【 ဆောင်းပါး 】ဖျပ်ခနဲ စိမ်း

【 ဆောင်းပါး 】ဖျပ်ခနဲ စိမ်း

၂၀၁၅ခုနှစ်လောက်တုန်းက ထင်တယ်။ကျနော့်မိတ်ဆွေ စာရေးကြီး ရန်ကုန်မြို့ကို ပေါက်ချလာ တယ်။သူက ရန်ကုန်တိုင်း၊ကျောက်တန်းမြို့၊တံတားမြို့နယ်ခွဲဇာတိ။မိဘက ကြွယ်ဝပြီး သူကလောဘမရှိ တာမို့ နားအေးပါးအေးစာရေးကြီးဘဝနဲ့ အရိုးထုတ်နေတဲ့သူ။သူ့မိဘစီးပွားရေးအားလုံးကို သူ့ညီကဦးဆောင် နေတာမို့ သူက ယောင်ဝါးဝါး မျက်နှာပြအဆင့်လောက်နဲ့ ဘဝကိုပျော်သလို ခရီးဆက်နေသူ။

သူက စာလေးပေလေးလည်း စိတ်ဝင်စားတာမို့ ကျနော်တို့လောကသားတွေနဲ့ ကျွမ်းဝင်ချင်။အခု လည်း စိတ်ကူးချိုချိုစာအုပ်ဈေးပွဲတော်လာချင်တယ်ဆိုပြီး ကျနော့်ကိုချိန်းဆိုကာ တံတားမြို့ကနေ ရောက် လာခဲ့တာ။

ဒီတစ်ခေါက်ကျမှ ထူးထူးခြားခြား စာရေးကြီးက သူ့အိမ်ကကားတွေဘာတွေနဲ့ စမတ်ကျကျ ရောက် လာခဲ့တယ်။

‘ဒါက ကျနော့်ဘော်ဒါ။ရန်ကုန်ကိုကားအော်ဒါလိုက်နေကျမို့ ဒီကောင့်ကို ကားလိုက်မောင်းဖို့ငှားခဲ့တာ’ တဲ့။

အရင်က တံတားမြို့မှာဆို ဆိုင်ကယ်သာစီးပြီး ဆယ်ခါ့တစ်ခါ ရန်ကုန်လာဖြစ်တိုင်း လိုင်းကားသာစီး လေ့ရှိတဲ့စာရေးကြီးက အခုသူ့အိမ်ကကားနဲ့ ရန်ကုန်တက်လာတာဆိုတော့ ဘယ်လိုအကြောင်းကြောင့် ကား ယူလာရတာလဲလို့ မေးမိတယ်။

‘ကိုယ့်ဆဆရာကလည်း အခုတံတားအသစ်ဖွင့်လိုက်ပြီလေ။အခုတံတားနဲ့ရန်ကုန်က သုံးခွနဲ့ရန်ကုန် ထက်တောင် နီးသွားပြီ။ဒါနဲ့ တံတားသစ်ကနေ စနည်းနာချင်လို့ ကားယူလာပြီး ရန်ကုန်လာတာ’တဲ့။

ပြီးတော့ စာရေးကြီးက အိုင်တီလည်း နည်းနည်းကျွမ်းတာမို့ ဂူဂဲမြေပုံတွေဘာတွေဖွင့်ကာ တံတားအ သစ်နေရာကိုပြ။အရင်ကနီးလျက်နဲ့ဝေးခဲ့တဲ့ တံတားမြို့က အခုဆို ကျောက်တန်းမြို့နဲ့ သိပ်မဝေးတော့တာအ သေအချာ။

အခုတံတားသစ်ရဲ့နာမည်ကမှော်ဝန်းတံတား။မှော်ဝန်းချောင်းကို ဖြတ်ထိုးထားတဲ့တံတားပေါ့။အရင် ကဒီချောင်းကြီးခံနေလို့ ကျောက်တန်းမြို့အပိုင်ထဲက တံတားမြို့နယ်ခွဲဟာ ကျောက်တန်းမြို့ပေါ်ရောက်ဖို့ တ ကွေ့တစ်ပတ်ကြီးလာရ။ရေလမ်းမကူးဘဲ ကျောက်တန်းမရောက်သလို ကားလမ်းအတိုင်းလာမယ်ဆို သုံးခွနဲ့ သန်လျင်မြို့နှစ်မြို့ကို ဝေးဝေးလံလံဖြတ်ပြီးမှ ရောက်ရှိလေတော့ ခက်လှ။

