【 ဆောင်းပါး 】ချောင်ကွေးကွေးလေးထဲက တံတား

【 ဆောင်းပါး 】ချောင်ကွေးကွေးလေးထဲက တံတား

ရန်ကုန်မှာ ၈တန်းနှစ်ကတည်းကနေခဲ့တာ၊တံတားမြို့ဆိုတာကို မသိ။၂၀၁၀ပြည့်နှစ် ကျော်လောက်မှ သိရှိခဲ့လေတော့ ကိုယ့်ရဲ့အထွေထွေဗဟုသုတ ကိုယ့်ဘာသာအံ့ဩယူရတယ်။ကိုယ်ကပဲညံ့ဖျင်းလို့ မသိတာ လားဆိုတော့ မဟုတ်ပြန်။ကိုယ်နဲ့နီးစပ်ရာလူတွေကို မေးကြည့်မိ၊တော်တော်များများမသိ။သိသူတချို့ကျပြန်တော့ တံတားမြို့ကို နာမည်သာကြားဖူးပြီး ဘယ်မှာရှိမှန်းမသိ။

ဘာ့ကြောင့်မသိကြတာလဲလို့ စူးစမ်းကြည့်တော့ တံတားမြို့ဟာ မြို့နယ်ခွဲအဆင့်ဖြစ်တာကြောင့် ထင်တယ်။သူက ကျောက်တန်းမြို့နယ်အပိုင်ထဲက မြို့နယ်ခွဲအဆင့်။ပြီးတော့ တံတားက ကျောက်တန်းအပိုင် သာဆိုတယ်။ကျောက်တန်းနဲ့က မှော်ဝန်းချောင်း ခြားနေလေတော့ တံတားမြို့က သီးခြားတည်ရှိနေသလို။ တံတားမြို့နဲ့အနီးဆုံး မြေတကြောတည်းဆက်နေတာက သုံးခွမြို့။ဒါ့ကြောင့် အရင်က တံတားမြို့သားတွေ ရန်ကုန် လာချင်ရင် သုံးခွကနေတစ်ဆင့် ရန်ကုန်လာရတဲ့အဖြစ်။တကယ့်ကိုတစ်ကွေ့တစ်ပတ်ကြီး။

၂၀၁၀ပြည့်နှစ်အကျော် သုံးခွကိုသွားဖို့ ပုဇွန်တောင်၊အေဘီစီဂိတ်မှာ သုံးခွကားသွားစီးတော့ တံတား- ရန်ကုန်ဆိုတဲ့ လိုင်းကားကို စတွေ့ခဲ့ရ။အဲဒီမှာ တံတားဆိုတဲ့နာမည်ကို စသိခဲ့ရ။ဒါပေမဲ့၊တံတားဆိုတာ မြို့လား၊ ရွာလား၊ ဘယ်နားမှာလဲဆိုတာ မသိ။

တစ်ခုသောညနေခင်း၊သုံးခွမြို့မဈေးနားရောက်နေစဉ် တံတား-ရန်ကုန်ကား ဖြတ်လာတာလှမ်းတွေ့ရ ၊အဲဒီကားက ဈေးအနောက်ဘက်ကနေ သုံးခွမြို့တောင်ပိုင်းသွားတဲ့လမ်းမအတိုင်း သွားတာမြင်မှ တံတားမြို့နေရာကို ဆဝါးမိတယ်။သုံးခွမြို့ကမိတ်ဆွေတွေကို မေးကြည့်တော့ တောင်ပိုင်းကနေ ကွန်ကရစ်လမ်းအတိုင်း ဆိုင်ကယ်နဲ့ဆို မိနစ်၂၀လောက်မောင်းရင် တံတားမြို့ရောက်ပြီတဲ့။

မနေနိုင်တဲ့စိတ်ကြောင့် ၂၀၁၀ပြည့်နှစ်ကျော်ကာလ၊မနက်ခင်းတစ်ခုမှာ ဆိုင်ကယ်နဲ့ တံတားမြို့ဘက် ထွက်ခဲ့တယ်။လမ်းမှားစရာအကြောင်းမရှိ၊လမ်းက တံတားမြို့မရောက်မချင်း ဒီတစ်လမ်းတည်း။ကွန်ကရစ်လမ်းတွေက အပေါက်အပြဲတွေနဲ့မို့ ဆိုင်ကယ်စီးရတာ သိပ်မတွင်။မြို့နယ်ချင်းဆက်လမ်းပေမဲ့ ကျေးလက် ကွန်ကရစ်လမ်းအဆင့်။ကွန်ကရစ်သားကပါးပါးနဲ့ စံမမီ၊အပေါ်ကဖြတ်နေတဲ့ကားတွေက အလေးချိန်များများ ဆိုတော့ ကြာကြာဘယ်ခံပါ့မလဲ။ကွန်ကရစ်လမ်းက ကားကြီးတစ်စီးသွားစာပဲဆိုပေမဲ့ လမ်းက အခွေအလိပ်တွေနဲ့မို့ ကျနော့်အကြိုက်။ပြီးတော့တချို့နေရာတွေမှာ ကားလမ်းနဲ့ချောင်းက ကပ်လျက်မို့ မြင်ရခဲတဲ့အရသာ။ လမ်းဘေးဝဲယာ လမ်းကွင်းနဲ့ရွာတွေနဲ့။မှတ်မိသလောက်ပြောရရင် စပါယ်ချောင်ရွာ၊ကြုံကြိတ်ရွာ၊ကဒပ္ပနရွာ။ အိမ်ခြေ၇၀၀ကျော်ရှိတဲ့ ဆယ်ရွာဆိုတာက တံတားမြို့သွားလမ်းပေါ်ကနေ ဆိုင်ကယ်နဲ့ ၁၀မိနစ်လောက် ချိုးဝင်မှ ရောက်တဲ့ရွာ။

