

 
 
 
စပစြျသီးသန်ဓေ ခေါျ molar pregnancy မှာ-
 
 
 
 
 
*Persistent Gestational throphoblastic Neoplasia*
 
 
ဇီဝက  ဆေး(၁) 
 
 
Hydatidiform mole ခေါ် စပျစ်သီး သန္ဓေတည်ခြင်း
 
Hydatidiform mole (H.mole) or molar pregnancy စပျစ်သီး သန္ဓေတည်ခြင်း ဆိုတာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ တွေ့ရတတ်တဲ့အခြေအနေတစ်ခုပါ။ US လို နိုင်ငံမျိုးမှာ ကိုယ်ဝန်ဆောင်မိခင် ၁၀၀၀ မှာ တစ်ယောက်နှုန်းတွေ့ရပီး အာရှတိုက်နိုင်ငံတွေမှာတော့ ပိုတွေ့ရပါတယ်။ သန္ဓေသား ခေါ် ကလေးလေးကောင်းစွာဖွံဖြိုးမလာဘဲ  အချင်းဖြစ်လာမယ့် trophoblasts လို့ခေါ်တဲ့ cells တွေသာ သာမန်မဟုတ်ဘဲ အဆမတန် ပွားများနေခြင်းကြောင့် သားအိမ်ထဲမှာ စပျစ်သီးပုံစံကဲ့သို့သန္ဓေတည်ခြင်း အဖြစ်တွေ့ရခြင်းဖြစ်ပါတယ်။
 
ဘယ်အသက်အရွယ်မှာအဖြစ်များလဲ?
 အသက် ၃၅နှစ်အထက် နဲ့ အသက်၂၀ အောက် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုတွေ့ရတတ်ပီး တစ်ခါ စပျစ်သီးသန္ဓေဖြစ်ဖူးတဲ့သူမှာ နောက်တကြိမ်ဖြစ်နိုင်ချေပိုရှိပါတယ်။
 
စပျစ်သီးသန္ဓေ ခေါ် molar pregnancy မှာ-
1.complete mole - သားအိမ်မှာ သန္ဓေသားလောင်း လုံးဝမဖွံဖြိုးဘဲ စပျစ်သီးလို အလုံးလေးတွေပဲ တွေ့ရခြင်း နဲ့ 
2.Partial mole - စပျစ်သီးလို အလုံးလေးတွေရော သန္ဓေသားလောင်း(များသောအားဖြင့် အဖတ်တင်လေ့မရှိ) ရော တွဲတွေ့ရခြင်း  ဆိုပီး နှစ်မျိုးရှိပါတယ်။
 
ဘာကြောင့် H.mole ဖြစ်ရတာလဲ?
Embryo ခေါ် သန္ဓေသားလောင်းလေးဖြစ်လာဖို့ဆိုတာ မိခင်ဘက်က egg လို့ခေါ်တဲ့ မမျိုးဥနဲ့ ဖခင်ဘက်က sperm လို့ခေါ်တဲ့ သုတ်ပိုးတို့ ပေါင်းစပ်သန္ဓေအောင်ပြီးမှ ဖြစ်လာရတာပါ။ Embryo ခေါ် သန္ဓေသားလောင်းလေးမှာ chromosomes ၂၃ စုံ ပါရှိပြီး အမေဘက်က မျိုးရိုးဗီဇတဝက်နဲ့ အဖေဘက်က တဝက်နဲ့ ဖွဲ့စည်းထားတာပါ။ 
-Complete mole မှာတော့ အမေဘက်က မမျိုးဥဟာ မျိုးမအောင်ဘဲ မျိုးရိုးဗီဇပါမလာဘဲ အဖေဘက်က မျိုးရိုးဗီဇတွေပဲပါနေတာပါ။ 
-Partial mole မှာတော့ အမေဘက်က မမျိုးဥက ပုံမှန်ဖြစ်ပီး အဖေဘက်က မျိုးရိုးဗီဇ နှစ်ဆပါနေတာပါ။ တနည်းအားဖြင့် မမျိုးဥလေးကို သုတ်ပိုးနှစ်ကောင် မျိုးအောင်လို့ပါ။
 