‘အခုဒီတံတားကြီး ထိုးလိုက်တော့ တံတားကနေကျောက်တန်းကို ကားနဲ့ဆို အလွန်ဆုံးနာရီဝက်ပဲ’လို့ စာရေးကြီးက ဆိုရဲ့။

အရင် တံတားမထိုးခင်က တံတားမြို့ကနေ ရန်ကုန်သွားတဲ့ လိုင်းကားဟာ တံတား-သုံးခွ-သန်လျင်ကို ဖြတ်ပြီးမှ ရန်ကုန်ရောက်ရတဲ့ဘဝကနေ အခုကတော့ တံတားကနေ မှော်ဝန်းတံတားကိုဖြတ်ကာ ကျောက် တန်း-သန်လျင်-ရန်ကုန်။

‘အခုလိုင်းကားစီးရင် ရန်ကုန်ကို တစ်နာရီမကြာတော့ဘူး’လို့ စာရေးကြီးက ဆိုတယ်။

တံတားမြို့ဇာတိသား စာရေးကြီးတို့အတွက် မှော်ဝန်းတံတားဆိုတာ အင်မတန်အဖိုးတန်လှတဲ့ တံ တား။သူတို့မြို့သားတွေရဲ့ ဘဝကို ကျောက်တန်းနဲ့နီး၊ရန်ကုန်နဲ့နီးအောင် တံတားထိုးပေးလိုက်တဲ့တံတားမို့ သူတို့အတွက် အံ့ဖွယ်တံတား။

စာရေးကြီးနဲ့ကျနော် ရန်ကုန်မြို့ထဲ ၃၄လမ်းထိပ်က စာပေလောကသားတို့ စတည်းချရာ လပြည့်ဝန်း လက်ဖက်ရည်ဆိုင်မှာ ခေတ္တထိုင်။ စာအုပ်ဈေးပွဲတော်ချီတက်။ကိစ္စတွေပြီးလို့ ပြန်တော့မယ်ဆိုတော့ စာရေး ကြီးက မှော်ဝန်းတံတားသစ်လမ်းကြောင်းကို ပြချင်လို့ သူတို့တံတားမြို့ လိုက်ခဲ့ဖို့ တတွတ်တွတ် ခေါ်ပါလေ ရော။

ကျနော်က တံတားမြို့နားက သုံးခွမှာ ပြန်အိပ်လို့ရတာရော ကိုယ်ကိုယ်တိုင်ကလည်း လမ်းကြောင်း အသစ်ကို စိတ်ဝင်စားတာကြောင့်ပါ ကဲ၊လိုက်မယ်လို့လဲဆိုရော စာရေးကြီးမျက်နှာ ဖြီးလို့။ ‘ကိုယ့်ဆရာကို သုံး ခွမှာ ဘီယာလိုက်တိုက်မယ်’တဲ့။

ကားက သန်လျင်မြို့ထဲဝင်လိုက်တာနဲ့ ကျေးလက်ဆန်တဲ့ အသွေးအရောင်တွေကို စမြင်ရပြီမို့ လူက အလိုလိုလန်းသွားတယ်။ကျိုက်ခေါက်ဘုရားကျော်လာရင်ပဲ ကျေးလက်စိမ်းတွေက အရောင်တွေထည်ထည် ဝါဝါ။အုံ့ဆိုင်းနေတဲ့ သက်တမ်းရင့်သစ်ပင်ကြီးတွေ မြင်ရတာကိုက အရသာ။

