【ဆောင်းပါး】လွမ်းစရာ စာအုပ်ပွဲတော်များ

【ဆောင်းပါး】လွမ်းစရာ စာအုပ်ပွဲတော်များ

စာအုပ်စျေးပွဲတော်တွေ မကျင်းပဖြစ်တာကြာပါပြီ။ မရှိဘူးဆို သုံးနှစ်တော့ အနည်းဆုံး။ ဒီကြားထဲမှာ အွန်လိုင်းကနေ လျော့စျေးဖြင့် ရောင်းသည့် စာအုပ်ဆိုင်တွေ၏ ကြေငြာတွေ မြင်ရသည့်အခါ စိတ်ထဲစာအုပ်ပုံထဲ စာအုပ်ရွေးရသည့်အရသာကို ပြန်အောက်မေ့သည်။ ဟိုတစ်လောက အွန်လိုင်းမှနေ စာအုပ်တိုက်ကြီးတစ်ခုက စာအုပ်တွေကို လျော့နှုှုးဖြင့် ၎င်းတို့ တိုက်မှထုတ်ခဲ့သမျှ စာအုပ်တွေကို ရောင်းချသည်။ထိုထဲတွင် ကျနော်မှာ မရှိတော့သည့် စာအုပ်တွေ၊ တချို့ဆို ကြားသာကြားဖူးပြီး မမြင်ရဖူးသည့်စာအုပ်တွေပါသည်။ အွန်လိုင်းက ဖြစ်သဖြင့် အထဲမှာ ပါသည့် စာရေးဆရာကြီးများ၏ စာကို မြည်းလို့မရ။

မှတ်မိသမျှဆိုလျှင် ကျိုက္ကဆံ ပြည်ထောင်စုနေ့လို အခမ်းအနားများတွင် စာအုပ်တွေ ရောင်းသည်ကို စကြုံမိခြင်းဖြစ်လိမ့်မည်။ ထိုစဉ်က ကျနော်အသက်က ရှိလှ ၁၀ နှစ်ကျော်ကျော်သာ။ ယခု အသက် ၆၀ တန်း ဖြစ်သဖြင့် ကြာခဲ့သည်မှာ ရာစုနှစ် တစ်ဝက်ခန့်ရှိပြီ။ ထိုစဉ်က ငယ်သေးသဖြင့် မှတ်မိတာအချို့ရှိသော်လည်း အသေးစိတ်တော့ ပုံပြန်မဖော်နိုင်တော့။ မှတ်မိနေသေးသည်က ပုံပြင်စာအုပ်အချို့ပင်။ နောက်တော့ အဖေက စာပေဗိမ္မာန် အသင်းဝင်တော့ ထိုအသင်းကထုတ်ဝေသည့် စာအုပ်ပေါင်းစုံကို ရသည်။ ထိုစာအုပ်ထဲ လူငယ်စာပေလို့ ခေါ်သည့် လူငယ်အကျိုးပြုစာတွေ၊ ပါတီစာစောင်တွေ စသည်တို့ ဖတ်ရသည်။ ထို့ပြင် နောက်ပိုင်းတွင် ရွှေသွေး၊မိုးသောက်ပန်း၊တို့ကျောင်းသား စသည့် စာစောင်တွေ ဖတ်ရသည်။ ကျောင်းက စာကြည့်တိုက်တွင်လည်း အတော်လေးကို စုံစုံလင်လင်ဖတ်ရသေးသည်။နောက်တော့ ရှုမ၀မဂ္ဂဇင်းတွေ ၊ သပြေမဂ္ဂဇင်းတွေ၊ သိပ္ပံမဂ္ဂဇင်း စသည်တွေ ဖတ်လာရသည်။ မှတ်မိသလောက်ပြောရသဖြင့် ဟိုရောက် ဒီရောက် ဖြစ်နေမည်မှန်သော်လည်း ထိုခေတ်ကာလက ရွှေသွေးဆိုလျှင်လည်း သောကြာနေ့ ညနေဘက်ဆို ရပြီ ဖြစ်သဖြင့် အဖေပြန်လာသည့်အချိန်ကို စောင့်ရသည်မှာ ယခုတိုင် မနေ့တစ်နေ့ကလို ဖြစ်သည်။   

