【ဆောင်းပါး 】ဖြေးဖြေးမှန်မှန်

【ဆောင်းပါး 】ဖြေးဖြေးမှန်မှန်

ဘယ်အရာကိုမဆို ဖြေးဖြေးနှင့် မှန်မှန်သာလုပ်ရန် ရှေးလူကြီးများက ဆိုခဲ့ကြသည်။ ရှေးဆရာများကလည်း သွန်သင်ခဲ့ကြသည်။ ငယ်စဉ်ကလေးဘ၀ကနေ လူငယ်လူရွယ်၊လူငယ်လူရွယ်ကနေ လူလတ်ပိုင်း၊ လူလတ်ပိုင်းကနေ လူကြီးပိုင်းအထိ ဘာကိုပဲလုပ်ကိုင်သည်ဖြစ်စေ ဖြေးဖြေးမှန်မှန်လုပ်သင့်သည်ဆိုတာ အသက်အရွယ်ရလာလေ သိလာလေဖြစ်သည်။

ငယ်စဉ်က စာကျက်သည့်အခါ စိတ်လိုလက်ရရှိသည့်နေ့များတွင် စိတ်အားသန်သန်နှင့် နေ့ရောညရော ကျက်သည်။ အထူးသဖြင့် ကျောင်းစတက်ရသည့် ရက်သတ္တပတ်တွင် ဖြစ်သည်။ နောက်တစ်ပတ်တွင် ကျောင်းဖွင့် စကကဲ့သို့ မဟုတ်တော့။ စိတ်အားလျော့သည်။ ကျောင်းမတက်ခင်ကလည်း ဒီနှစ်ကျောင်းဖွင့်ကတည်းက စာပုံမှန်ကျက်မည်ဟု စိတ်ထဲထည့်ထားသည်။ နောက်တော့ တကယ်ကျောင်းတက်သည့်အခါ ထိုစိတ်က နောက်ရက်မှ နောက်တစ်ပတ်မှ ဖြစ်သွားသည်။ ထို့အတူ နေ့စဉ် စာပုံမှန်ကျက်မည်ဆိုသော စိတ်ကလည်း ထိုအတိုင်းဖြစ်သွား သည်။ စိတ်ဆိုသည်မှာ လူကိုထိန်းကျောင်းသည်ဆိုသော်လည်း ခန္ဓာကိုယ်သက်သာရာ၊ လူသက်သာရာ၊ ဦးနှောက် သက်သာရာကို ရှာသည့်အခါ စိတ်က လိုက်တတ်သဖြင့် ရှေးလူကြီးတွေက မပြင်းလွန်း မပျော့လွန်းသည့် ထိန်းသိမ်းခြင်းဖြင့် ဖြေးဖြေးမှန်မှန်သာလုပ်ရန် ပြောခဲ့ကြခြင်းဖြစ်သည်။

ဖြေးဖြေးမှန်လုပ်ကိုင်ခြင်း၊ ဖြေးဖြေးမှန်မှန် စာကြိုးစားခြင်း၊ စီးပွားရှာခြင်း၊အတတ်ပညာဆည်းပူးခြင်းများတွင် မှန်မှန်ဆိုသည်မှာ ‘ ဇွဲ ’ ကို ဆိုလိုခြင်းဖြစ်သည်။ မည်မျှတော်သည်ဖြစ်စေ၊ မည်မျှ ဉာဏ်ကောင်းသည် ဖြစ်စေ၊ မည်မျှအားထုတ်မှုကောင်းသည်ဖြစ်စေ  ‘ ဇွဲ ’ မရှိပါက တစ်ပွဲကောင်း၊ တစ်ပွဲတိုးမျှသာ စွမ်းဆောင်နိုင်ခြင်း ဖြစ်ပြီး  ထူးချွန်ပေါက်မြောက်သည့်အဆင့်သို့ ရောက်ခဲမည် ဖြစ်သည်။