သုံးခွနဲ့ တံတားနယ်နိမိတ်မျဉ်းက မှော်ဝန်းချောင်းဖြတ်တံတားနေရာ။တံတားရဲ့ဒီဘက်ထိပ်ကသုံးခွ၊ ဟိုဘက်ထိပ်က တံတားမြို့နယ်အပိုင်။ချောင်းကူးတံတားရဲ့အလယ်နေရာကိုတော့ ဘယ်မြို့ကပိုင်သလဲမသိရ။ ချောင်းကူးတံတားကတော့ သစ်သားတံတားမို့ သတိထားမောင်းရတယ်။

ကျနော်က ဆိုင်ကယ်စီးရင်း တွေးချင်ငေးချင်သူမို့ ဆိုင်ကယ်ကို များသောအားဖြင့် ကီလိုသုံး၊လေး ဆယ်ထက်ပိုမောင်းလေ့မရှိသူ။အဲဒီအရှိန်နှုန်းနဲ့ ၁၀မိနစ်လောက်ထပ်မောင်းလိုက်တော့ တံတားမြို့ဆိုတာ ရောက်ပြီ။

တံတားမြို့ဝင်ဝင်ချင်းမှာ ဆေးရုံ၊ရဲစခန်း၊မီးသတ် စသဖြင့် ဌာနဆိုင်ရာတွေနဲ့ ဝန်ထမ်းအိမ် တွေကို တိုးချဲ့ထားတဲ့ပုံ။ကားလမ်းအတိုင်း မြို့ဟိုဘက်ထိပ်အထိ မောင်းကြည့်။တံတားမြို့ပေါ်က ချောင်းကူးတံတားတစ်ခုကိုဖြတ်ပြီး ဘာမှမကြာ။မြို့စွန်ကိုရောက်ရှိ။ဒါနဲ့ ကားလမ်းနံဘေးက အစည်ကားဆုံးသော တံ တားမြို့ဈေးနားက လက်ဖက်ရည်ဆိုင်မှာ အထိုင်ချလိုက်တယ်။

တံတားမြို့ပေါ် ချောင်းကူးတံတားဆိုတာက မှော်ဝန်းချောင်းရဲ့ချောင်းလက်တက်တစ်ခုလို့ထင်ရ။ ချောင်းက မော်တော်လေးတွေ လူးသာလွန့်သာ အကျယ်အဝန်းရှိသမို့ တစ်ချိန်တုန်းက ဒီချောင်းလေးဟာ တံတားမြို့ကူးသန်းရောင်းဝယ်ရေးအတွက် တော့်တော်ကို အရေးပါခဲ့မယ့်ပုံ။

စကားစပ်လို့ ထပ်ပြောရရင် မှော်ဝန်းချောင်းဆိုတာက မုတ္တမ ပင်လယ်ကွေ့ရဲ့အဆက်။ကျောက်တန်း မြို့ကိုပတ်ခွေပြီးနောက် ဟိုး..သုံးခွမြို့ပေါ်ထိတင်မက ခရမ်းမြို့နယ်ထဲအထိ ချောင်းပေါက်အောင်လျှောက်ခဲ့တဲ့ချောင်း။ရှေးသရောအခါက ဒီချောင်းကြီးကိုအမှီပြုကာ ကြီးပွားခဲ့ကြတဲ့ရပ်ရွာတွေမနည်းလှ။ဒီချောင်းကြီးကနေတစ်ဆင့် အပြန်အလှန်ကူးလူးဖလှယ်ကာ မေတ္တာတရားတွေ စီးဆင်းခဲ့ကြ။ထားတော့။

လာခဲ့တဲ့ရည်ရွယ်ချက်က တံတားမြို့ပေါ်က လူတွေကိုငေးချင်တာကြောင့်ဆိုတော့ လူစည်ကားတဲ့ ကားလမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ရွေးရတယ်။ကျနော်ထိုင်တဲ့ လက်ဖက်ရည်ဆိုင်က တံတားမြို့ရဲ့ မြို့ လယ်ခေါင်နေရာလို့ထင်ရ။ဒီနားဝန်းကျင်ကနေ ရန်ကုန်သွားတဲ့ကားကြီး တစ်နေ့တစ်စီးဆိုလား ထွက်တယ်တဲ့။

