【 ဆောင်းပါး】အိပ်မက်ထဲမှာ လမ်းလျှောက်ခြင်း

ဆောင်းပါး 】အိပ်မက်ထဲမှာ လမ်းလျှောက်ခြင်း

ခပ်ဖျော့ဖျော့ မနက်ခင်းတွင် ကျနော်နိုးလာခဲ့သည်။ ကျနော်ဘေးတွင် ရှိနေသည်က ပြန်ကြဲနေသည် စက္ကူစာအခေါက်များနှင့် ဖတ်လက်စ ကာတွန်းတစ်အုပ်ဖြစ်သည်။

နားထဲ မိုးရေကျသံကြားရသည်။ ခပ်ဝေးဝေးက ဆဲသံအချို့က ကျနော်နားထဲ အဆီးအတားမဲ့စွာ ဝင်ရောက်လာသည်။

အမျိုးသမီးခပ်ကြီးကြီးတစ် ယောက်၏ ချွဲဟပ်သံက ကျနော်မနက်ခင်းကို အိပ်မက်ထဲမှ အန်ထုတ်စေခဲ့သည်။ဒီနေ့သည့် ဆောင်းရာသီ၏ မနက်ခင်းတစ်ခု ပါလားဆိုသည်ကို ကျနော်သတိရမိသည်။

လမ်းအပိတ်တစ်ခု၏ ထောင့်ဆုံးတွင်ရှိသော ကျနော်နေထိုင်သည့်နေရာသည် စက်ရုံဟောင်းတစ်ခုနှင့် ဆက်နေသည်။ ထိုနေရာသည်တစ်ချိန်သောအခါက လူတစ်ချို့ ကားတွေကို လူမသိစေချင်သည့်အခါ လာထား ကြသည့်နေရာဖြစ်သည်။

ထိုစက်ရုံဟောင်း၏ ဂိုထောင်ထဲတွင် တစ်ခါက တန်ဖိုးကြီးကားမျိုးစုံရှိခဲဖူးသည်ဟု အိမ်ပိုင်ရှင် အဖိုးကြီးက မူးလာသည့်အခါ စိတ်လိုလက်ရပြောလေ့ရှိသည်။

တကယ်ရှိမရှိ ဘယ်သူမှ မပြောနိုင်။သို့သော် တစ်ခါတစ်လေ ထိုစက်ရုံဟောင်းအဝကနေ အထဲလှမ်းကြည့်သဘ့်အခါ ချက်ပလက် ကားအစုတ်နှင့် ပြိုပျက်နေသည့် လေးတန်းများက အိမ်ရှင်အဖိုးကြီးပြောစကားများကို သက်သေပြုသလိုပင်ဖြစ်နေသည်။

ကျနော်တိုဘာကြောင့် ပြောစကားများကို သက်သေပြုရန် ရုပ်ဝတ္တူများကိုရှာနေရသနည်း။

အိပ်မက်များကိုကော ရှိမရှိ ဘာကြောင် သက်သေမရှာကြသနည်း။လူ၏ စိတ်သည် ဆန်းကျယ်လှသည်။မရှိသောသူများ ရေးခဲ့သယောင်၊ပြောခဲ့သယောင်ရှိသည့် စကားများကိုဆိုရိုးအဖြစ် မကြာခဏရည်ညွှန်းကိုးကား ပြောဆိုခဲ့ကြသည်။ သက်ရှိထင်ရှားလူတစ်ယောက် ပြောသည့်စကားကိုတော့ ဟုတ်မဟုတ် ဆန်းစစ်ကြသည်။ထူးဆန်းပေစွ။

(၁) ကျနော်နေသည့်နေရာကနေ မြိုထဲသွားသည့်အခါ ကားလမ်းရောက်ရန် အတော်အတန်လမ်းလျှောက်ရသည်။ထိုလမ်းတစ်လျှောက် တောရိုင်းပန်းနှင့် မြက်ရိုင်းတို့ ပေါက်နေသည်။

ရာသီချိန်တစ်ချိန်နှင့်တစ်ချိန်မတူစွာ ပွင့်ပန်းတွေကမတူ။ လမ်းအစတွင်ရှိသည့် စိန်ပန်းပင်ကနေ အပွင့်တချို့ နေပြင်းပြီး လေတိုက်ပါက အပွင့်တချို့၏ ပွင့်ဖတ်များကြွေကျသည်။ထိုအခါ ကျနော် မြို့ထဲ မသွားချင်တော့။

စိန်ပန်းပင် ခပ်လှမ်းလှမ်းတွင်ရှိသည့် ယိုင်နဲ့နေသည့် ခိုနားရာတဲရှိ ထိုင်ခုံဟောင်းတွင် ကျောခင်းကာ လေပြင်းအဝှေ့မှာ ပွင်ဖတ်တွေနှင့်အတူ လိုက်စီးမျောကြည့်ချင်သည်။

ကျနော်အတွက် ထိုလမ်းလေးကိုလျှောက်ရသည်က ကိုယ်အကြောင်းကိုယ်တွေးရန်နှင့် အိမ်မက်များဖြင့် တိတ်ဆိတ်ဖြတ်သန်းရန် လုံလောက်သော စေ့ဆော်မှုကိုပေးသည့်နေရာလေးဖြစ်သည်။

တစ်ခါတစ်လေ ထိုလမ်းအတိုင်းဖြတ်လျှောက်လာသည့်လူအချို့ကိုလည်းတွေ့ရတတ်သည်။ထိုသူတွေလည်းကျနော်နည်းတူ တိတ်ဆိတ်စွာ လမ်းကိုဖြတ်သန်းရင်း တွေးတောနေကြသည်။

