【 ဆောင်းပါး】 “ ကလေးတွေ စိတ်ကိုဖတ်တတ်ဖို့ ”

【 ဆောင်းပါး】 “ ကလေးတွေ စိတ်ကိုဖတ်တတ်ဖို့ ”

မပြောဖြစ်ပေမယ့် ပြောချင်တဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကလည်း တွေးမိလို့ပါ။ ဒီလိုပါ။ ပြီးခဲတဲ့ နှစ်နှစ်လောက်ကပါ။ အိမ်နားမှာ တူသားတစ်ယောက်လိုခင်ရတဲ့ လူငယ်တစ်ယောက်က သူ့ကလေးကို မူကြိုပို့တာ  ကလေး ကငို၊မိဘတွေက ချော့နဲ့။နောက်ဆုံး မရတော့ မအေဖြစ်သူက ငေါက်ပြီး မူကြိုကားပေါ် အတင်းတင်ပေးတာ။ ကလေးက ကားပေါ် ငိုပြီးပါသွား။နောက်နှစ်ရက်လောက် သတိထား မိတော့လည်း ဒီလိုဘဲ ကလေးက ငို၊လူကြီးတွေက ငေါက်နဲ့ ။နောက်ရက်တွေလည်း ငိုသံ ကြားရင် ကလေး မူကြို ပို့ချိန်ပဲဆိုတာကို သတိထားမိတဲ့ အထိထုံးစံဖြစ်နေခဲ့ပါတယ်။နေ့တိုင်းကြားရတော့ ကလေးက မူကြိုမှာ မပျော်တာလား၊ ကျောင်းတက်ရမှာ စိတ်မဝင်စားတာလား၊ သူမသိတဲ့သူတွေနဲ့နေရလို့ မနေရဲတာလား ..။ အဲဒီကလေး ကျောင်းသွားတဲ့  ငိုသံကြားရတဲ့အခါတိုင်း ကျွန်တော်ခေါင်းထဲ တွေးမိနေခဲ့ပါတယ်။

ဒီဘက်နှစ်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ လူနေမှုစနစ်က ပြောင်းလဲလာခဲ့သလို မိသားစုတွေရဲ့ နေ့စဉ် နေထိုင် မှု ပုံစံကလည်း ပြောင်းလဲလာခဲ့ပါတယ်။ကိုယ်တိုင်က ပညာရေးဝန်ထမ်းတစ်ပိုင်း ဖြစ်ခဲ့တဲ့အတွက်မူကြိုကျောင်းတွေဟာ ကလေးငယ်တွေအတွက် ဂေဟာသဘောမျိုးဆောင်လာခဲ့တာကို သတိထား မိနေခဲ့ပါတယ်။ ဆိုလိုတာက မိသားစုအဖွဲ့အစည်းတွေမှာ အသက်ကြီးသူတွေကို စောင့်ရှောက်ဖို့ လူအား မရှိတဲ့အဖြစ်လိုဘဲ မွေးလာတဲ့ ကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူမရှိတာ၊ လူ အား မရှိ လာတာတဲ့အတွက် ကျောင်း တွေကို အချိန်ကုန်အောင် ပို့ထားရတဲ့ သဘောမျိုး တွေ့လာရပါတယ်။

ယခုနှစ်တွေမှာ မိသားစုပုံစံက ပြောင်းလာပါတယ်။ အိမ်ထောင်စုတစ်စုမှာ  ကလေးတစ်ယောက်ပဲယူတဲ့ ပုံစံနဲ့ အတူ လွတ်လွတ်လပ်လပ်နေချင်တဲ့ အနောက်တိုင်းပုံစံနေထိုင်လာကြသလို လင်မယားနှစ်ဦးစလုံး အလုပ်လုပ်ကြတဲ့ အခါကလေးရလာရင်  အဲ့ဒီကလေးက အိမ်ဖော် လက်ထဲမှာ ထားရင်ထား၊မထားရင် မူကြိုပို့ဆိုတဲ့ ယဉ်ကျေးမှုက ဖြစ်ထွန်းမှန်းမသိ ဖြစ်ထွန်းလာပါတယ်။ဒါဟာ တစ်ဖက်ကကြည့်ရင် ကောင်းတယ်လို့ထင်ရပေမယ့် ကလေးတွေဘက်ကကြည့်မယ်ဆိုရင် ရက်စက်ပြီး ကောင်းတဲ့ အချက်တစ်ခုမှ မရှိပါဘူး။

