“စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးများကို အသုံးပြုခြင်း” (Using emotional intelligence)

“စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးများကို အသုံးပြုခြင်း”
              (Using emotional intelligence)

စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးဆိုသည်မှာ -
မိမိ၏စိတ်ခံစားမှု၊ သူတစ်ပါး၏စိတ်ခံစားမှုများကို သတိရှိရှိစောင့်ကြပ်၍ အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းဖြစ်ပါသည်။

စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးကို emotional guotient (EQ) ဖြင့် တိုင်းတာသည်။

ခံစားမှုဆိုင်ရာ အရည်အသွေးကို ဖော်ထုတ်ခဲ့သူ ပါမောက္ခ Daniel Goleman နှင့် အခြားဂုရုများက ဤသို့ဆိုခဲ့သည်။

“EQ မြင့်သော မန်နေဂျာတို့သည် IQ သက်သက်မြင့်သော မန်နေဂျာတို့ထက် ပိုပြီးအောင်မြင် သည်” ဟူ၍။

EQ သည် မိမိတို့နှင့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်နေသော အခြားသူများအပေါ် နားလည်နိုင်မှု၊ အရေးထား ဆက်ဆံမှု စွမ်းရည်များကို တိုင်းတာခြင်းဖြစ်သည်။ Emotional Quotient ဖြစ်သည်။

EQ သည် ကိုယ်ရည်ကိုယ်သွေးနှင့် သိမှုတတ်မှုကို မတိုင်းတာ EQ သည် အချိန်ပေးပြီးကြိုးစားလျှင် တိုးတက်နိုင်သည်။အထူးကျွမ်းကျင်သူ (သို့မဟုတ်) ဆရာကောင်းနှင့် လေ့ကျင့်ပျိုးထောင်ယူလျှင် ရသည်။

EQ မြင့်သူသည် မိမိ၏ခံစားချက်များကို ထိန်းသိမ်းနိုင်သည်။မျိုသိပ်နိုင်သည်။မိမိပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်များနှင့် ဆက်ဆံကြရာတွင် ကိုယ်ပြုသမျှ နုရမည့်သူများကို နားလည်ခံစားမှုအပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက ပိုမိုအောင်မြင်မည်ဖြစ်ပါသည်။ဝန်ထမ်းများသည်လည်း စိတ်ဖိစီးမှုများ၊ ရုတ်တရက်ထွက်ပေါ်လာသော ဒေါသများကို ထိန်းချုပ်လာနိုင်မည်ဖြစ်သည်။တစ်ဦးတစ်ယောက်ချင်းစီ၏ စိတ်ခံစားမှုများကို ထိန်းသိမ်းနိုင်သော ဤအရည်အသွေးတို့သည် စွမ်းဆောင်ရည်ကောင်းဖြစ်ပေါ်စေပြီး၊ လုပ်ငန်းခွင်ကို သာယာချမ်းမြေ့စေနိုင်ပါသည်။

စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးများကို အသုံးချနိုင်ရန် -

“၁။ မိမိသည် စိတ်ခံစားချက်များကို သတိပြုမိပါသလား။စိတ်ထဲရှိသည့်အတိုင်း လုပ်ဆောင်သလား။စိတ်ဆန္ဒကို ခံစားချက်ကို ထိန်းသိမ်းလုပ်ဆောင်သလား။”

“၂။ ဟောဟောဒိုင်းဒိုင်း လုပ်ဆောင်တတ်သလား။တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်းသိမ်း ပြုမူတတ်သလား။”

“၃။ အခြားသူများအပေါ် စိတ်အားထက်သန်စွာ ပြောဆိုဆက်ဆံသလား။ဆတ်ဆတ်ထိမခံလား။ကြင်ကြင်နာနာ ပြောဆိုဆက်ဆံသလား။”

“၄။ ပွင့်လင်းသူတစ်ဦးလား။ (ထင်မြင်ချက်များ၊ စိတ်ကူးစိတ်သန်းများ)”

“ ၅။ ပြဿနာကောင်များကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းသလား။”

“၆။ မိမိ အလုပ်နှင့် ဘဝကို ဟန်ချက်ညီအောင် ကြိုးပမ်းသလား။” ဆိုသည့် မေးခွန်းများဖြင့် စစ်ဆေးရမည်ဖြစ်ပါသည်။

