【 ဆောင်းပါး 】ကွက်လပ်ဖြည့်မည့် ကျောင်းသုံးပစ္စည်းများ

【 ဆောင်းပါး 】ကွက်လပ်ဖြည့်မည့် ကျောင်းသုံးပစ္စည်းများ

မိုးစက်မိုးပေါက်သံများနှင့်အတူ ကျောင်းတက်ခေါင်းလောင်းထိုးသံတို့က လွင့်ပျံ့လာပြီဖြစ်သည်။  အေးချမ်းသော မိုးရေစက်များအောက်တွင် ကျောင်းဝတ်စုံအသစ်၊ လွယ်အိတ်အသစ်၊ ထီးအသစ်၊ ဖိနပ်အသစ်နှင့် သစ်လွင်တောက်ပနေသည့် အနာဂတ်ကြယ်ပွင့်ကလေးများက ကျောင်းတော်သို့ တက်တက်ကြွကြွ ခြေလှမ်းပြင်ကြရပြီဖြစ်သည်။

နွေ၊ မိုး၊ ဆောင်း ရာသီဥတုသုံးပါးနှင့် လည်ပတ်နေသော မြန်မာနိုင်ငံတွင် ပူလွန်းသည့် နွေရာသီကို ရှောင်ရှား၍ အေးချမ်းသော မိုးရာသီနှင့် ဆောင်းရာသီကို ကျောင်းတက်ချိန်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် မိုးစက်မိုးပေါက်များအောက် ကျောင်းတက်ရသည့် ကလေးများအတွက် ထီး၊ မိုးကာ၊ မိုးစီးဖိနပ်စသဖြင့် အသုံးပြုကြရသည်။ ထို့ပြင် စာသင်ကြားရေးအတွက် စာအုပ်၊ ခဲတံ၊ ဘောပင်၊ ကွန်ပါဗူး၊ သောက်ရေဗူး၊ လက်ဆွဲခြင်း တို့ကိုလည်း မဖြစ်မနေ သုံးစွဲကြရသည်။

အတန်းအသစ်သို့ စတင်တက်ရောက်ရမည်ဖြစ်၍ ယခင်နှစ်တွင် အသုံးပြုခဲ့သော ပစ္စည်းအဟောင်းများထက် ကလေးသဘာဝအရ အသစ်အသစ်သော ကျောင်းသုံးပစ္စည်းများကိုသာ သူ့ထက်ငါ အပြိုင်အဆိုင်သုံးစွဲ လိုကြလေသည်။ ထို့အတွက် မိဘများက စာအုပ်၊ ခဲတံမှစ၍ ကျောင်းဝတ်စုံအထိ ပစ္စည်းအသစ်များကို စီမံ၍ ဝယ်ယူပေးကြရပြန်သည်။

ထို့အချိန်တွင် ငွေကြေးတတ်နိုင်သည့် မိဘများက စျေးမည်မျှပင် ပေးရစေကာမူ စျေးနှုန်းမြင့်မား၍ လူ အများကြား ရေပန်း စားသည့် တန်ဖိုးကြီးတံဆိပ် တန်ဖိုးကြီးအသုံးအဆောင်များကို သားသမီးများအတွက် ဝယ်ယူ သုံးစွဲနိုင်သော်လည်းနွမ်းပါး သော မိဘများမှာမူ ‘ရှိတာလေးနှင့် လှအောင်ဝတ်’ ဆိုသည့် စကားပုံအတိုင်း သား သမီးများမျက်နှာမငယ်စေရန် ကြိုးစား ကြရသည်။

ထိုအခါ ငွေကြေးလိုအပ်ချက်ကြောင့် ‌ဖြစ်ပေါ်လာသည့် ထိုကွက်လပ်ကို တရုတ်နိုင်ငံထုတ်ပစ္စည်းများက ဖြည့်ဆည်းပေးလျက်ရှိသည်။

