“ အရိပ်များ ပျောက်သည့်အခါ ”

“ အရိပ်များ ပျောက်သည့်အခါ ”

ယခင်နေခဲ့သည့်အရပ်တွင် ကျနော် ပုံမှန်ထိုင်နေကြ လက်ဖက်ရည်ဆိုင်က မြို့ပတ်ရထားလမ်းဘေးတွင်ရှိသည်။ ထိုလက်ဖက်ရည်ဆိုင် ခပ်လှမ်းလှမ်းတွင် ကုက္ကိုပင်ကြီးများက ရထားလမ်းတစ်လျှောက်အစီအရီရှိသည်။ ရထားလမ်းဘေး ထိုအပင်ကြီးများအောက်တွင် အကြော်ဆိုင်တစ်ဆိုင်၊ ဝက်ဆီဖတ်ကျော်သည့်အကြော်ဖို တစ်ခုရှိသည်။ ထိုအကြော်ဖိုနှစ်ခုမှာ အပင်ကြီးများအောက်တွင်ရှိပြီး မနက်စောစော လမ်းလျှောက်သည့်အခါ ထိုအကြော်ဆိုင်တွင် ဝင်ပြီး စကားလေးပြော၊အကြော်လေးဝယ်၊တခါတရံ အကြော်ဆိုင် မလှမ်းမကမ်းက ဘုန်းကြီးကျောင်းမှ ဆရာတော်လမ်းလျှောက်ထွက်လာတာနှင့်ကြုံလျှင် အကြော်ဝယ်ကပ်ပြီး ဆရာတော်နှင့် အကြော်ဆိုင်တွင် ရေနွေးကြမ်းကပ်ကာ ရပ်ရေးရွာရေးပြောကြဆိုကြ။ ဘာသာရေးအကြောင်းပြောကြ။ ဆရာတော် ရပ်ထဲမှာ စရာရှိသည့်စကားကို ယူသွားပေးနှင့် ထိုကုက္ကိုရိပ်မှာ ကျနော်တို့အတွက် ဆုံရပ်ဖြစ်သည်။  

 

 

နေ့လယ်နေ့ခင်းဆို ထိုကုက္ကိုလ်ပင်ရိပ်က အတန်းလိုက် ရထားလမ်းဘေးတွင်ရှိပြီး နွေနေ့လယ်တွေဆို ရပ်ထဲရွာထဲမှာသူတွေ ကလေးတွေခေါ်ပြီး ရထားလမ်းဘေးအရိပ်အောက်မှာ အပူရှောင်ကြ၊ ဝက်ဆီဖတ်ဖိုကနေ အူစုံ လေးဝယ်စားကြ၊ ကုက္ကိုစေ့လှော်ကြနှင့် ယခုပြန်တွေးတိုင်း အေးမြခြင်းကို ခံစားရမိသည့်အထိပင်။ အပင်၏ အရိပ်အောက်တွင် ရပ်ကွက်ထဲက ကလေးတွေ အတွက် ကစားကွင်းမှသည် လူကြီးတွေ၏စီးပွားရေးနှင့်လူမှုရေး အထိ ဘာသာရေးအထိ စုဝေးလုပ်ဆောင်ကြသည် တန်ဖိုးကြီးလှသည်။ စိတ်ထဲမှာ အခုချိန်ထိပြန်တွေးမိတိုင်း စိတ်ထဲ လတ်ဆတ်သည့် စိတ်ခွန်အားတွေ ဖြစ်မိသည်အထိ ထိုအရပ်က ကုက္ကိုပင်အရိပ်တန်းက ဆွဲဆောင်မှုအား ကြီးလွန်းလှသည်။

 

 