မိဘတွေက ကလေးတွေအပေါ် လျစ်လျူရှုစိတ်က အားကြီးလာနေတာကိုတွေ့ရပါတယ်။ ကလေးကို မူကြိုထား ပညာသင်ပေးရင် ကိုယ်ဘက်က တာဝန်ကျေပြီဆိုတဲ့ အတွေးက ရှိနေပုံရပါတယ်။ အိမ်မှာ ကလေးရှိ နေရင် အလုပ်ရှုပ်လို့ မိုးလင်းကတည်းက လာပို့ချင်တာက အကြောင်းအချက် တစ်ချက်အနေနဲ့ ပါဝင်နေပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကျွန်တော့်အသိ ဆရာမတစ်ဦးက သူ့အိမ်မှာ ကျူရှင်ဖွင့်ထားပါတယ်။မနက်ကနေ ညနေ အထိ ကျောင်းချိန်ကလွဲရင် သူ့အိမ်မှာ ကျောင်းသားမပြတ်ပါဘူး။ မူလတန်းဆရာမဖြစ်တဲ့ အတွက် သူ အိမ်မှာ အမြဲတစေ ကလေးတွေ နဲ့ တရုန်းရုန်းဖြစ်နေလို့ ပိတ်တဲ့ ရက်မရှိဘူးလားလို့ မေးကြည့်တဲ့အခါ မိဘတွေက ကလေးတွေကို မနက်ကတည်းက အဝတ်အစားနဲ့ ထမင်းချိုင့် ပါယူလာပြီး ည အလုပ်ပြန်ချိန်မှ ဝင်ခေါ်ကြောင်း၊ တစ်ခါတလေ အလုပ်နောက်ကျရင် ည ၉ နာရီ ၁၀ နာရီ မှ လာဝင်ခေါ်ကြောင်း၊သူဘဲ ကျောင်းသွား ကျောင်းပြန်၊ရေချိုး ထမင်းကျွေးလုပ်ရသဖြင့် ကိုယ်မွေးထားသလိုတောင် ဖြစ်နေကြောင်း ၊ကျောင်းပိတ်ရက်လဲ လာပို့ထားကြောင်းဆိုပါတယ်။ ဒီအတွက် ကျူရှင်လခ ပေးရပေမယ့် မိဘနေရာက ကြည့်ပြန်တော့ ဒီဆရာမဆီ မှာ ထားတာလောက် စိတ်ချရတဲ့နေရာ မရှိပါဘူး။ ကျူရှင် မသင်ရဆိုတဲ့ တားမြစ်ချက်တွေ ထွက်ချိန်  ဒီမိဘတွေ ခမျာ အလုပ်သွားချိန် ကလေးတွေကို ဘယ်သွားထားရမလဲ မသိသလို ဆရာမတွေ ခမျာမှာလည်း ငွေထက် ကလေးတွေ ဒုက္ခကိုတွေးပြီး  လက်ခံရပြန်တော့ မုန်လုံးစက္ကူကပ်သလို အဖြစ်တွေ ဖြစ်ကုန်ပါတယ်။

အိမ်ဘေးမှာ မူကြိုသွားတိုင်းငိုတဲ့ ကလေးငယ်အကြောင်းကိုတွေးရင်းကနေ ဒါကို သွားတွေးမိပါတယ်။  တစ်ကယ်က ကလေးတွေ ကျောင်းမကြောက်အောင် ဆိုတဲ့ ၊စာကို ကြိုတင်ထိတွေ့အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  မူကြိုဆိုတာ ပေါ်လာခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းကြတော့ မူကြိုဆိုတာ ကိုယ်ကလေး ကိုယ်မထိန်းချင်တဲ့ မိဘ အချို့အတွက် ထွက်ပေါက်ဖြစ်လာခဲ့ပါတယ်။ ယခုလဲ ကလေးက မိဘရင်ခွင်နဲ့ စ ကင်းကွာတဲ့ အချိန်က စောလွန်းတဲ့ အခါ ၊ရောက်တဲ့နေရာက သူစိမ်းလက်ထဲ တစ်နေကုန်နေရတဲ့အခါ ကလေးစိတ်ထဲ မလုံခြုံမှု၊ ကြောက်ရွံ့မှု၊ နွေးထွေးမှု ကင်းမဲ့မှု စတာတွေကို တစ်ပြိုင်နက် ခံစားကြုံတွေ့ရတဲ့ အခါ ခံနိုင်စွမ်းမရှိတော့ဘဲ ကလေးတွေက ကျောင်းသွားရမှာကို ကြောက်ရွံ့လာကြပါတယ်။ ဒီလို ဖိအားမျိုးခံနေရတဲ့ ၃ နှစ်သား လူမမယ်ကလေးငယ် တစ်ယောက် မူကြိုကျောင်းမတက်ရင် မိဘတွေက ကလေးကို ငေါက်ငမ်းတာ မရရအောင် ပို့ကြတာ တစ်ကယ်တော့ မှားတဲ့ အယူအဆလို့ ထင်ပါတယ်။မလုပ်သင့်တဲ့ အလုပ်ဘဲ ဖြစ်ပါတယ်။