ယနေ့ခေတ်တွင် အောင်မြင်သော မန်နေဂျာတစ်ဦးဖြစ်ရန် ကျွမ်းကျင်မှု၊ IQ မြင့်မှုတို့ထက် EQ မြင့်မားရန် ပိုမိုလိုအပ်လာပြီဖြစ်သည်။အထူးသဖြင့် မတူညီသော အဖွဲ့ဝင်အမျိုးမျိုးပါသည့် ပရောဂျက်ကို ဦးဆောင်ရသည့် မန်နေဂျာတစ်ဦးအဖို့ အခြားသူများကို နားလည်နိုင်စွမ်းရှိရန်နှင့် အောင်မြင်စွာ ပြန်လှန်ဆက်ဆံကြရာတွင် EQ မြင့်မားမှသာ အဆင်ပြေချောမွေ့နိုင်ပေသည်။

လုပ်ငန်းခွင်တွင် စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ်ကို အသုံးပြုခြင်းဟူသည် အခြားသူများနှင့် ဆက်ဆံရာတွင် ပြေပြစ်ခြင်း၊ ချေငံခြင်း၊ ပွင့်လင်းမှုရှိခြင်းတို့ဖြစ်သည်။

မန်နေဂျာသည် မိမိ၏ စိတ်ခံစားချက်များကို သတိမူလျှက် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဆက်ဆံရေးကောင်းမွန်စေခြင်း၊ ယုံကြည်မှုကို တည်ဆောက်ခြင်း၊ အများ၏သဘောဆန္ဒဖြင့် ဆောင်ရွက်ခြင်းများပြုလုပ်သည်။

ငါ့သဘော၊ ငါ့ဆန္ဒသာအမှန်ဟူသော သဘောမထားဘဲ၊ အများဆန္ဒကို လေးစားခြင်း၊ ဆောင်ရွက်ခြင်းသည် EQ မြင့်ခြင်းဖြစ်သည်။မိမိ၏စိတ်ခံစားမှုများကို ရှေ့တန်းမတင်ဘဲ အများကို ရှေ့ရှုခြင်းသည် တစ်ဦးတစ်ယောက် ချင်းစီ၏ စွမ်းဆောင်ရည်များ၊ အဖွဲ့ဌာန၏ စွမ်းဆောင်ရည်များ၊ လုပ်ငန်းအဖွဲ့အစည်း၏ စွမ်းဆောင်ချက်များတိုးတက်လာစေရန် ရည်ရွယ်ရင်းဖြစ်သည်။ရည်ရွယ်သည့်အတိုင်းလည်း အောင်မြင်ထွန်းပေါက်မည်ဖြစ်ပါသည်။

စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးတွင် အတွင်းရှေ့ရှုမှုနှင့် အပြင်ရှေ့ရှုမှုဟူ၍ ရှုထောင့်နှစ်မျိုးရှိသည်။

ပထမရှေ့ရှုမှုသည် မိမိ၏စိတ်ခံစားမှုများကို သတိမူမိခြင်းနှင့် မိမိကိုယ်ကိုထိန်းသိမ်းနိုင်ခြင်းတို့ဖြစ်သည်။

ဒုတိယရှေ့ရှုမှုသည် အခြားသူများ၏ စိတ်ခံစားမှုများကို သတိမူမိခြင်း သို့မဟုတ် မျှဝေခံစားခြင်း၊ ကရုဏာ စိတ်ရှိခြင်းဖြစ်သည်။ထို့ပြင် အခြားသူများနှင့် ထိရောက်သော ဆက်ဆံရေးကို တည်ဆောက်နိုင်မှုတို့ ပါဝင်သည်။

စိတ်ခံစားမှုဆိုင်ရာ အရည်အသွေးရှုထောင့်နှစ်မျိုးဖြစ်သည့် အတွင်းရှေ့ရှုမှုနှင့် အပြင်ရှေ့ရှုမှု နှစ်ရပ်လုံးသည် ကျွမ်းကျင်လိမ္မာမှု အရည်အသွေးများပေါင်းစပ်မှုမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။

စိတ်ခံစားမှုဆိုင်ရာ ကျွမ်းကျင်လိမ္မာမှုလေးရပ် -
၁။ မိမိကိုယ်ကိုသတိပြုမိမှု
-     စိတ်ခံစားမှုများကို သတိမူမှု
-    မိမိကိုယ်ကို မှန်မှန်ကန်ကန်အကဲဖြတ်မှု   
-     မိမိကိုယ်ကို ယုံကြည်မှု (အတွင်းရှေ့ရှု ကျွမ်းကျင်လိမ္မာမှု)