ထိုအရပ်ကနေ ကျနော်တို့ ပြောင်းလာခဲ့သည်။ ဘ၀ဆိုတာ နေချင်လဲမနေရ၊ပျော်လဲမနေရ နေသင့်သည့် အရပ်၊သွားသင့်သည့်အရပ်ဆို ရေကြည်ရာ မြက်နုရာဆိုသလို ပြောင်းပြီး ပိုသင့်တော်မည်ထင်သည့် ယခုနေရပ်သို့ ရွှေ့လာရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ယခင်ဇာတိအရပ်ဆိုတာ စိတ်ထဲ အမြဲတမ်းရှိခဲ့သည်။ ဆိုသည်မှာ ကျနော်နေခဲ့သည့် အရပ်က စိတ်ထဲတွင်ရှိနေသည့် ဇာတိအရိပ်ကိုဆိုလိုချင်းဖြစ်သည်။အသက်အရွယ်ကြီးလာသည့်အခါ ထိုနေရာတွင် နေခဲ့သည်ဆိုသည်နှင့် ထိုသူနှင့်ပြောစရာစကားကမကုန်၊ ဘယ်မှာနေခဲ့သလဲ၊ဘယ်အချိန်က နောက်ဆုံး ရောက်ခဲ့သလဲ၊ဘယ်သူတွေရှိသေးလဲ၊ဘာတွေ ပြောင်းလဲသွားပြီလဲ စသည့် ‘လဲ’ပေါင်းများစွာ၊မေးခွန်းပေါင်း များစွာ၊ သတင်းစကားပေါင်းများစွာဖြင့် မေးလို့မဆုံးနိုင်အောင်ပင်။   

 

 

ဇာတိချစ်စိတ်ဆိုသည်မှာ ကိုယ်မွေးဖွားရာအရပ်တွင် မည်သို့ပင်နေရသည်ဖြစ်စေ၊ မည်သို့ပင်ကြီးပြင်း လာရသည်ဖြစ်စေ ထိုအရပ်တွင် နေရသည့်အချိန်ကာလက ဘ၀၏ငယ်စဉ်ရွှေရောင်အချိန်ကာလပင်ဖြစ်သည်။ မဖြစ်သာလို့ ခွဲခွာလာရသည်ဖြစ်စေ၊ အချိန်ကျလို့ ကံကြမ္မာကြောင့် ထွက်ခွာလာရသည်ဖြစ်စေ၊ ဘ၀တက်လမ်း အတွက် ထွက်လာရသည်ဖြစ်စေ အကြောင်းတစ်ခုခုကြောင့်ထွက်လာရသည်ဖြစ်စေ ကိုယ်နေထိုင်ခဲ့ရသည့် ဇာတိမြေရှိ အချိန်ခဏလေးကို ပြန်စဉ်းစားလိုက်သည်နှင့် လွမ်းစရာတွေ တစ်ပုံတစ်ပင်ဟု ဆိုရမလိုပင်။ 

ယခုကျနော်လည်း လက်ရှိနေသည့်အရပ်မှာ ဘယ်လောက်ပဲပျော်နေသည်ဖြစ်စေ မနက်စောစော ဝေလီ ဝေလင်း လမ်းလျှောက်သည့်အခါ အကြော်ကြော်သည့်နေရာကို တွေ့မြင်ရသည့်အခါ ဇာတိမြေက အကြော်ဆိုင် ကို စိတ်ထဲပြေးမြင်သတိရစိတ်က တစ်ပတ်မှာ တစ်ခါတော့ ဖြစ်မိသည်။ ယခုရက်ပိုင်းဆို ပိုသတိရမိသည်။ ၁၉၈၈-၈၉ ခုနှစ်ကအထိ ထိုအရပ်တွင်နေလာခဲ့သည်ဖြစ်ရာ ယခုလို ဗရုတ်ဗရက်အချိန်ကာလတွင် ကိုယ်အသက် ကိုယ်မပိုင်သည့်အခါ၊မနက်နှင့်ညတောင် ကိုယ်အသက်ကိုယ်အာမမခံနိုင်သည့်အခါ ကိုယ်ဇာတိအရပ်၏ တစ်ဦးနှင့်တစ်ဦး စောင့်ရှောက်မှုကို ပြန်သတိရမိသည်။ အထူးသဖြင့် ဇာတိ၏အေးမြသည့်အရိပ်ကို ပြန်လိုချင်မိသည်။ ဇာတိမှာသာ ဆိုရင် ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ညဘက်စိတ်ချလက်ချတော့ အိပ်နိုင်မှာပဲဆိုသည့် စိတ်က ဖြစ်မိသည်။

 

 