စပျစ်သီးသန္ဓေတည်ရင် သာမန်ကိုယ်ဝန်နဲ့မတူပဲ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ?
-ကိုယ်ဝန်ပထမ သုံးလအတွင်း မွေးလမ်းကြောင်းမှ သွေးဆင်းခြင်း
-သာမန်ထက်ပို၍ ဆိုးရွားစွာ ပျို့အန်ခြင်း
-စပျစ်သီးကဲ့သို့ အလုံးလေးများ မွေးလမ်းကြောင်းမှ ဆင်းခြင်း
-ဆီးစပ်တင်းခြင်း အောင့်ခြင်း
-ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်တက်ခြင်း
-ကိုယ်ဝန်ဆိပ်တက်ခြင်း ( သွေးပေါင်တက်ခြင်းအပြင် ဆီးထဲတွင် ပရိုတိန်းဓါတ်များပါခြင်း)
-တခါတရံ သိုင်းရွိုက် ဟော်မုန်းများတဲ့ လက္ခဏာတွေတွေ့ရခြင်း (TSH လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်းကို ပိုထွက်စေတဲ့ ဟော်မုန်းနဲ့ဆင်တူတဲ့ beta-hCG ဟော်မုန်းတက်နေလို့ပါ)
 
ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ လုပ်မလဲ?
-အာထရာဆောင်းရိုက်ကြည့်ရင် သားအိမ်ထဲမှာ စပျစ်သီးကဲ့သို့ အရည်အိတ်လေးများကို snow storm (နှင်းမှုန်စက်များ) ပုံစံတွေ့ရမှာပါ။
- သွေးထဲမှာ beta hCG ဟော်မုန်း ပမာဏ များနေမှာပါ။
 
ကုသခြင်း 
Molar pregnancy လို့ရောဂါသိလျှင် သိခြင်း အမြန်ဆုံး ဖယ်ရှားပစ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့  Choriocarcinoma လို့ခေါ်တဲ့ ကင်ဆာဖြစ်နိုင်ချေရှိလို့ပါ။ Suction curettage (Suction machine ခေါ် စုပ်ယူသည့်စက်ဖြင့် သားအိမ်တွင်းရှိ တစ်ရှူးအသားစများကို ဖယ်ရှားခြင်း) သို့မဟုတ် Surgical curettage (ခွဲစိတ်၍ ဖယ်ရှားခြင်း) နည်းလမ်းများဖြင့် ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် သွေးထဲရှိ beta-hCG လို့ခေါ်တဲ့ ဟော်မုန်းပမာဏကို အမြဲစစ်ဆေးနေရမှာပါ။ ဟော်မုန်းပမာဏ ပုံမှန်ပြန်ဖြစ်ပီးရင်လည်း ၆လမှ တစ်နှစ်အတွင်း ကလေးမယူသင့်သေးပါဘူး။ ပြန်ဖြစ်နိုင်ချေရှိလို့ပါ။   
 
H.mole ကို ဖယ်ထုတ်ပြီးရင်တောင် ဟော်မုန်းပမာဏ ဆက်လက်များနေသေးရင်တော့ Persistent Gestational throphoblastic Neoplasia လို့ခေါ်ပါတယ်။ Invasive mole နဲ့ Choriocarcinoma ဆိုပီး နှစ်မျိုးရှိပါတယ်။ဒီအခြေအနေကတော့ complete molar pregnancy တွေရဲ့ ၁၅-၂၀%မှာတွေ့ရပီး partial moles တွေရဲ့ ၅ရာခိုင်နှုန်းလောက်ထိ တွေ့ရတတ်ပါတယ်။  
 
ကျန်းမာပျော်ရွှင်ကြပါစေ။
 
ဇီဝက ဆေး(၁)