ဒါဟာ ငယ်စဉ်ကတည်းက မလုပ်ချင်တာကို အဓမ္မလုပ်တဲ့ အကျင့်၊အနိုင်ကျင့်ပြီး အတင်းလုပ်စေတဲ့ အကျင့်စရိုက်ကို စထိတွေ့သင်ကြားပေးသလို ဖြစ်သလို ကလေးငယ်တွေရဲ့ စိတ်အခြေအနေကို လုံးဝလျစ်လျူရှုတဲ့ အနေအထားမို့ ဒီကလေး ငယ်တွေရဲ့ အငုံစိတ်ထဲမှာ ဒီလို အကြမ်းဖက်ရင်လိုတာရတယ်ဆိုတဲ့ စိတ်က သေချာပေါက် ကိန်းဝပ်ဖို့ ရှိနေပါတယ်။

ကွန်တော်တို့ငယ်စဉ်က ဆိုရင် မိဘတွေ အလုပ်သွားတဲ့အခါ အဘိုးအဘွားတွေနဲ့ နေခဲ့ရပါတယ်။ အဘိုးအဘွားမရှိရင် ဘကြီးဘဒွေး၊ကြီးဒေါ်၊အဒေါ်တွေနဲ့ နေခဲ့ရတာပါ။ဒီလိုနေတဲ့ အခါ  မိသားစု နေတဲ့ အိမ်ကနေ ခွာရတာ မဟုတ်ဘဲ ကိုယ်အိမ်မှာ ကိုယ်နေရတဲ့ အတွက် မိသားစုအပေါ် ချစ်ခင်တဲ့ စိတ်က မတူပါဘူး။ ဒါအပြင် ကျွန်တော်တို့  ခေတ်က မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးတစ်ယောက်ရှာတဲ့ ဝင်ငွေက မိသားစု တစ်စုအဖို့ လုံလောက်တဲ့အတွက် မိသားစုတွေ အချိန်ပြည့်နီးပါး ရှိနေကြတဲ့အတွက် အသက်ကြီးတဲ့ ဘိုးဘွားတွေ လိုအပ်တာကို မြေးတွေက ကူနိုင်သလို ငယ်တဲ့မြေးတွေကိုလည်း ထိန်းကျောင်းဖို့ အဘိုးအဘွားဦးကြီး ဘကြီး ဒေါ်လေး ဒေါ်ကြီးတွေက လိုလိုလားလားထိန်းကျောင်းချင်ကြတဲ့ ခေတ်ပါ။အပြန်အလှန် ထိန်းကျောင်း ကြတဲ့ ခေတ်ကောင်းပါ။

အခုကတော့ ဒီလိုမဟုတ်တော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေ အားကောင်းလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာ စောင့်ထိန်းမှုတွေ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်မှု ကြင်နာမှု နွေးထွေးမှုစတဲ့ ဖမ်းဆုပ်ကိုင်ပြလို့မရတဲ့ ကောင်းမွန်တဲ့ အရာတွေက ပျောက် ဆုံး ယုတ်လျော့လာတာကို တွေ့ရပါတယ်။ဒီအတွက် ဝမ်းနည်းစရာ အကောင်းဆုံး က  လူငယ်လူရွယ်တွေ၊ အရွယ်ကောင်းတွေ ၊အိမ်ဝင်ငွေကိုရှာဖွေနေရတဲ့သူတွေက  ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေကို ထမ်းပိုးထားရတဲ့ အရာတွေ ၊ဝန်ထုပ်ဝန်ပိုးတွေလို့ မြင်လာပြီး လွှတ်ချ စွန့်ပစ်မှုတွေ ဖြစ်လာတာတွေပါ။

ကလေးတွေကို စာသင်တာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်အနေသက်သာဖို့ ကလေးတွေကို အချိန်မတိုင်ခင် မူကြိုပို့တဲ့ အလေ့အထကိုတော့ မကြိုက်ပါဘူး။အားလည်း အားမပေးပါဘူး။ ဒါဟာ မိဘတွေကို အသက် ကြီးမြင့် အိုမင်းမစွမ်းဖြစ်လာတဲ့ အခါ စွန့်ပစ်မှုတွေ ရဲ့ အစဖြစ်လာဖို့ များနေပါတယ်။စဉ်းစားသင့်ကြပါတယ်။ ဘာကြောင့် ဆို ….ကိုယ်လဲ ကလေးဘဝက ဖြတ်သန်းလာခဲ့တာမဟုတ်လား။

 

မောင်ဦးလွင်