တရုတ်နိုင်ငံထုတ်ပစ္စည်းများမှာ တန်ဖိုးမြင့်၍ လူကြိုက်များသော ပစ္စည်းများနှင့် ထပ်တူကျအောင် သင့်တင့်သော အရည်အသွေးနှင့် ထုတ်လုပ်ထားပြီး Branded ပုံစံများအတိုင်းပင် သုံးစွဲသူများကိုအကြိုက်တွေ့စေကာ စျေးနှုန်းအားဖြင့်လည်း ထိုBranded ပစ္စည်းများလောက် မမြင့်မားပေ။ အခြေခံလူတန်းစားအများစု တတ်နိုင်သော ပမာဏဖြစ်သောကြောင့် တရုတ်နိုင်ငံထုတ်ပစ္စည်းများမှာ မြန်မာပြည်သူများအကြား လက်လှမ်းမီ၍ အသုံးဝင်သောပစ္စည်းများဖြစ်လာသည်။

အခြားသော နိုင်ငံများကထုတ်လုပ်သည့် ကျောပိုးအိတ်တစ်လုံးမှာ အရည်အသွေးမြင့်မားသည်နှင့်အညီ ငွေကျပ် သုံးသောင်းကျော်၊ လေးသောင်းခန့်အထိ ရှိသော် လည်း ထိုကျောပိုးအိတ်နှင့်ပုံစံတူ သင့်တင့်သောအရည်အသွေးနှင့် တရုတ်နိုင်ငံထုတ် ကျောပိုးအိတ်မှာ ငွေကျပ်တစ်သောင်းခန့်နှင့် အသုံးပြုနိုင်မည့် အခြေအနေဖြစ် သည်။

ကလေးများ မဖြစ်မနေလိုအပ်သည့် ထီး၊ မိုးကာများမှာ အခြားနိုင်ငံထုတ် အမျိုးအစားများမှာ ငွေကျပ် ရှစ်ထောင်မှစ၍ တစ်သောင်းကျော်အထိရှိသော်လည်း တရုတ်နိုင်ငံထုတ် ကလေးဆောင်းထီး၊ မိုးကာများမှာ ငွေကျပ်ငါးထောင်မှ တစ်သောင်းနီးပါးခန့်သာရှိသည်။ စည်းကမ်းရှိသည့် ကလေးများအတွက် စာသင်နှစ် တစ်နှစ်ထက်ပို၍ပင် အသုံးပြုနိုင်သည့် အနေအထား ဖြစ်သည်။

ဖိနပ်သည်လည်း ထို့အတူပင် တရုတ်နိုင်ငံထုတ် ဖိနပ်များမှာ ငွေကြေးမြင့်မားသည့် Branded ဖိနပ်များ နှင့် ပုံစံတူအတိုင်း ထုတ်လုပ်ထားပြီး စျေးနှုန်းသင့်တင့်၍ ငွေကြေးများစွာ မကုန်ကျဘဲ Branded ပုံစံအတိုင်း သုံးစွဲနိုင်သည်။ လူကြိုက်များပြီး ပေါ့ပါးသည့် လေပေါက်ပါ ကလေးစီး Half Shoe များဆိုလျှင် ငွေကျပ်သုံးထောင် မှစ၍ ငါးထောင်ကျော်ခန့်အထိရှိကာ စျေးနှုန်းအားဖြင့် ပေါ့ပါး၍ လူတိုင်း အသုံးပြုနိုင်သည့် အနေအထားဖြစ်သည်။

စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ သောက်ရေဗူးနှင့် လက်ဆွဲခြင်းများသည်လည်း တရုတ်နိုင်ငံထုတ်ပစ္စည်းများမှာ သစ်လွင်တောက်ပ၍ လှပကာ စျေးနှုန်းအားဖြင့် သင့်တင့်သောကြောင့် သားသမီးများကို မျက်နှာမငယ်စေလိုသည့် မိဘများအတွက် ငွေကြေးချွေတာနိုင်၍ အသုံးဝင်လျက်ရှိသည်။