သန်လျင်ဂျီတီစီကိုကျော်၊ကျောက်တန်းမြို့ထဲဝင်တော့မယ်ဆိုတော့ ကားလမ်းမဘေး နား ဘန့်ဘွေး ကုန်းဆည် ဆိုလား။ကားကို ဆည်နား ရောက်နိုင်သလောက်မောင်းကာ ရပ်လိုက်တယ်။ကျေးလက်ကို ပိုစိမ်း လန်းသွားစေတဲ့ ရေပြင်ကျယ်။စိတ်ကို နှစ်လို့ ငေးနေတုန်းအခိုက် ဖောက်ခနဲမြည်သံကြားလို့ လှည့်ကြည့်  လိုက်တော့ ‘ဒီလိုနေရာမျိုးမှာ ကျားတံဆိပ်ဘီယာလေးနဲ့မှ ပိုငေးလို့ကောင်းတာ’တဲ့။စာရေးကြီးကမ်းလိုက်တဲ့ ကျား တံဆိပ်ဘီယာက ရှတတ။

နာရီဝက်လောက်အကြာ ကားပေါ်ပြန်တက်ပြီး ရှေ့ဆက်တော့ ကျောက်တန်းမြို့ထဲကို ဝင်ပြီး ဘယ် ဘက်က ကားလမ်းထဲကွေ့ချ၊ဆိုင်းဘုတ်ကိုဖတ်လိုက်တော့ ကျိုက်ခေါက်ဘုရားလမ်းလို့ ဆိုတယ်။ကျောက် တန်းမြို့တွင်း၊အိမ်ခြေခပ်စိပ်စိပ်ရပ်ကွက်ကို ကားနဲ့ ၅မိနစ်လောက် ဖြတ်လိုက်ပြီးနောက် ကန့်လန်ကာတစ် ချပ်ကို ဆွဲဖွင့်လိုက်သလို ဟင်းလင်းပွင့်လယ်ကွင်းတွေက ဆီးကြိုလို့နေတယ်။အစိမ်းရောင်စပါးနှံတွေ လေ တိုက်ရာလွင့်နေတဲ့မြင်ကွင်းကျယ်ကို ရန်ကုန်နဲ့ ဘာမှမဝေးတဲ့နေရာမှာ မြင်လိုက်ရမယ်လို့ ဘယ်သူထင်ပါ့ မလဲ။

‘အကြမ်းဖျင်းကတော့ ကျောက်တန်းမြို့ကနေ မှော်ဝန်းတံတားအထိ ၁၅မိနစ်။မှော်ဝန်းတံတားကနေ တံတားမြို့ရောက်တဲ့အထိ ၁၅မိနစ်’တဲ့။စာရေးကြီးပြောတဲ့အသံ ကြားလိုက်၊ မကြားလိုက်။

မှော်ဝန်းချောင်းကြီးက ခပ်ကျယ်ကျယ်မို့ မှော်ဝန်းတံတားကလည်း ခပ်ရွယ်ရွယ်။လယ်ကွင်းတွေရဲ့ဟို ဘက် မလှမ်းမကမ်းမှာ လှမ်းမြင်ရတဲ့ တောအုပ်စိမ်းစိမ်းတွေက ရွာတွေလို့ဆိုတော့ လွှတ်လှ။မှော်ဝန်းတံတား ကနေ နည်းနည်းဆင်းလာပြီးမကြာ ကန့်လန့်ဖြတ်ကွန်ကရစ်လမ်းမ။

ညာဘက်ကိုချိုးလိုက်ရင် ပင်လယ်။ဘယ်ဘက်ကို ချိုးလိုက်ပြီး မကြာ တံတားမြို့။စာရေးကြီးအိမ်မှာ အညောင်းအညာဆန့်။ကားကိုထားခဲ့ပြီး သုံးခွဘက် ဆိုင်ကယ်ကို လီဗာခပ်ဖြည်းဖြည်းဆွဲလိုက်တော့ အဆီး အ တားမရှိ ဝင်လာတဲ့လေတွေက ကျားတံဆိပ်ဘီယာနဲ့ ရီတီတီဖြစ်နေတဲ့ ဦးနှောက်ကို ပိုလန်းသွားစေတယ်။

‘ကျနော်တို့ ပင်လယ်ဘက် တစ်ခေါက်လောက်ထွက်ကြမယ်။ဟိုး…ပင်လယ်ဝရောက်တဲ့အထိ စက်လှေစီးပြီး ကျားတံဆိပ်ဘီယာနဲ့ လှကြမယ်’တဲ့။စာရေးကြီးရဲ့စကားကို ချက်ချင်းဆိုသလို သဘောတူ ပစ် လိုက်တယ်။

           

    ငြိမ်းဆက်