ပြောပြနေသူက ကျနော်ထိုင်တဲ့လက်ဖက်ရည်ဆိုင်စားပွဲမှာ လာထိုင်သူ တံတားမြို့သား ရုံးစာရေးကြီး ။သူတို့ဆီမှာက သူများထိုင်နေတဲ့စားပွဲမို့ လာမထိုင်ဘူးဆိုတာမျိုးမရှိ။လက်ဖက်ရည်ဆိုင်ကလည်း စားပွဲသိပ်မရှိတော့ ဒီလိုပဲ သူ့စားပွဲကိုယ့်စားပွဲမရှိ၊ထိုင်စရာခုံတွေ့ရင် ထိုင်ချလိုက်ရုံ။ပြီးတော့ သူတို့ကျေးလက်ယဉ်ကျေးမှုက တိုးလျှိုးပေါက်မို့ သူစိမ်းတစ်ယောက်ကို စပ်စုဖို့ရာအဆင်သင့်။

တံတားမြို့ထွက်စားစရာတစ်မျိုးမျိုးဆိုပြီးမရှိ။ လက်ဖက်ရည်ချိုရဲရဲ၊ပျော့တွဲနေတဲ့အီကြာကွေးနဲ့နယ် မြို့တကာမှာမြင်ဖူးနေကျ တရုတ်မုန့်တွေချည်းမို့ ဖီးလ် မလာ။ဒါနဲ့  ဗမာမုန့်ရောင်းတဲ့ဆိုင်ကို စာရေးကြီးကို မေးမြန်းပြီးသွားဝယ်တော့ ဆီထမင်းနဲ့ အာပြဲခြောက်ရလာ။အာပြဲခြောက်က လုံးဝအငန်မပါဘူးဆိုတဲ့ နာမည်ကျော် မီးပြရွာထွက်ငါးခြောက်ဆိုလား စာရေးကြီးက ပြောပြတယ်။

စာရေးကြီးက ဘာလာလုပ်တာလဲ၊ဘာကူညီပေးရမလဲလို့မေးပြန်တယ်။ “တံတားမြို့မရောက်ဖူးလို့ သုံးခွကနေ လက်ဖက်ရည်ဆိုင်လာထိုင်တာ”လို့ ဖြေမိတော့ “တံတားမြို့ကကျဉ်းကျဉ်းလေး။တံတားမှာလက်ဖက်ရည်လာသောက်တာ ကျနော့်တစ်သက် အစ်ကိုတစ်ယောက်ပဲတွေ့ဖူးသေးတယ်”တဲ့။ စာရေးကြီးက ခင်ဗျားလို ခပ်ရူးရူးလူ ဒီတစ်ခါပဲတွေ့ဖူးသေးတယ်လို့ ပြောချင်တဲ့ပုံမို့ ရယ်မိတယ်။

ဆီထမင်းနဲ့အာပြဲခြောက်က‌ သိပ်ကောင်းနေတော့ လက်ဖက်ရည်ချိုရဲရဲကိုမြိုရသိပ်မခက်တော့ သလိုထင်ရ။တံတားမြို့ သား တွေနဲ့ ပုံစံကတော့ သုံးခွအတိုင်း ဘာမှမကွာ။ဆိုင်ကယ်တွေ ထော်လာဂျီတွေ ခပ်များများ ။ အော်ကြီးဟစ်ကျယ် စကားပြောဆိုနေပုံနဲ့ ကွမ်းယာပလုတ်ပလောင်း။

သိပ်မကြာခင် စာရေးကြီးက ရုံးတက်ရဦးမယ်ဆိုပြီး ကျနော့်လက်ဖက်ရည်ဖိုးပါ မရမကရှင်းပြီးပြန်သွားတယ်။ကျနော်ကဘာရုံးမှ တက်စရာမရှိတဲ့ ဝေလေလေမို့ အေးဆေးထိုင်ငေးဝမှသာသုံးခွဘက် လီဗာဆွဲလိုက်တယ်။

ရောက်ဖူးချင်တဲ့မြို့ ရောက်ခဲ့ပြီးပြီမို့ ကျေနပ်ရ။သုံးခွမြို့ ပြန် အရောက် မိတ်ဆွေတစ်ဦးက ဘယ်ကလာတာလဲလို့ လှမ်းအမေး “တံတားမြို့မှာ လက်ဖက်ရည်သွားသောက်တယ်”လို့ ကျေကျေနပ်နပ် ပြန်ပြောမိ။ကျနော့်မိတ်ဆွေကတော့ ကျနော့်အရသာကို နားလည်ဟန်မတူ ခေါင်းတရမ်းရမ်း။

သူလည်း တံတားကစာရေးကြီးလို ခပ်ရူးရူးလူလို့ ပြောချင်နေတဲ့ပုံ။

ငြိမ်းဆက်