စာအုပ်ပွဲတော်များတွင် ကျနော်တို့ ငယ်စဉ်ခေတ်က စာအုပ်စာစောင်တွေကို တွေ့ရသည့်အခါ တကယ်ကို စိတ်ကြည်နူးစရာဖြစ်ပြီး ငယ်ဘ၀ကို ပြန်ရောက်သွားသလို ခံစားရသည်။ ထို့ပြင် စာအုပ်တွေရွေးရင်း မထင်မှတ်ဘဲ ကိုယ်ဖတ်ချင်သည့်စာအုပ်ကို ကိုယ်လက်လှမ်းမီသည့် စျေးဖြင့်ရသည့်အခါ ထိုခံစားချက်က တစ်မျိုး၊ မဝယ်နိုင်သည့် စာအုပ်များကိုလည်း ထိုနေရာတွင် မြည်းရဖတ်ရသည့်အရသာက တစ်မျိုးဖြင့် စာချစ်သူများအတွက် စာအုပ်ပွဲတော်က ဖမ်းစားနိုင်လွန်းလှသည်။စာအုပ်များကို ထိတွေ့ရသည့် အရသာက  တချို့တွေအတွက်တော့ မသိ။ ကျနော်အတွက်တော့ အရမ်းချစ်ခင်မြတ်နိုးရသည့် သူတစ်ဦးကို ထိတွေ့နေရသလို ခံစားရသည်။ ကိုယ်လို စာချစ်သူ အချင်းချင်း စာအုပ်ရွေးရင်း တွေ့သည့်အခါ လဘက်ရည်ဆိုင်ထိုင်ရင်း ခေတ်ကိုမေ့၊ ဘ၀ကိုမေ့၊လက်ရှိအခြေအနေကို မေ့ပြီး စာအကြောင်း စာအုပ်များအကြောင်း ဆွေးနွေးရသည်မှာ ဘာနှင့်မှ မလဲနိုင်သည့် စိတ်ကျေနပ်မှုပင်ဖြစ်သည်။

ယခင်ကဆို  မိုးလေကင်းလွတ်သည့်အချိန်အခါ ရောက်ပါက စာအုပ်ပွဲတော်တွေ ဟောတစ်နေရာ ဟောတစ်နေရာ တွေ့ရသည်။ စာအုပ်အဟောင်းတွေ ပုံမှန်ရောင်းသည့်နေရာတွေလည်း တချို့နေရာတွင် ရှိသည်။ သမိုင်းလမ်းဆုံလိုနေရာတွေ၊ အင်းစိန်ကုန်းတံတားအောက်။ မြို့ထဲကတော့ ဌာနချုပ်ဖြစ်သည်။ ယခင်က ပန်းဆိုးတန်း ယခု ရွှေဘဏ်ဆိုသည့်နေရာတွင် ။နောက်တော့ ယခုအုန်းစော စာပေရှိသည့်လမ်းထဲ အတော်များများ ရောက်သွားသည်။ နောက်တော့ မြို့ထဲ တချို့နေရာတွေမှာ။ တချို့ကတော့ ဘယ်ရောက်လို့ ရောက်မှန်းမသိတော့။ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က အာရှပလာဇာဘက်ကနေ ဝန်ကြီးများရုံးရှိရာထိ ။ပြန့်ကြဲသွားသည်။ ယခင်ကတော့ ပန်းဆိုးတန်းလမ်းမ ရေကြောင်းရုံးတွေ ဘဏ်တွေ အစိုးရရုံးများရှိရာ ရှေ့ ကျယ်ပြန့်သည့် ပလက်ဖောင်းပေါ် စာအုပ် စိတ် ကြိုက်သာ အချိန်မရွေး ရွေးချယ်လို့ ရသည်။ ယခင်က ဒီလိုစာအုပ်သစ် တစ်အုပ်ထွက်နိုင်ဖို့ဆိုတာ ခက်သလို စာအုပ်ကို စုဆောင်းရလောက်အောင် ငွေကြေးပြေလည်သူမှာလည်း ရှားလှသဖြင့် စာအုပ်မှာ အဟောင်းစျေးကွက်ထဲ ရောက်လာလိုက် ပြန်ပါသွားလိုက်နှင့် လည်ပတ်နေလေ့ရှိတတ်သည်။ နိုင်ငံခြားထုတ် ရီးဒါးဒိုင်ဂျက်လို မဂ္ဂဇင်းတွေ တိုင်းလို မဂ္ဂဇင်းတွေ ဆို သင်္ဘောသားတွေ သံရုံးကနေ ဘော်တယ်ကုလားဆီ ရောက်ပြီး ဒီလို စာအုပ်အဟောင်းတန်းကိုရောက်လာခြင်း ဖြစ်သည်။

ထိုစဉ်က စာအုပ်အဟောင်းဆိုင်များက စာပေသမားတွေ စာချစ်သူတွေ၏ အဓိက ရင်းမြစ်ဖြစ်သလို ဝေမျှရာနေရာလည်း ဖြစ်သည်။ စာအုပ်သစ်လိုချင်သည့်အခါ ကိုယ်လိုချင်သည့် စာအုပ်အဟောင်းတစ်အုပ်ကို ရှာချင်သည့်အခါ ပန်းဆိုးတန်းအောက်ဘလောက်ကို လာမှရသည်။ ထိုနေရာတစ်၀ိုက်ကို ထိုစဉ်က ကျင်လည်ခဲ့ဖူးပါက ယခုအချိန်အခါတွင် ရှိသေးသည့် မရှိတော့သည့် မြန်မာစာပေလောကသားများကို သိမည်ဖြစ်လေသည်။ ထိုမျှအထိ စာအုပ်အဟောင်းတန်း၏ဩဇာအာဏာနှင့် အရေးပါမှုက ကြီးခဲ့သည်။ ထိုစာအုပ်အဟောင်းတန်းမှာ ၁၉၉၀ ကျော်ကာလတွင် အမျိုးမျိုးသော စိတ်ရူးပေါက်သူတို့‌ကြောင့် စာအုပ်အဟောင်းရောင်းဝယ်သူနှင့် ဝယ်သူရောင်းသူတို့မှာ တောရောက်တောင်ရောက်ဖြစ်ကုန်ကာ လူစုကွဲကုန်ကြသည်။ တချို့ စာအုပ်ရောင်းသူများဆို ဘယ်ဆီ ဘယ်ဝယ်ကို ရောက်မှန်းပင်မသိတော့။    