စာတွေထဲ စိတ်ကို အတတ်နိုင်ဆုံးနှစ်ပြီး အချိန်ကာလကိုဖြတ်ကျော်သည့်အခါ ကိုယ်နေထိုင်ခဲ့သည့်အရပ် က ပတ္တိရူပဒေသဆိုသည့် နေသင့်သည့်အရပ်ဆိုတာ ဒီလိုပါလားဆိုတာကို ပြန်မြင်မိသည်။ သူငယ်ချင်းတစ်ဦးက နိုင်ငံခြားတွင် အလုပ်ကာလကြာရှည်စွာသွားနေရာမှ အသက်ကြီးလာသည့်အခါ ရပ်ရွာသို့ ပြန်လည်နေဖို့ ပြန်လာ သည့်အခါ ကျနော်နေသည့်နေရာသို့လာပြီးနှုတ်ဆက်သည်။ ထိုစဉ်က ကျနော်မှာ သူကို ဒီကောင် ဘယ်လိုဖြစ်လို့ ဟိုနိုင်ငံခြားမှာလို အရာရာပြည်စုံသည့်နေရာကို စွန့်ပြီး ဒီကိုပြန်လာရလေသလဲဟု စိတ်ထဲ အပြစ်တော့ တင်မိသည်။ နောက်တော့ သူလည်း အသက်ကကြီးလာတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ ခေါင်းချချင်မှာပေါ့လေဟု ဖြေတွေးမိသည်။ ယခုကျတော့ သူလည်း ရပ်ရွာမတည်ငြိမ်သဖြင့် ပြေးနေရသည်ကြားသည်။ ရပ်ရွာမှာရှိသည့် လူတွေလည်း ဟိုရောက်ဒီရောက်တကွဲတပြား။ အရိပ်တွေအားလုံး လည်းနေရာတိုင်းမှာ ပျက်စီးနေရလေပြီ။

 

 

ယခု ဖြစ်နေသည်က နေထိုင်ရာအရပ်ဒေသ မနေသင့်သည်ဆိုသည်ထက် ခေတ်အဆက်ဆက် ကြုံတောင် ကြုံဆဲ ရန်သူမျိုး (၅)ပါးနှိပ်စက်ဖျက်ဆီးတာနှင့် ကပ်ဘေးကို တပြိုင်နက်တည်းတွေ့ကြုံခံစားနေရလို့ဖြစ်သည်။ တစ်ခါတစ်လေ အထိုက်အလျှောက် အေးချမ်းခဲ့သည့် မကြာသေးသည့် နှစ်တွေကို ပြန်သတိရ တမ်းတမိသည်။ ယခုလို နေ့ တထိတ်ထိတ်၊ညတထိတ်ထိတ်နှင့် ဆိုးသွမ်းရက်စက်သည့်နေ့တွေတွင် ယခင်က နေ့ရက်တွေကို ပြန်သတိရမိသည်။ ထိုစဉ်က ငါတို့ဒီလိုနေရမည်လို့ ပြောခဲ့လျှင် ယုံမိမည်မဟုတ်။  

 

 

တကယ်ပြန်စဉ်းစားကြည့်တော့ ဒီလိုဖြစ်တာ သိပ်တော့မဆန်း။  ခေတ်တွေအားလုံးကို ပြန်ကြည့်သည့် အခါ  ‘အပရိဟာနိယတရား ၇ ပါး’ကို ကိုင်စွဲတဲ့ သူတွေကို ကျနော်တို့ တစ်ခါမှ မကြုံခဲ့ရပါလားဟု သုံးသပ် စဉ်းစား မိသည်။ ကြုံရသည်ဆိုလျှင်လည်း အခိုက်အတန့်သာဖြစ်မည်။ အစဉ်အဆက် အတ္တကြီးပြီး အမျက် ဒေါသအား ကြီး သည့်သူတွေနှင့်သာ ခေတ်အဆက်ဆက် ကြုံခဲ့ရလေပါလားဆိုတာကို တွေးမိသည်။

 

 