တရုတ်နိုင်ငံထုတ် ကျောင်းသုံးပစ္စည်းများတင်မကပေ မြန်မာပြည်သူများ၏ အိမ်တိုင်းတွင် နေ့စဉ်သုံးစွဲလျက်ရှိသောထမင်း ပေါင်းအိုးမှစ၍ လျှပ်စစ်ရေနွေးအိုး၊ ဟင်းချက်သည့် ဒယ်နီအိုး၊ ကြွေပန်းကန်၊ LED မီးလုံး စသဖြင့် ပစ္စည်းများသည်လည်း တရုတ်နိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး မဖြစ်အနေ သုံးစွဲလျက်ရှိကာ အသုံးဝင်သော ပစ္စည်းများလည်း ဖြစ်လေသည်။

ခေတ်နှင့်အညီ ဝတ်စားဆင်ယင်လိုသော အမျိုးသမီးများအတွက် Social Media၏ Online Market များ စွာတွင်ရောင်းချ လျက်ရှိသည့် တရုတ်နိုင်ငံထုတ် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် အဝတ်အစားဒီဇိုင်းများမှာလည်း အခြားနိုင်ငံများမှ ထုတ်လုပ်သည့်စျေးနှုန်းမြင့် Branded များအတိုင်းပင် သင့်တင့်သော ငွေကြေးဖြင့် ဝယ်ယူနိုင်ကြသည်။ ထို့ပြင် လှပသေသပ်သော ဒီဇိုင်းများနှင့် ဖိနပ်များ၊ လက်ကိုင်အိတ်များသည်လည်း အလှအပကို နှစ်သက်သော အမျိုးသမီးများအတွက် ဆွဲဆောင်လျက်ရှိပြီး အလွယ်တကူလက်လှမ်းမီသုံးစွဲနိုင်သည်။

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းစျေးကွက်တွင်လည်း တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသည့် မိုဘိုင်းဖုန်းအမျိုးအစားများစွာ ရှိနေပြီး စျေးနှုန်းအားဖြင့်လည်း လူတိုင်းနီးပါးအသုံးပြုနိုင်ရန် ထုတ်လုပ်ထားသည်။ အသုံးအဆောင်ပစ္စည်းများသာမက နေ့စဉ် စားသောက်မှုပုံစံတွင်လည်း တရုတ်နိုင်ငံထုတ် ခေါက်ဆွဲခြောက်များ၊ အသားချောင်းများကလည်း မြန်မာပြည်သူများအကြား အလွယ်တကူ လက်လှမ်းမီ စားသုံးလျက်ရှိကြသည်။

လက်ရှိအချိန်တွင် နိုင်ငံ၏အခြေအနေများကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိ၍ တရုတ် နိုင်ငံထုတ် ပစ္စည်း များသည်ပင် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိသော်လည်း အခြေခံလူတန်းစားများ အတွက်မှာမူ စျေးနှုန်း ပို၍ကြီးမြင့်သော Branded ပစ္စည်းများအစား တရုတ်ပစ္စည်းများကိုသာ ပို၍အားထားရလျက်ရှိသည်ဟု ကျောင်းသုံးပစ္စည်းရောင်းဝယ်သူများကဆိုသည်။

နယ်နိမိတ်ခြင်းထိစပ်နေသည့် ဆွေမျိုးပေါက်ဖော်တရုတ်နိုင်ငံမှ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာသည့် လူ့အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်များမှာ မြန်မာပြည်သူလူထုအတွက် သင့်တင့်သော ငွေကြေးရှိရုံနှင့် လက်လှမ်းမီသုံးစွဲနိုင်သည်။အဖိုးနည်းဝန်ပါ တရုတ်နိုင်ငံထုတ်ပစ္စည်းများမှာ အသုံးတည့်သော အသုံးဝင်သော ပစ္စည်းများအဖြစ် မြန်မာပြည်သူများ၏ နေ့စဉ်ဘဝတွင် ကွက်လပ်မရှိစေရန် ဆက်လက်ဖြည့်ဆည်းပေးနေဦးမည်ဖြစ်သည်။

မေ