ထိုကာလအကျော်မှာ စာအုပ်စျေးပွဲတော်ဆိုတာမျိုးတွေ စလာခဲ့သည့်အခါ အစောက စာအုပ်ဟောင်း ရောင်းသူတွေကို တစုတစ်စည်းတည်းတွေ့ရသလို အရင်ကမတွေ့ရသည့် စာအုပ်တွေပါ ဆိုင်ခုံတွေပေါ် ပြန်တွေ့ရသည်။ တချို့တွေက စာအုပ်စျေးပွဲတော်များကို အားခဲပြီး စာအုပ်တွေ စုကြသလို ကျနော်တို့လို စာအုပ်အသစ်နား မကပ်နိုင်သည့် စာချစ်သူအဖိုးကြီးများကလည်း ထိုသို့ စာအုပ်စျေးပွဲတော်များကိုမျှော်ကြလေသည်။ ထိုမျှအထိ ပြင်ဆင်ကြ စိတ်စောကြသည်ကို စာချစ်သူတွေသာ သိရှိခံစားနိုင်ကြလိမ့်မည် ဖြစ်လေသည်။

ကိုဗစ်မဖြစ်ခင် နှစ်များကတော့ ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ကောင်းမှုဖြင့် စာအုပ်အဟောင်းအရောင်းဆိုင်တန်းကို ရန်ကုန်မြို့၏ အချက်အခြာကျသည့် ဝန်ကြီးများရုံးတစ်၀ိုက်တွင်  စနေ၊တနင်္ဂနွေ ဖွင့်ပေးသဖြင့် ကျနော်တို့ စိတ်ကြိုက် ဇိမ်ကျခဲ့ရသည်။ တချို့ဆိုင်တွေဆို စာအုပ်လာရွေးသည့် လာဝယ်သည့်သူတိုင်းကို ကော်ဖီတောင် တိုက်သည်။ မြတ်လို့တော့ ဖြစ်ဟန်မတူ။ စာချစ်သူတွေကို ဧည်ခံကြသည့် အိမ်ရှင်တစ်ယောက်လို ဧည့်ဝတ်ပြုသလိုမျိုး။ ဒီနေရာမှာ မတွေ့တာ ကြာသည့် မိတ်ဟောင်းဆွေဟောင်းများကို ပြန်တွေ့ရသလို ငယ်စဉ်က ဖတ်ခဲ့ရသည့် စာအုပ်အချို့ကိုလည်း ရခဲ့သည်။ မဖတ်ရသေးသည့် ကြားဖူးတာကြာပြီဖြစ်သည့် ဖတ်ချင်နေသည့် စာအုပ်တွေကိုလည်း ထိုနေရာမှာ ဝယ်ခွင့်ရခဲ့သည်။ ချစ်လှစွာသော စာအုပ်များကို ပွေ့ဖက်ကာ ချစ်ခင်ရသူတွေကို တွေ့ရသည်က စိတ်ထဲမည်မျှ ပြီးပြည့်စုံသလဲဆိုသည်ကို စကားဖြင့် ဖော်ပြရန်ပင် မရှိတော့။

ယခုတော့ အရာရာ သုည ဖြစ်ရလေပြီ ဖြစ်သည်။ စာဖတ်ဖော်တွေ စာအုပ်ရှာဖော်တွေ ရှိကော ရှိပါသေးရဲ့ လား၊ ပြင်းထန်သည့် ကပ်ဘေးထဲပါသွားသည်လား။ စာအုပ်ဟောင်းရောင်းသူ မိတ်ဆွေဟောင်းတွေရော ဒီဘက် ခေတ် ကျပ်ထဲ ဘာတွေနဲ့ လုပ်ကိုင်စားသောက်နေရပါသလဲ။ ပန်ဆိုးတန်း အောက်ဘလောက် ယခင်အမေ့အိမ် စာအုပ်ဆိုင်ရှေ့ရောက်တိုင်း ခေတ္တရပ်ကာ အတိတ်ကိုတွေးမိသည်။ ဪ …နောက်ဆုံးတော့ အရာရာမမြဲပါလားဟု ..။

မသေခင်တော့ လူတွေ စိတ်နှလုံးကြည်နူးပြုံးပျော်ရွှင်စွာ ရွေးကြ ဝယ်ကြသည့် စာအုပ်အဟောင်းဆိုင်တွေ ၊အရောင်းဆိုင်တွေ ၊စာအုပ်တိုက်တွေ အားလုံးစုစည်းပါဝင်သည့် စာအုပ်အရောင်းပွဲတော်မျိုးကို ကြုံချင်ပါသေး သည်။ ဆုံချင်ပါသေးသည်။

မောင်ဦးလွင်