‘အပရိဟာနိယတရား ၇ ပါး’ဆိုသည်မှာ ဘုရားဟော တရားထဲတွင် ဝေသာလီပြည် ပျက်စီးရခြင်းနှင့်ပတ်သက်ပြီး ထင်ရှားသည့်တရားလည်းဖြစ်သည်။  ထို ‘အပရိဟာနိယတရား ၇ ပါး’ကို ဂိဇ္ဈကုဋ်တောင်တွင်  ဗုဒ္ဓဘုရားရှင် သီတင်းသုံးနေစဉ်  အရှင်အာနန္ဒာကို ဝေသာလီပြည် ဝဇ္ဇီမင်းတို့ကိုအကြောင်းပြု၍ ဘုရားဟောတော်မူ ခဲ့ခြင်း ဖြစ်သည်။  

 

 

အဲဒီ ‘အပရိဟာနိယတရား ၇ ပါး’ ကို  ဗုဒ္ဓဘုရားရှင်က အရှင်အာနန္ဒာကို ဟောခဲ့ရာတွင်  ဗုဒ္ဓဘုရားရှင်က “ ချစ်သား အာနန္ဒာ…. အကြင်မျှသော ကာလပတ်လုံးဝဇ္ဇီမင်းတို့သည် အညီအညွတ်စည်းဝေးတိုင်ပင်ခြင်း၊ ပြု ဖွယ်ကိစ္စဟူသမျှ၌ အညီအညွတ် သာပြုကြခြင်း၊ရှေးမင်းတို့ ပညတ်သောအရာကို ထပ်ကာလည်း မပညတ်၊ ပညက်ပြီးကိုလည်း ဖျက်ဆီး၍ အသစ်မပြင်ခြင်း၊မိမိထက်အသက်သိက္ခာကြီးသော သူတို့ကို အရိုအသေ ပြုခြင်း၊သူကြီးတို့၏ စကားကိုနာယူခြင်း၊ပြည်သူတို့၏သမီးကိုဖိစီးနှိပ်စက်၍ မသိမ်း မပိုက်ခြင်း၊မြို့စောင့် နတ်တို့ ကို ရိုသေမြတ်လေး လုပ်ကျွေး ပသခြင်း၊သီလဝန် ဂုဏဝန်ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ် တတ်သိလိမ္မာသော ရဟန်း ပုဏ္ဏား တို့ကို မြှောက်စား ချီးပခြင်း တည်းဟူသော အပရိဟာနိယ ဓမ္မခုနှစ်ပါးကို အားထုတ်ဖြည့်ကျင့်သည် ဖြစ်အံ ၊ထိုမျှ လောက်သော ကာလ ပတ်လုံး ပျက်သုန်းယိုယွင်းခြင်းသည်မဖြစ်ရာ၊ကြီးပွားစည်ပင်သည်သာ ဖြစ်လတ္တံ” လို့ ဟောတော်မှုခဲ့သည်။ 

 

 

ကျနော်တိုမှာ နေသင့်သည်ဆိုသည့်အရပ်ဆိုပြီး ဘ၀တစ်ခုလုံး မီးဖိုပေါ်က အိုးစရည်းထဲ ပတ်ခွေ လျှောက် နေသည့်  ပုရွတ်ဆိတ်များလို ဖြစ်နေခဲ့ပါလားဆိုပြီး တွေးမိသည်။ မီးဖိုပေါ်က အိုးစရည်းလို ဘယ်အချိန်အပူ ကြောင့် ကွဲထွက်မလဲကြောင့်ကြစိုးရိမ်နေရသည့်အချိန်တွင် အိုးစရည်းအပေါ် နေအပ်သည့်အရပ်ဆိုပြီးလည်း ထူးသည့်နေရာတော့ရှိမည်မထင်။ဘ၀တွင် ကြုံရသည်မှာ  ဒီတစ်ခါလောက် လူတွေ ဘက်ပေါင်းစုံ ပူရ ဘေးရောက်ရ ၊ဒုက္ခရောက်ရသည့်အချိန်ဆိုတာ မရှိတော့။ စိတ်ထဲက အားလုံးကောင်းသည့်စိတ်နှင့် ကောင်းသည့်လုပ်ရပ်အတိုင်း အကျိုးပေးကြပါဟု …။

 

 

မောင်ဦးလွင်