ငယ်စဉ်က အတော်များများသင်ဖူးကြသည့် ဖတ်စာထဲတွင် ပါသော မပုကြွယ်နှင့် ခရုငယ်ဆိုသည့် သင်ခန်းစာမှာ ‘ ဇွဲ ’ ၏ သဘောသဘာ၀ကို ဆိုလိုခြင်းဖြစ်သည်။ ‘ ဇွဲ ’ ရှိသူနှင့် မရှိသူမည်မျှ ကွာသည်ကို ကျနော် ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြချင်သည်။ ကျနော်တို့ နေသည့် ရပ်ကွက်မှာ ယခင်က လယ်ကွက်တွေဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း ရန်ကုန်ဆင်ခြေဖုံးဒေသများဖြစ်ပြီး အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်သည့်နေရာများမှ သူများကို ရပ်ကွက်အလိုက်ဖျက်ကာ ရွှေ့ပြောင်းခဲ့ပြီးနောက် လှိုင်သာယာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ကျနော်တို့ ရောက်စက မြို့သစ်ဖြစ်သဖြင့် လူနေကြဲပါးက ဘယ်နေရာဖြစ်ဖြစ် လယ်မြေကဖြစ်သည့်ရွှံ့ကြောင့် ဘယ်ကိုသွားသွားခရီးမတွင်။ ဒီကြားထဲ မြွေပါးကင်းပါးအန္တရာယ်ကလည်း ရှိသေးသည်။ နေစရာမရှိခြင်းနှင့် မနေလို့မရအောင် ဖိအားပေးခံရသဖြင့် လယ်ကွင်းပြောင်ပြောင်ထဲနေရသည်။

ထိုနေရာတွင် တစ်နှစ် ၊နှစ်နှစ်ခန့်ရှိလာသည့်အခါ စည်ကားစပြုလာသည်။ဒီတွင် အတူပြောင်းလာသူထဲက ဦးကိုမြဆိုသူက လဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်သည်။ ဦးကိုမြ ဆိုင်မဖွင့်ခင်ကပင် ရပ်ကွက်ထဲ တစ်ဆိုင်ရှိပြီးသား ဖြစ်သည်။ ဦးကိုမြက ယခင်က တရုတ်လဖက်ရည်ဆိုင်တစ်ဆိုင်တွင် အဖျော်ဆရာဖြစ်သည်။ သူအလုပ်ရှင်က ဦးကိုမြ လှိုင်သာယာပြောင်းရသည်အခါ မြို့ထဲသို့ နေ့တိုင်းအလုပ်ဆင်းနိုင်မည် မဟုတ်သဖြင့် ဆိုင်ပစ္စည်းအချို့နှင့် ငွေအနည်းငယ်ပေးကာ အရင်းအနှီးထုတ်ပေးသည်။ ထိုစဉ်က လှိုင်မြစ်ကူးသည့် တံတားက မဆောက်ရသေး ။ ဘုရင့်နောင် တံတားနေရာတွင် ဟိုဘက်ကမ်းကို ဇက်ဖြင့် ကူးရသည်။ အလျင်လိုသည့်အခါ လက်ခတ်သမ္မာန်ဖြင့် ကူးရသည်။ ဆိုတော့ သွားရလာရခက်သဖြင့် အရပ်ထဲမှာလဖက်ရည်ဆိုင်ဖွင့်သဖြင့် အဆင်ပြေပါ့မလားဟု ကျနော်တို့တောင် ထင်သည်။ သို့သော် ဦးကိုမြက သောက်သူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မနက်ဆို ၄ နာရီ ထသည်။တရားခွေဖွင့်ပြီး မီးဖိုတည်သည်။ နောက် အနီးနားကို သန့်ရှင်းရေးလုပ်သည်။ပြီးလျှင် ဆိုင်ကို ရှင်းသည်။ တစ်ရက်တာ ကုန်သလောက်အီကြာကွေးကြော်သည်။ ထမင်းကြော်လေး ကြော်သည်။ လဖက်ခြောက်နှပ်သည်။

