသည်။ ကားစီးရတာ အတော်လေးအန္တရာယ်များပါလားဟု။ အလာတုန်းကလို အပြန်တွင် မစီးဘဲ တခြားဘက်ကနေ လှည့်စီးလို့ရသေးလားဟု တွေးမိသည်အထိ ကားစီးရမှာကို ကြောက်နေမိသည်။ အထူးသဖြင့် လှုပ်လို့မရအောင် ကျပ်နေသည့်လူထဲ တစ်နာရီကျော်ကြာ မတ်တပ်ရပ်နေရခြင်းက ကျနော်အတွက် ထိတ်လန့်စရာ။ဒီကြားထဲ မိုက်ကန်းကန်းလူတွေ ကိုယ်နားကပ်လာသည့်အခါ ငါ့ဘာလုပ်မလဲဟု စိုးရိမ်နေရသည့်အခါ၊ ကားအတက်အဆင်း အသက်အရွယ်ကြောင့် မြန်မြန်သွက်သွက်မဆင်းနိုင်သည့်အခါ  ကားပေါ်က ပြုတ်ကျမှာကို စိုးရိမ်မိတာ။ ဒါတွေ တွေးပြီး ပြန်ရမည်ကိုပင် ကြောက်နေမိသည်။

ထို့ကြောင့် မြန်မြန်ဝယ်စရာရှိတာဝယ်ပြီး အိမ်သို့ စောစောပြန်သည်။ အပြန်တွင် နေ့လယ် ဖြစ်ပြီး ဂိတ်စကနေ စီးရသဖြင့် နေရာရသည်။ဒါတောင် ယခင်လို မိနစ်ခြားတစ်စီလွှတ်တာမဟုတ်ဘဲ လူပြည့်မှ လွှတ်သဖြင့် ကားထွက်ဖို့ အတော်လေး စောင့်လိုက်ရသေးသည်။ အိမ်ရောက်တော့ ထိုအကြောင်းတွေ အိမ်သူကိုပြောပြသည့် အခါ အိမ်သူက ဖြစ်တာနည်းတောင်နည်းသေး ၊ဒီမှာ ဝယ်လို့ရရဲ့သားနဲ့ တော်ခြေရှည်တာ ခံပေါ့”ဟု။

လိုင်းကား ထိုတစ်ခါစီးလိုက်ပြီးကတည်းက မှတ်သွားသည်။ နောက်အခါ လိုင်းကားမစီးရန်နှင့် စီးပါက လူကျပ်သည့်အချိန်ကိုရှောင်ရန်ပင်။ ယခုအခါ  လမ်းပေါ်တွင် ကားများဘယ်လောက် ဗရမ်းဗတာ မောင်းနေသည်ကို ကိုယ်တိုင်ကိုယ်ကျ သိသွားပြီ ဖြစ်သည်။ ထိုအသိကြောင့် နောင်တွင် မနက်လမ်းလျှောက်သည့်အခါ လမ်းမကြီးဘက် လျှောက်ရန် ယောင်ပြီး ခြေဦးတောင်မလှည့်တော့။         

မောင်ဦးလွင်