အိပ်မက်များသည့် တိတ်ဆိတ်ခြင်းနှင့် တွေး တော စရာ အကြောင်းရှိခြင်းကနေ ဖြစ်လာသည်ဟု အနောက်တိုင်းစိတ်သရုပ်ခွဲပညာရှင်အချို့ကဆိုသည်။

ကျနော်နေရာအရပ်တွင် အိပ်မက်များက သိပ်မျာများစားစားမတွေ့ရ။ နေ့စဉ်ချစ်ရသောမိသားစုအတွက်နှင့် ချစ်ရသောမိသားစုနှင့် ညစာအတူစားခွင့်ရဖို့အတွက်သာ။

ဘယ်လောက်လှပသည့်အိပ်မက်ဖြစ်သနည်း။

(၂) လူတိုင်းတွင် ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ဆိုသည်ကို ပို ဦးစားပေးကြသည်သာတွေ့ရသည်။

အိပ်မက်တွေ ထုတ်ပြောရန် ဝန်လေးသော လူသားဆန်ဖို့ ဝန်လေးသူတွေများများလာသည်။လူတွေမှာ ခံစားမူကင်းမဲ့လာသည်။တိရစ္ဆာန်များနှင့်တူတူလာသည်။သိုးအုပ်များလို ခေါင်းဆောင်မူနောက် ဆိုက်ဆိုက်ပါအောင်သာ။

စဉ်းစားခြင်း တွေးတောခြင်းကနေ ​လူတွေ။ခပ်ဝေးဝေးသို့ရောက်သွားသည်။ထိုသို ခပ်ဝေးဝေးရောက်သွားခြင်းကြောင့် လှပသော အိပ်မက်များနှင့် ဆုံဆည်းရန် နူးညံသောစိတ်ဖြစ်တည်ခွင့် နည်းပါးသွားတော့သည်။

(၃) ညက အိပ်မက်ထဲ မြို့သွားလမ်းက သစ်ကပ်နွယ်ပင်လေးတစ်ပင်ဖြစ်သွားသည်။ထိုသစ်ကပ်နွယ်ပင်တွင် ခရမ်းပြာရောင် ပန်းလေးတစ်ပွင့်က ကျနော်မျက်နှာဖြစ်နေသည်။

စိန်းပင်းပင်က ခရမ်းရောင်ပွင့်ဖတ်များက လေတိုက်သည့်အခါ ဝဲလှည့်ကာ အပင်ကြီးဆီမှ ခုန်ချကြသည်။ကျန်သည့် သစ်ပင်များ သစ်ခက်များ သစ်ရွက်များ တောရိုင်းပန်းများက ပျော်ရွှင်စွာ ဆီးကြိုလို။

စိတ်က ခပ်ငယ်ငယ်က သွားခဲ့ဘူးသည့် ရွာဘုရားပွဲထဲရောက်သွားသည်။ ဘုရားပွဲမှာ ပြဇာတ်ကနေသည်က သိုက်သမိုင်း။

တစ္ဆေရွာရောက်သွားသည့် မိဘမဲ့ မောင်နှမနှစ်ယောက် ဇာတ်လမ်း။ တစ္ဆေတွေက သေသွားသည့်မိဘတွေလို ဟန်ဆောင်ပြီး မောင်နှမ နှစ်ဦးကို ထွေးပွေ့ကြသည်။

ကြောက်လန့်ရသည့်သရဲတစ္ဆေဇာတ်လမ်းက လူတိုင်းမျက်ရည်မဆည်နိုင်။ပွဲခင်းထဲ ကြည့်နေသူတိုင်းမျက်ရည်တရှုံရှုံနှင့်။

(၄) အိမ်ရှင်အဖိုးကြီးဆီ အညာက သူ့ညီမ မိသားစု ရောက်လာသည်။ ညနေရောက်တော့ အိမ်ရှင်အဖိုးကြီးက အခန်းကနေ တခြားအခန်းတစ်ခုကိုပြောင်းပေးဖို့ ကျနော်ကို အားတုံအားနာ ပြောသည်။

အညာမှာ အိမ်တွေ ယာတွေ မီးရှို့ဖျက်ဆီးသတ်ဖြတ်နေသဖြင့် စစ်ရှောင်လာသည့် ညီမကို ထားဖို့နေရာ လိုသည်။ထို့အတွက် အသိုက်တစ်ခု ဖန်တီးဖို့ ကျနော်ကို အသိုက်ရွေ့ခိုင်းသည်။သို့သော် သူ့ညီမတွေ ပြန်သည့်အခါ မူလအခန်းပြန်နေပါဟုပြောသည်။

အိပ်မက်များသည့် တိတ်ဆိတ်ခြင်းနှင့် တွေး တော စရာ အကြောင်းရှိခြင်းကနေ ဖြစ်လာသည်ဟု အနောက်တိုင်းစိတ်သရုပ်ခွဲပညာရှင်အချို့ကဆိုသည်။

ကျနော့်မနက်ခင်းက ရန်ဖြစ်သံ ၊အဆင်မပြေသဖြင့် ငြီးငြူသံ၊ ချောင်းဆိုးသံ၊ ဆဲသံဆိုသံများဖြင့်။ သို့သော် ကျနော်က ညတိုင်း အပြာတစ်စိတ်နှင့်အတူ အိပ်မက်ထဲ လမ်းလျှောက်နေဆဲ။အိပ်မက်ထဲ တစ်ခါတစ်ရံ အိမ်ရှင်အဖိုးကြီး ညီမပြောပြသလို မီးတောက်မီးလျှံ တွေ သေနတ်သံတွေ ကြားထဲသာ။

 

လင်းနိုင်ကျော်စိုး