၂။ မိမိကိုယ်ကို စီမံထိန်းသိမ်းနိုင်မှု
-    စိတ်ခံစားမှုများကို ထိန်းသိမ်းနိုင်မှု
-    ယုံကြည်အားကိုးရမှု
-    သတိကောင်းမွန်မှု
-    အောင်မြင်မှုကိုရှေ့ရှု
-    ပြုပြင်ပြောင်းလဲနိုင်မှု၊ လိုက်လျောညီထွေရှိမှု
-    အကောင်းမြင်မှု
-    လက်ဦးမှု

၃။ လူမှုရေးသတိမူမိမှု
- စာနာကရုဏာရှိမှု
- လုပ်ငန်းအဖွဲ့အစည်းဆိုင်ရာ သတိမူမှု
- ဝန်ဆောင်မှုကို ရှေ့ရှုနိုင်မှု (အပြင်ရှေ့ရှု ကျွမ်းကျင်လိမ္မာမှု)

၄။ ဆက်ဆံရေးစီမံမှု
- အခြားသူများကို ဖွံ့ဖြိုးတိုးတက်စေခြင်း
- လှုံ့ခေတ်ခေါင်းဆောင်နိုင်မှု
- လွှမ်းမိုးနိုင်မှု
- ဆက်သွယ်ရေးစွမ်းရည်ကောင်းမွန်မှု
- ထိရောက်စွာပြောင်းလဲစီမံနိုင်မှု
- ပဋိပက္ခစီမံခန့်ခွဲနိုင်မှု
- ခိုင်မြဲသောဆက်ဆံရေး တည်ဆောက်မှု
- အသင်းအဖွဲ့စိတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု
လေ့လာမှုစစ်တမ်းတစ်ခု၏ အဆိုအရ -

“၇၀ ရာခိုင်နှုန်းသော မန်နေဂျာတို့သည် ဝန်ထမ်းရေးရာများနှင့် စပ်လျဉ်း၍ IQ ထက် EQ ကို တန်ဖိုးထားဆောင် ရွက်ကြသည်” ဟု သိရှိရသည်။

Emotional Intelligence ဟူသော ခံစားမှုဆိုင်ရာ အရည်အသွေးကို စတင်ဖော်ထုတ်ခဲ့သူ ပါမောက္ခ Daniel Goleman သည် ကယ်လီဖိုးနီးယား စတော့တမ် (Stockton) တွင် မွေးဖွားခဲ့ပြီး၊ Amherst ကောလိပ်နှင့် ဟားဗက်တက္ကသိုလ်တို့တွင် ပညာဆည်းပူးခဲ့ကာ ဆေးဖက်ဆိုင်ရာ စိတ်ပညာဖြင့် ပါရဂူဘွဲ့ရခဲ့သူဖြစ်သည်။

ယေးလ်တက္ကသိုလ်တွင် စိတ်နှင့် ခံစားမှုဆိုင်ရာ သုတေသနများဆောင်ရွက်ပြီး Emotional Intelligence  ကို ဖော်ထုတ်ခဲ့သည်။ယခု EQ ဟု လူသိများသော အသုံးများသော စိတ်ခံစားမှုအရည်အသွေးဖြစ်သည်။

Emotion သည် တွေးခေါ်နိုင်မှု ဉာဏ်ရည်နှင့် မကြာခဏဝိရောဓိဖြစ်ကြောင်း Goleman က ဆိုခဲ့သည်။ကျွန်တော်တို့၏ တုံ့ပြန်မှုသည် မကြာခဏပင် Emotion နှင့်ဆန့်ကျင်လေ့ရှိသည်။အခြားသူများနှင့် မည်သို့ဆက်သွယ်သည်ကို EQ က ဆောင်ရွက်သည်ဟု Goleman က ယုံကြည်သည်။

စာရေးသူ၏ ကုမ္ပဏီဝန်ထမ်းဘဝ နှစ် ၂၀ ကျော်တွင် အကြီးအကဲမျိုးစုံကို ကြုံခဲ့ရသည်။ထိုအထဲတွင် ယခုလက်ရှိအကြီးအကဲသည် EQ အလွန်မြင့်မားသူဖြစ်သည်။ကိုယ့်ကိုယ်ကို စီမံထိန်းသိမ်းနိုင်သူ၊ သတိကောင်းမွန်သူဖြစ်သည်။ဆူစရာရှိလျှင်သော်မှ အပြုံးလေးဖြင့် ထောက်ပြသူဖြစ်လေရာ အဆူခံရသူက ကျေကျေနပ်နပ် လက်ခံသွားပါသည်။

မှူးခန့်စံ
ဇန်နဝါရီ - ၁၉