မိုးရွာရွာ၊ရေကြီးကြီး ဘယ်အချိန်မဆို မနက် ၄ နာရီကနေ ည ၉ နာရီထိ သူ့ဆိုင်က ဖွင့်သည်။ ကြာလာတော့ မနက်ဖက်စောစောထသူတွေက ဒီအချိန်ဆို ဦးကိုမြဆိုင်ဖွင့်ပြီဆိုတာသိ၍ သေချာသည့် ဦးကိုမြဆိုင်ကိုသာ လာသည်။နောက်တော့ ရပ်ကွက်ထိပ်ကဆိုင်က ဆိုင်ဖွင့်ထားသော် လည်း အဖျော်ဆရာမမြဲသဖြင့် အရသာက အမျိုးမျိုးဖြစ်သလို သန့်ရှင်းမှုကလည်းနည်းသဖြင့် နောက်တော့ နေရာကောင်းမှာရှိသည့်ထိုဆိုင်မှာ လူအသွားပြီး ပုံမှန်အမြဲရှိနေသည့် ဦးကိုမြဆိုင်မှာ ရောင်းရမှုပိုများလာသည်။ နောက် တံတားတွေဆောက်ပြီးသည့်အခါ ဦးကိုမြဆိုင်မှာ ဆိုင်ကြီးအဖြစ် လမ်းမတန်းတွင် နေရာပြောင်းဖွင့်ပြီး ယခုတိုင် ရောင်းကောင်းနေဆဲ၊ ယခင်အတိုင်း ဆိုင်ဖွင့်ချိန် အချိန်မှန်နေဆဲ အစားအသောက်နှင့် အဖျော်လက်ရာမှာ ယခင်အတိုင်းရှိနေဆဲ ဖြစ်သည်။

ပြောချင်သည့်အချက်မှာ အခြားမဟုတ်။ တစ်စုံတစ်ခုကို စွဲစွဲမြဲမြဲလုပ်ပါက နောက်ဆုံးတွင် အောင်မြင်မှုကို ရခြင်း ဖြစ်သည်။ ကျနော်အပါအဝင် အများစုမှာ မိမိကိုယ်ကိုညှာတတ်သည့်အကျင့်ကိုဖျောက်ရန် ဝန်လေးသဖြင့် ရသင့်သည့် အောင်မြင်မှုကို မရသလို ခံစားရသင့်သည့်အခွင့်အရေးကိုလည်း မခံစားရပေ။ ယခုအသက်ကြီးပိုင်း ရောက်လာသည့်အခါ မနက်စောစောလမ်းထလျှောက်ခြင်းကိုပင် ပုံမှန်မလုပ်နိုင်သည်က များနေသည်။ စီးပွားရှာခြင်း၊ပညာရှာခြင်းမဆိုနှင့် ကျန်းမာရေးအတွက်ပင် ဇွဲလုံ့လ ၀ီရိယနည်းသည့်အခါ ဖြစ်လာသည့် အကျိုးဆက်က ကိုယ်လောက် ချူခြာသည်မှာ ကိုယ်ဘဲရှိတော့သည့်အဖြစ်ပင်။

ဘယ်အရာမဆို မှန်မှန်သာလုပ်ကိုင်ဆောင်ရွက်ရမည်ဆိုသည်ကို ကျနော်တို့ငယ်စဉ်က ဘာကိုဆိုလိုသည် ကို သေသေချာချာမသိ။ စိတ်ပါသည့်အခါ အတိုင်းအဆမဲ့လုပ်၊ စိတ်မပါသည့်အခါ ရပ်ထားဖြင့် လူထဲက လူတစ်ဦးသာဖြစ်ခဲ့သည်။ ထို့အတွက် အောင်မြင်ခြင်းဆိုသည်မှာ ပညာအရည်အချင်း၊ ကံ၊လူအတန်းအစားခွဲခြားမှု ပေါ် မူတည်သည်ဟု မှတ်ထင်ဖူးသည်။ သို့သော် တကယ်က နယ်ပယ်အသီးသီးတွင် ထူးချွန်ပေါက်မြောက်သူတွေကို ကြည့်ပါက ဇွဲခတ်ပြီးလုပ်ကိုင်သူတွေနှင့် ပုံမှန်ကြိုးစားအားထုတ်နေသူတွေ ဖြစ်သည်ကိုတွေ့ရသည်။ လောကီနှင့် လောကုတ္တရာကိုကြည်ပါကလည်းထိုအတိုင်းတွေ့ရမည် ဖြစ်သည်။

ဘယ်အရာမဆို ဖြေးဖြေးမှန်မှန် ကြိုးစားလုပ်ကိုင်ရမည်ဖြစ်သည်။ မလောနှင့်။မစောနှင့် ဟုငယ်ငယ်က ဆရာကဆိုဖူးသည်။ ယခု အချိန်လွန်မှ ကျနော်သိသည်။ သို့သော် သေရန်အတွက် ဘ၀ခရီးကို ပြင်သည့်အခါတွင် တရားဓမ္မ၌ သုံးရန် အချိန်ရသဖြင့် ကျေးဇူးတင်ရမည် ဖြစ်လေသည်။

                   မောင်ဦးလွင်